Ethnic Issues

တိုက်ပွဲကြောင့် နမ့်ခမ်း ဒေသခံ ၂၀၀၀ ခန့် စစ်ဘေးရှောင်နေရ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းရွာအနီးတွွင် အစိုးရတပ်မတော်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။

အဆိုပါ ဒေသခံများသည် တိုက်ပွဲများကြောင့် နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေကြောင်း၊ ယခုနောက်ပိုင်းတွင် တိုက်ပွဲများ ပိုပြင်းထန်လာသဖြင့် ဒုက္ခသည် ဦးရေမှာလည်း တိုးလာနေကြောင်း ဟိုနားကျေးရွာတွင် ဒုက္ခသည်များကို ကူညီဆောင်ရွက်နေသည့် ဦးလေးမောင်က မတ်လ ၂၅ ရက်နေ့တွင် ဧရာဝတီသို့ ပြောသည်။

ဦးလေးမောင်က “၆ ရွာလောက် ထွက်ပြေးလာတယ်။ မနက်ကတော့ စာပေယဉ်ကျေးမှုက ဆန် ၄ အိတ်ပေးထားတယ်။ ဟင်းဖိုး ၂ သိန်း ပေးထားတယ်။ အလှူရှင်တွေကလည်း ရောက်လာပြီ။ တချို့တွေကတော့ နီးစပ်ရာအိမ်မှာ ထားရတယ်။ တချို့က နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ ထားရတယ်။ ဆက်ရောက်လာမယ့် ဒုက္ခသည်တွေအတွက် မဏ္ဍပ် လုပ်ပေးနေရပါတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်လာသည့် ကျေးရွာ ၆ ခုတို့မှာ ကောင်းဝိုင်း၊ မန်ကောင်း၊ ပန်ခါး၊ မန်ကန်၊ မန်စန်းနှင့် အွယ်လောကျေးရွာတို့မှ ဒေသခံများဖြစ်ကြောင်း သိရသည်။

ယခုလအတွင်း မြန်မာအစိုးရနှင့် TNLA တို့ကြား တိုက်ပွဲ ၂၀ ကျော် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတချို့ကြောင့် မတ်လ ၂၀ ရက်နေ့တွင် နမ့်ဖက်ကာမြို့နှင့် မူဆယ်မြို့ကြားတွင် ကားလမ်းများ နာရီပိုင်း ပိတ်ခဲ့ရကြောင်း၊ ယခုနောက်ပိုင်း တပ်မတော်ကလည်း စစ်အင်အား တိုးချဲ့နေကြောင်း TNLA မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး တာအိုက်ကျော်က ဧရာဝတီသို့ ပြောသည်။

ဗိုလ်ကြီး တာအိုက်ကျော်က “အရင်တုန်းကလည်း လက်နက်ကြီးတွေ ရွာထဲကျပြီး ပြည်သူတွေကို ထိခိုက်တာတွေ ရှိခဲ့ဖူးတယ်။ အဲဒါကို ပြည်သူတွေက ကြောက်လန့်ပြီး နမ့်ခမ်းမြို့နဲ့ နီးတဲ့နေရာမှာ သွားရှောင်နေကြတာပါ။ ကျနော်တို့နဲ့ အစိုးရ တိုက်ပွဲတွေက ဒီထက် ပြင်းထန်လာနိုင်တယ်”ဟု ပြောသည်။

လားရှိုးမြို့မှ မူဆယ်မြို့သို့ ပြေးဆွဲနေသည့် ကားသမားတဦးကလည်း “တိုက်ပွဲတွေကြောင့် ခရီးသွား ဧည့်သည်တွေအတွက် အရမ်း အခက်ကြုံတယ်။ ဒီလ ၂၀ရက်နေ့ကဆိုရင် တိုက်ပွဲကြောင့် မူဆယ်-ကွတ်ခိုင် ကားလမ်း ခဏပိတ်ထားရတဲ့ အဆင့်ပဲ။ ဒီလမ်းကို အသုံးပြုရတာ ခပ်လန့်လန့် ဖြစ်နေပြီ” ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရနှင့် TNLA တို့သည် ၂၀၁၃ ခုနစ် ဇူလိုင်လ ၃၁ ရက်နေ့က မူဆယ်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော်လည်း အဖြေတစုံတရာ မရရှိသည့်အပြင် ထပ်မံတွေ့ဆုံမှု မရှိတော့ပေ။

Loading