လက်ပံတန်း ကျောင်းသား သပိတ် ဖြိုခွဲ ဖမ်းဆီးခံရသူ ၆၉ ဦးကို ရုံးတင် တရားစွဲ
This article has been converted from Zawgyi One to Unicode
ပဲခူးတိုင်း လက်ပံတန်းမြို့ ကျောင်းသားသပိတ် ဖြိုခွင်းမှု၌ ဖမ်းဆီးခံထားရသည့် ကျောင်းသား ကျောင်းသူနှင့် ဝန်းရံပြည်သူ စုစုပေါင်း ၆၉ ဦးကို ယနေ့နံနက် ၁၀ နာရီတွင် အာဏာပိုင်များက လက်ပံတန်း တရားရုံးတွင် ရုံးတင်စစ်ဆေးပြီး တရားစွဲဆိုကြောင်း စုံစမ်းသိရှိရသည်။
တရားရုံးတွင် ရုံးတင် စစ်ဆေးသည့် ဖမ်းဆီးခံထားရသူ ၆၉ ဦးကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့် ပေးပြီးနောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင် ဆဲ ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုခြင်း ဖြစ် သည်။
လက်ပံတန်းကျောင်းသား သပိတ် ဖြိုခွင်းမှု၌ ဖမ်းဆီးခံထားရ သူများကို ပဲခူးတိုင်း၊ လက်ပံတန်း တရားရုံးတွင် ဒုတိယ အကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ဖမ်းဆီးခံရသူများအတွက် ရှေ့နေလိုက်ပါ ဆောင်ရွက်ခွင့်ကိုလည်း ယနေ့ ခွင့်ပေးလိုက်ကြောင်း တရားလွှတ် တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
“ပြေးနေတဲ့ ၄ ယောက်ရှိနေတဲ့အတွက် အဲဒီကိစ္စကို အရင်စစ်မယ်။ အဲဒါပြီးမှ ဒါကို ဆက်စစ်မယ်လို့ ပြောတယ်။ လက်ပံတန်းမြို့နယ် မြို့မရဲစခန်းက ရဲမှူး ဦးဖုန်းမြင့်က တရားလိုပြုလုပ်ပြီး ပြစ်မှုကြီးအမှတ် ၅၉၃/၂၀၁၅ နဲ့ ရုံးတင်တရားစွဲဆိုပါတယ်”ဟု ရှေ့နေ ဦးရောဘတ်စန်းအောင် က ဆိုသည်။
ဖမ်းဆီးခံထားရသည့် သူများဘက်မှ အခမဲ့ ရှေ့နေလိုက်ပါဆောင်ရွက်နိုင်ရန် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့် ရှေ့နေ အဖွဲ့၊ ရှေ့နေများ ကွန်ရက်မှ ဦးကြီးမြင့်၊ ဦးသိန်းသန်းဦးနှင့် ရှေ့နေအဖွဲ့အပါအဝင် တကိုယ်တော် လိုက်ပါဆောင်ရွက်ပေး မည့် ရှေ့နေများ စုစုပေါင်း ၁၅ ဦးခန့်က လိုက်ပါဆောင်ရွက်ပေးမည်ဟု သိရသည်။
ယနေ့ တရားရုံးတွင် ဖမ်းဆီးခံထားရသူများကို ရုံးထုတ်စစ်ဆေးအပြီး ၎င်းတို့၏ မိဘ၊ ဆွေမျိုးများနှင့် ၁၀ မိနစ်ခန့်စီ တွေ့ဆုံခွင့်ပေး ခဲ့သည်။ တွေ့ဆုံခွင့်ရသူများထဲတွင် တချို့မိဘများသည် တကြိမ် တွေ့ဆုံခဲ့ဖူးသော်လည်း မိဘအများစုသည် ယခုတချိန်သာ ပထမဆုံး တွေ့ဆုံခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။
“ကျမတို့ တကြိမ်မှ တွေ့ခွင့်မရသေးဘူး။ ကျမသားရဲ့ ခေါင်းကို အရိုက်ခံထားရတယ်လို့ ပြောတယ်။ ဘယ်လို အခြေအနေရှိလည်း ကျမသိချင်တယ်။ ကျမသားပါတယ်လို့ သိရတာကလည်း သတင်းတွေ တက်လာမှ သိရတာ။ အခုလို ကလေးတွေကို ကျွဲရိုက်၊ နွားရိုက် ရိုက်တာမျိုးဟာ လူမဆန်တဲ့ လုပ်ရပ်လို့ ကျမမြင်တယ်”ဟု ဖမ်းဆီးခံထားရသည့် ဝန်းရံပြည်သူ ကိုထိန်လင်းအောင်(ခ) ဘိုဘို ၏ မိခင် ဒေါ်နွယ်နွယ်က ပြောသည်။
ယနေ့ တရားရုံးချိန်းအပြီး ဖမ်းဆီးခံရသူများနှင့် တွေ့ဆုံခွင့်ရခဲ့သည့် မိဘ၊ ဆွေမျိုးများ၏ ပြောကြားချက်အရ ဖမ်းဆီးခံရသူများ၏ ကျန်းမာရေးအခြေအနေများသည် စိုးရိမ်စရာ မရှိတော့ကြောင်း၊ တချို့အရိုက်ခံထားရသည့် ဒဏ်ရာများသည် အပြင်ဒဏ်ရာ လုံး၀ နီးပါး ပျောက်ကင်းနေပြီ ဖြစ်ကြောင်း အရိုက်ခံထားရသည့်အရှိန်ကြောင့် တချို့ အတွင်းဒဏ်ရာများသည် ရှင်းရှင်းပျောက်ကင်းမှု မရှိသေးကြောင်း သိရသည်။
“သူတို့တွေအားလုံး ကျန်းမာရေး ကောင်းတယ်လို့တော့ ပြောတယ်။ သူတို့ကို ထောင်ထဲက ဟောခန်းကြီး တခုမှာ စုထားတယ်လို့ ပြောတယ်။ ကျနော့်သားက တဆင့် မှာလိုက်တာတော့ ဝန်းရံပြည်သူ အရပ်သားတွေနဲ့ ကျောင်းသားငယ်တွေကို ပြန်လွှတ်ပေးပါဆိုပြီး မီဒီယာတွေကတဆင့် တောင်းဆိုပေးပါလို့ ပြောတယ်”ဟု ပင်မ ကျောင်းသား သပိတ်စစ်ကြောင်းကို ဦးဆောင်ခဲ့သူ တဦးဖြစ် သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်(ဗကသ)မှ ကိုမင်းသွေးသစ်၏ ဖခင် ဦးသန်းဝင်းက ပြောသည်။
လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းမှုတွင် ရိုက်နှက် ဖမ်းဆီးခြင်း၊ တရားရုံးထုတ် စစ်ဆေးရာတွင် တားဆီးပိတ်ပင်ခြင်းများသည် လူ့အခွင့်အရေး ချိုးဖောက်ရာရောက်သည့်အတွက် ဖမ်းဆီးခံထားရသည့် မိဘ၊ ဆွေမျိုးများက လူ့အခွင့်အရေး ချိုးဖောက် ခံရမှုနှင့် ပတ်သက်၍ တရားစွဲဆိုနိုင်ရန် ကြိုးပမ်းနေကြောင်းလည်း မိဘ တချို့ထံမှ စုံစမ်းသိရသည်။
“ကျောင်းသူတွေကို ဖမ်းတုန်းက ရဲမေတွေက ဒူးခေါင်းကြားထဲညှပ်၊ ခေါင်းကို မော့ခိုင်းပြီး ကြမ်းတမ်းတဲ့ စကားတွေနဲ့ ဆဲတယ်။ နောက် ပါးရိုက်တယ်၊ တချို့ဆို ခေါင်းကို အောက်ဖိထားပြီး ရေနဲ့ ပက်တယ်လို့ ကျနော့်သမီး ပြောပြလို့ ကျနော်သိရတယ်။ ကျနော် တို့ အနေနဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဘက်ကနေ ဘယ်လို တရားစွဲသွားမလဲဆိုတာ တိုင်ပင်နေပါတယ်”ဟု မဟန်နီဦး ဖခင် ဦးထွန်းဦးက ပြောသည်။
ယနေ့ ရုံးထုတ်ရာတွင်လည်း တရားရုံး လုပ်ထုံးလုပ်နည်းနှင့် မညီသည့် အချုပ်ကားများကို တရားရုံးအတွင်း၌ တဆင့်ချင်း ကာရံ ထားခြင်း၊ လာရောက်တွေ့ဆုံသည့် မိသားစုများကိုလည်း စိစစ်ပြီးမှ ဝင်ခွင့်ပေးခြင်း၊ မိသားစုများကို ဖုန်း၊ ကင်မရာများဖြင့် မှတ် တမ်း တင်ခြင်း စသည့် အချက်များကို တွေ့ရှိရသည်။
ဖမ်းဆီးခံထားရသည့် ကျန်ရှိ လူ ၈၀ တွင် ၁၁ ဦးကို အာမခံနှင့် လွှတ်ပေးမည်ဟု အသံများ ထွက်ပေါ်နေသည်။ ညနေ ၃ နာရီခွဲအထိ အာမခံရရှိသည့် ၁၁ ဦးကို သာယာဝတီထောင်မှ ပြန်မလွှတ်သေးကြောင်း သိရသည်။
လက်ပံကျောင်းသား သပိတ် ဖြိုခွဲမှုတွင် မတ်လ ၁၀ ရက်က ၁၂၇ ဦး စတင်ဖမ်းဆီးခဲ့ပြီး မတ်လ ၁၂ ရက်တွင် ၃ ဦးကို ထပ်မံ ဖမ်း ဆီး ခဲ့ရာ စုစုပေါင်း ဖမ်းဆီးခံရသူ ဦးရေ ၁၃၀ ရှိခဲ့သည်။
ထို့နောက် တချို့ကို ပြန်လွှတ်ပေးရာ ယမန်နေ့က အထိ ပြန်လွှတ်ပေးခဲ့သူများ ဖယ်လိုက်လျှင် ကျန်သူ ၈၀ ရှိနေခဲ့သည်။
ထို လူ ၈၀ ထဲမှ ၆၉ ဦးကို ယနေ့ ရုံးထုတ်ခြင်း ဖြစ်ပြီး ကျန် ၁၁ ဦးကို တဦးလျှင် လူ ၂ ဦးက အာမခံကြေး ကျပ် သိန်း ၂၀ ဖြင့် အာမခံ လက်မှတ်ထိုးခိုင်းပြီးနောက် ယနေ့ ညနေပိုင်း၌ ပြန်လွှတ်ပေးခဲ့သည်။
ယင်း ၁၁ ဦးသည် ပုဒ်မ ၁၄၃ ၊ ၁၄၅ ၊ ၁၄၇ တို့ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်ကြောင်း သိရသည်။