မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများနှင့် အရပ်ဝတ် အင်အားစုများ၏ အကြမ်းဖက်မှုများသည် ယခင် စစ်အစိုးရ အဖွဲ့ဝင်များက လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့ဖြစ်သော Justice Trust က ပြောဆိုလိုက်သည်။
မတ်လ ၂၃ ရက်က ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံ၏ အဓိကရုဏ်များ အကြောင်း ဆန်းစစ်ချက်များ အစီရင်ခံစာတွင် ဖော်ပြထား ခြင်း ဖြစ်သည်။
“၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်ကနေ ၂၀၁၄ ခုနှစ် မန္တလေး ဖြစ်ရပ်အထိ ဘာသာရေး အကြမ်းဖက်မှုတွေကို လှုံ့ဆော်နေတာက အရင် စစ်အစိုးရဟောင်းက ခေါင်းမာဂိုဏ်းသားတွေရဲ့ အာဏာတည်မြဲဖို့၊ သူတို့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ပြောင်းမှုအပေါ် ချုပ် ကိုင် ဖို့ ကြိုးပမ်းတာတွေကို ဖော်ပြနေပါတယ်”ဟု Justice Trust ၏ အမှုဆောင် ဒါရိုက်တာ Mr.Roger Normand က ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းစာဆရာများ ကလပ်(FCCT- Foreign Correspondents Club of Thailand) ၌ မတ်လ ၂၃ ရက်တွင် ပြုလုပ်သည့် အစီရင်ခံစာနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် Mr.Roger Normand က ပြောဆိုခြင်း ဖြစ်သည်။
ထိုအစီရင်ခံစာကို အစိုးရသစ် သမ္မတ ဦးသိန်းစိန် တာဝန်ယူပြီး နောက်ပိုင်း ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည် နယ် ပဋိပက္ခ၊ ၂၀၁၄ ခုနှစ်က မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် အစ္စလမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြား ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများ၏ ဖြစ်စဉ် အပေါ်တွင် စစ်တမ်းကောက်ယူ၍ အစီရင်ခံစာ ရေးသားထားခြင်း ဖြစ်ကြောင်း သိရ သည်။
သမ္မတ ဦးသိန်းစိန် လက်ထက်အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မိထ္ထီလာမြို့နှင့် မန္တလေးမြို့တို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာ ရေး ပဋိပက္ခ အသွင်ဆောင်သည့် အကြမ်းဖက်မှုများတွင် ဒေသခံတို့၏ အိုးအိမ်များ၊ အစ္စလမ် ဘာသာဝင်တို့၏ နေအိမ်များကို ဝင်ရောက် ဖျက်ဆီးသူတို့သည် ဒေသခံများ မဟုတ်ဘဲ အကြမ်းဖက်ဂိုဏ်းများမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ဒေသခံ အချင်းချင်း ကို ဘာသာရေးအရ ပဋိပက္ခ ဖြစ်ပွားသည့်အသွင် ဖော်ဆောင်ခံရခြင်း ဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ရေးသားထားသည်။
လက်ရှိအစိုးရ အဖွဲ့အနေဖြင့် ပြုပြင်ပြောင်းလဲမှု အမှန်တကယ် လုပ်ဆောင်နေကြောင်းနှင့် ပြည်သူများအပေါ် အစိုးရက ကာကွယ် ပေးမှုရှိကြောင်း ပြသရန် အတွက် ပဋိပက္ခ ဖြစ်ပွားစေရန် ဖန်တီးနေသည့် လူတစုကို ဖော်ထုတ်အရေးယူရန် လိုအပ်သည်ဟုလည်း Mr. Roger Normand က ပြောဆိုသည်။
ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ Justice Trust မှ စစ်တမ်း ကောက်ယူရာတွင် သက်ဆိုင်ရာ အာဏာ ပိုင်များက မည်သူလုပ်ဆောင်သည်ကို အတည်ပြုပေးခြင်းမရှိဘဲ ပြင်ပမှလူများဟု စွပ်စွဲပြောဆိုခြင်း၊ အစ္စလမ် ဘာသာ ဝင်များဟု စွပ်စွဲ၍ အစ္စလမ် ဘာသာဝင်များကို လက်စားချေရန် လူမှုကွန်ရက်(Facebook) မှ တဆင့် ဒေသခံများကို တိုက်တွန်းခြင်း၊ ရဲအမြောက်အမြားကို အဓိကရုဏ်း ဖြစ်ပွားသည့် နေရာများ၌ အဓိကရုဏ်း မဖြစ်မီ နေရာချ ပေးထားသော်လည်း အချိန်မီ ဥပဒေအရ ကာကွယ်နိုင်ခြင်း ပျက်ကွက်ခဲ့သည့် အချက်တို့ကို ပဋိပက္ခတိုင်း၌ တူညီစွာ တွေ့ရှိခဲ့ရသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
သမ္မတ အကြံပေးလည်း ဖြစ်သည့် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကမူ Justice Trust အစီရင်ခံစာပါ စွပ်စွဲချက်များကို လက်မခံကြောင်း၊ လက်ရှိတာဝန်ယူနေသော အစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များအရ တည် ဆဲ ဥပဒေပါ ပြ ဌာန်းချက်များ အတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်ရတဲ့ အဖွဲ့အစည်း တခုလုံးအနေနဲ့ ဥပဒေအတိုင်း ဆောင်ရွက်ပေမယ့် အဖွဲ့ဝင် တဦးချင်းမှာတော့ မှားယွင်းမှုရှိကောင်း ရှိနိုင်တာပေါ့၊ အဲ့ဒါမျိုးတွေကို အဖွဲ့အစည်းက ပြန်သုံးသပ် ပြင်ဆင်သွားမှာပါ”ဟုလည်း ၎င်းက ပြောဆို သည်။
အဆိုပါ အစီရင်ခံစာကို Hidden Hands Behinds Communal Violence in Myanmar : Case Study of the Mandalay Riots ဟု အမည်ပေးထားပြီး Justice Trust မှ နိုင်ငံတကာ ရှေ့နေများ အပါအဝင် မြန်မာနိုင်ငံရှိ ရှေ့နေများ ကွန်ရက်မှ ရှေ့နေများ၊ ပဋိပက္ခ ဖြစ်ပွားရာဒေသမှ ဒေသခံများနှင့် ပူးပေါင်း၍ ၆ လခန့် မှတ်တမ်းများ ကောက်ယူပြုစုထားခြင်း ဖြစ်သည်ဟု သိရသည်။
အစီရင်ခံစာတွင် ပါဝင်ကူညီခဲ့သည့် ရှေ့နေများ ကွန်ရက်မှ ရှေ့နေ ဦးသိန်းသန်းဦးက“ယူနီဖောင်းဝတ် စစ်သားတွေအစား အရပ် ဝတ် အင်အားစုတွေကို အသုံးချပြီး နိုင်ငံနဲ့တဝန်း အကြမ်းဖက်မှုတွေကို လုပ်နေတဲ့ ကိစ္စပါ၊ နိုင်ငံမှာ လိုအပ်နေတဲ့ အမှန်တကယ် လိုအပ်ချက်တွေကို အာရုံလွှဲနိုင်ဖို့ လူနည်းစုတွေကို ဓားစာခံလုပ် အသုံးချနေတဲ့ ကိစ္စပါ”ဟု ပြောသည်။
ထိုတွေ့ရှိချက်များသည် အာဏာတည်မြဲရေး ကြိုးပမ်းလိုသည့် အင်အားစုတစုက နောက်ကွယ်မှ လုပ်ဆောင်နေသည့် သက်သေများရှိနေပြီး အကြမ်းဖက်မှုကို လှုံ့ဆော်ရာတွင် ရဟန်းဖြစ်သည့် အရှင်ဝီရသူကလည်း တိုက်ရိုက် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အစီရင် ခံစာတွင် ရေးသားထားသည်။
အဓိကရုဏ်းတွင် ကျူးလွန်ခဲ့သူများကို ဥပဒေကြောင်းအရ ရှာဖွေဖော်ထုတ်မှု အစိုးရက ပျက်ကွက်ခဲ့သည့် အပြင် အဓိကရုဏ်းများ ဖြစ်ပွားချိန်မှာ လူထုက တရားမျှတမှု၊ ဒီမိုကရေစီ အခွင့်အရေးများ အရှိန်မြှင့် တောင်းဆိုနေသည့် အချိန်နှင့် အချိန်ကိုက် ဖြစ်နေသဖြင့် အစိုးရက ဒီမိုကရေစီ တောင်းဆိုမှုများကို အာရုံလွှဲလိုက်ခြင်း ဖြစ်သည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။
Justice Trust သည် အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တဖွဲ့ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံရှိ ရှေ့နေများကွန်ရက်၊ သတင်းသမားများနှင့် ဆက်သွယ်၍ မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းပြုစုခြင်း၊ လူ့အခွင့် အရေး ချိုးဖောက်ခံနေရသည့် ဖြစ်ရပ်များတွင် အကူအညီပေးခြင်းများ ပြုလုပ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့်အဖွဲ့ ဖြစ်သည်။