နိုင်ငံရေး ပါတီများ ရုံးခန်းဖွင့်လှစ်နိုင်ရန် အတွက် အစိုးရ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တိုက်ခန်းများ စီစဉ်နေကြောင်း သိရ သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပထမအဆင့် အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းအိမ်ရာ စီမံကိန်း တွင် အိမ်ခန်း စုစုပေါင်း ၂၄ ခန်းပါသည့် အဆောက်အအုံရှိ အခန်းများကို ရောင်းချပေးခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်ပေးရန် စီစဉ်နေ ခြင်း ဖြစ်သည်ဟု နိုင်ငံရေး ပါတီတချို့က ပြောသည်။
ပါတီများက အခန်း ဝယ်ယူမည်ဆိုပါက ဈေးနှုန်းများမှာ တိုက်ခန်း တခန်းလျှင် ကျပ် သိန်း ၁၀၀ မှ ကျပ် ၁၂၅ သိန်း နှင့် အထပ်ပေါ် မူတည်၍ သတ်မှတ်ထားကြောင်း၊ ငှားရမ်းပါက တလလျှင် တခန်းအတွက် ကျပ် ၄ သောင်း သတ်မှတ်ထားကြောင်း သိရသည်။
ယင်းအစီအစဉ်ကို စိတ်ဝင်စားသည့် နိုင်ငံရေးပါတီများ အနေဖြင့် လျှောက်ထားနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြားဝင် ဆောင်ရွက်ပေးမည်ဟု ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက“ကျနော်တို့နဲ့က ဘာမှ မဆိုင်ပါဘူး။ ပါတီတွေအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက တိုက်တလုံး ဆောက်တယ်။ အဲဒါကို နိုင်ငံရေး ပါတီတွေအတွက် ရည်ရွယ်တယ်။ ပါတီတွေ ငှား ရင်ငှား၊ ဝယ်ရင်ဝယ် ရုံးအနေနဲ့ သုံးချင်သုံးလို့ ရတယ်။ ပါတီတွေကို အဲဒါလေး အကြောင်းကြားပေးပါ၊ လုပ်ပေးပါ ဆိုပြီး အစိုးရ အဖွဲ့ကနေ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို စာပို့တာ။ ဒါကြောင့်မို့ ရွေးကောက်ပွဲ ကော်မရှင်ကနေပြီး ကြားကနေ ဝင်ပြီး တော့ လုပ်ပေးတာပါ”ဟု ပြောပြသည်။
နိုင်ငံရေးပါတီများ အနေဖြင့် ပါတီရုံးခန်းများ ဖွင့်လှစ်ရန် အတွက် ယင်းတိုက်ခန်းများကို ဝယ်ယူ၊ ငှားရမ်းလိုပါက လျှောက်လွှာများကို ဦးကိုကို ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၊ ဖုန်း ၀၁-၂၁၇၅၄၂ ထံသို့ ၃၁. ၃. ၂၀၁၅ နောက်ဆုံး ပေးပို့ လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားထားသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ပြီးသား နိုင်ငံရေး ပါတီပေါင်း ၇၁ ပါတီ ရှိပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP) မှ လွဲပြီး တခြားသော ပါတီအများစုသည် ရန်ပုံငွေ အခက်အခဲများ ရင်ဆိုင်နေရပြီး ပါတီရုံးခန်း ဖွင့်လှစ်ရန် အခက်အခဲများ ရှှိနေသည့်အတွက် ယခုအစီအစဉ်သည် နိုင်ငံရေး ပါတီများအတွက် အထောက်အကူ တစုံ တရာ ရရှိနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
တိုက်ခန်းများ ရောင်းချ၊ ငှားရမ်း ပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၀ရက်တွင် နိုင်ငံ ရေး ပါတီများသို့ အကြောင်းကြားစာ ပေးပို့ထားသော်လည်း ပါတီတချို့က မသိရှိသေးကြောင်း၊ လက်ခံရရှိသည့် ပါတီများကလည်း ယခုအချိန်အထိ မည်သည့် ဆုံးဖြတ်ချက်မျိုးမှ မချရသေးကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့က ပြောဆိုသည်။
“ဒါက ထူးထူးဆန်းဆန်းပဲ။ နိုင်ငံရေးပါတီ ထောင်လာတာ အန်ကယ်တို့လည်း အနှစ် ၂၀ ကျော်ပြီ။ တခါမှ ဒီလို ကော်မရှင်က ဖြစ်ဖြစ် အစိုးရကပဲ ဖြစ်ဖြစ် တိုက်ခန်းတွေ ရောင်းချပေးမယ်လို့ ငှားရမ်းပေးမယ်လို့ မကြားဖူးဘူး။ အခုမှ ဒီလိုဆိုတော့ အထူးအဆန်း ဖြစ် နေတာပေါ့။ ပြောဖို့လည်း ခက်တယ်”ဟု ရခိုင်အမျိုးသား ပါတီ (ANP) ဗဟို အလုပ်အမှုဆောင် ဦးအေးသာအောင်က ပြော သည်။
ဖက်ဒရယ် ပြည်ထောင်စု ပါတီ(FUP) ၏ ဒုဥက္ကဋ္ဌ-၂ ဦးစောသန်းမြင့်ကမူ ယခု အစီအစဉ်သည် အစိုးရအနေဖြင့် စည်းရုံးရေး အသွင် ဆောင်နေသည်ဟု ပြောဆိုသည်။
“ဒါ လက်ရှိ အစိုးရအနေနဲ့ စည်းရုံးရေး အသွင်ပုံစံ ပေါက်တယ်။ ပါတီစည်းရုံးတာ မစည်းရုံးတာက သူတို့အလုပ်။ ပါတီတွေက သူ့မူကိုယ့်မူနဲ့ သွားကြတာ။ ဒီလိုပုံစံနဲ့ စည်းရုံးရေးလုပ်လို့ မရပါဘူး။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ရမှာပေါ့”ဟု ၎င်းက ဧရာဝတီသို့ ပြော သည်။