အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်ကို မြန်မာ့ ရိုးရာ မဟာ သင်္ကြန် ကာလကျော်လွန်ပြီးနောက် လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ဧရာဝတီသတင်းဌာနနှင့် မတ်လ ၂၅ ရက်နေ့ တွေ့ဆုံစဉ် ထုတ်ဖော် ပြောဆိုလိုက်သည်။
KIA သည် ရန်ကုန်မြို့တွင် ကျင်းပသည့် ၇ ကြိမ်မြောက် ငြိမ်းချမ်းရေး ညှိနှိုင်း အစည်းအဝေးသို့ လာ ရောက် သည့် ခရီးစဉ် အတွင်း သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့နှင့် ပထမဆုံး အကြိမ် တွေ့ဆုံစဉ် ခွင့် ရရှိခဲ့ကြောင်း၊ ယင်းတွေ့ဆုံမှုသည် အပြု သဘော ဆောင် သည့် တွေ့ဆုံမှုဖြစ်ပြီး KIA ၏ သဘောထားများကို ပွင့်ပွင့် လင်းလင်း အသိပေးပြောဆိုခဲ့ကြောင်း ဗိုလ်ချုပ် ဂွန်မော် က ဆိုသည်။
“ကျနော်တို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အောင်မြင်အောင်လုပ်မယ်။ ဒီစာချုပ် ချုပ်ပြီး တဲ့ နောက်ပိုင်းမှာ နောက်ထပ် စစ်ရေးပြင်ဆင်မှုတွေ လုပ်စရာမလိုတဲ့ အခြေအနေမျိုးကို ကျနော်တို့က မျှော်မှန်းတယ်လို့ ပြောတဲ့အခါမှာ သူ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) ကလည်း ကျနော်တို့ဆီက ဒီလို စကား မျိုး ကြားရတာ တကယ်စိတ်ချမ်းသာတယ်လို့ အဲ့လို ပြောပါတယ်” ဟု ဗိုလ်ချုပ်ဂွန်မော်က ပြော သည်။
သမ္မတ၊ ကာချုပ် တို့နှင့်တွေ့ဆုံပြီးနောက် ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) တွင် ကျင်းပ သည့် ၇ ကြိမ် မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ယခင်ထက်ပိုမို၍ ကောင်းမွန်လာကြောင်း၊ သို့ရာ တွင် ငြိမ်းချမ်းရေး ဆွေးနွေးသည့် အချိန် တွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားခြင်းကြောင့် ဆွေးနွေးပွဲ နှောင့်နှေးစေကြောင်း ၎င်းက ရှင်းပြသည်။
မတ်လ ၃၀ ရက်နေ့ ပြန်လည် စတင်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်မူ အပစ်ရပ်ရေး စာချုပ် မူကြမ်း ဆွေးနွေး သဘော တူ ဖွယ်ရှိသည်ဟု မျှော်လင့်ရပြီး သင်္ကြန်ကာလကျော်လွန်လျှင် အပစ်ရပ်ရေး လက် မှတ်ထိုးရေး ဖြစ်နိုင် ဖွယ်ရှိ ကြောင်း သိရှိရသည်။
“အပစ်အခတ် ရပ်စဲရေး စာချုပ်ဟာ သိပ်မကြာဘဲနဲ့ နှစ်ဖက်အပြန်အလှန် လက်မှတ်ထိုးတဲ့အဆင့် ရောက်သွား နိုင်ပါတယ်။ ဒါပေမယ့် လက်မှတ်ထိုးတဲ့အဆင့်က ငြိမ်းချမ်းရေးတော့ မဟုတ်နိုင်ဘူး။ ခုနက ကျနော်ပြောသလိုပဲ လက်မှတ် ထိုးထား ပြီး ရင် ဆွေးနွေးရမယ့် ကိစ္စတွေက အခုထက်ပိုပြီး ခက်ခဲပါတယ်။ ဒါကြောင့်မို့ လက်မှတ်ထိုးတာဟာ ငြိမ်းချမ်းရေး ရသွား တာ မဟုတ်ဘူးလို့ ကျနော်က တော့ အားလုံးကို ကြိုတင်ပြီး ပြောထားချင်ပါတယ်။ သင်္ကြန်နောက်ပိုင်းမှာတော့ ကျနော်တို့ရဲ့ သဘော တူညီမှု အရ မြန်သွားနိုင်ပါတယ်၊ သို့သော် သင်္ကြန်မတိုင်ခင်မှာလည်း ဒါမဖြစ်နိုင်ပါဘူး” ဟု ဗိုလ်ချုပ်ဂွန်မော်က ပြောဆိုသည်။
၇ ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၁၇ ရက်မှ ၂၂ ရက်အထိ ၆ ရက်ကြာ ကျင်းပခဲ့ပြီး NCCT မှ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဗိုလ်ချုပ် ဂွန်မော်၊ ပဒိုစောကွယ်ထူးဝင်းတို့ တက်ရောက်ခဲ့ကာ အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ ပါဝင် တက်ရောက်ခဲ့ကြောင်း ၊ ဆွေးနွေးပွဲသို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ ABSDF ၊ လားဟူအဖွဲ့နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု (NDAA) မိုင်းလားအဖွဲ့တို့က လေ့လာသူ အဖြစ် တက်ရောက်ပြီး ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။