ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးဟောင်းအတွင်း ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သော ပါတီပွဲသည် ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)၏ သမီး ဒေါ်သီသီထွန်း၏ မွေးနေ့ပွဲပါတီ မဟုတ်ကြောင်း အဆိုပါ ပါတီပွဲနှင့်ပတ်သက်၍ စစ်ဆေးခဲ့သော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
မြန်မာ့သမိုင်းဝင် အမွေအနှစ်ဖြစ်သည့် ဝန်ကြီးများရုံးဟောင်း(အတွင်းဝန်ရုံး) အတွင်း ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ထွန်းကြည်၏ သမီး ဒေါ်သီသီထွန်း မွေးနေ့ပါတီ ကျင်းပသည်ဆိုသော သတင်းနှင့်ဓာတ်ပုံများ ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံခဲ့ခြင်းနှင့် ပတ်သက်၍ ယင်း နေရာကို ခွင့်ပြုချက်ပေးခဲ့သည့် MIC က ပြန်လည် စိစစ်၍ ပြောဆိုခြင်းဖြစ်သည်။
ဦးအောင်နိုင်ဦးက“ကျနော် MIC အတွင်းရေးမှူးအနေနဲ့ စိစစ်တာပါ။ တယောက်တည်းပဲ ခေါ်ပြီးမေးလိုက်တာပါ။ အနော်မာ အဖွဲ့က ဒေါ်လဲ့ရည်စိုးကို ခေါ်လိုက်တာပါ။ မေးတဲ့အခါမှာ အဲ့ဒီရက်က ဒေါ်သီသီထွန်း မွေးနေ့မဟုတ်ဘူးလို့ သိရပါတယ်။ ဧည့်ခံပွဲလုပ်တာ တော့ မှန်ပါတယ်။ ဖေ့စ်ဘုတ်မှာ ပါတဲ့ မွေးနေ့ပွဲမဟုတ်ဘူး ဆိုတာတော့ ကျနော့်မေးမြန်းချက် အရရော၊ အဲ့ဒီပွဲကို တက်ခဲ့တဲ့ ကျနော့် မိတ်ဆွေ ပြောပြချက်အရရော သိရပါတယ်”ဟု ပြောဆိုသည်။
MIC အနေဖြင့် အတွင်းဝန်ရုံးကို ပြတိုက်နှင့် အခြားသော ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အနော်မာ အဖွဲ့ကို ခွင့်ပြုခဲ့သည်ဟု ဆိုသော်လည်း လုပ်ပိုင်ခွင့်ထက် ကျော်လွန်သည့်အချက်များ ဆောင်ရွက်ပါက နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေ CIL တွင် ပါရှိသည့် အချက်များအတိုင်း အရေးယူနိုင်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန့်ဇင်ကြိုင်က“MIC အနေနဲ့ စီမံခန့်ခွဲရေး ပြစ်ဒဏ် တွေတော့ ရှိတာပေါ့။ သတိပေးတာတို့၊ အခွန်ကင်းလွတ်ခွင့်တွေ ရုပ်သိမ်းတာတို့၊ ပါမစ်ကို ပြန်လည် ရုပ်သိမ်းတာတို့ ဒါမျိုးတွေကတော့ ရှိပါတယ်။ ဒါက စိစစ်မှုလုပ်ပြီးမှသာလျှင် ကွင်းဆင်းစစ်ဆေးတာတွေ ပြီးမှသာ နောက်လာမယ့် ကိစ္စပါ”ဟု ပြောပြသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖေ့စ်ဘုတ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံနှံ့ခဲ့သည်မှာ ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)၏ သမီး ဒေါ်သီသီထွန်း၏ မွေးနေ့ပါတီကို ပြီးခဲ့သည့် ၂၁ ရက် က ကျင်းပခဲ့သည့် အကြောင်းများဖြစ်ပြီး ထိုပါတီပွဲအတွင်းမှ ဓာတ်ပုံများကို ကွယ်လွန်ခဲ့ပြီ ဖြစ်သော မဆလ အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်း ၏ မြေးဖြစ်သူ ဦးအေးနေဝင်းက ၎င်း၏ ဖေ့စ်ဘုတ်တွင် တင်ခဲ့ရာမှ စတင် ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ပျံ့နှံ့ခဲ့သည့် ဝေဖန်မှုများတွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ အဆိုပါပွဲနှင့် ပတ်သတ်သည့် ဝေဖန်မှုများလည်း အပါအဝင်ဖြစ်သည်။
၎င်းက ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အတွင်းဝန်ရုံးကို ပူးပေါင်းထိန်းသိမ်းမှု ပါဝင်သော ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (YHT) အနေဖြင့် ပြန်လည် သုံးသပ်သင့်သည်ဟု ဝေဖန်ခဲ့သည်။
ယင်းကဲ့သို့သော ဝေဖန်မှုများနှင့် ပါတီပွဲဖြစ်စဉ်အပေါ်တွင် MIC အဖွဲ့ဝင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က“ဒီနေရာကြီးရဲ့ တန်ဖိုးထားမှုကိုပဲ ပြောချင်တာပါ။ သက်ဆိုင်ရာ တာဝန်သိတဲ့သူတွေက တာဝန်ယူပြီးရှင်းရမှာပေါ့။ သတ်မှတ်ထားတာတွေရှိရဲ့နဲ့ မလိုက်နာတာဆိုရင် ဒါကဝမ်းနည်းစရာပေါ့။ ဆရာတို့ နားလည်ထားတာတော့ ဒါတော့ လုပ်ရတယ်။ ဒါတော့ မလုပ်ရဘူးဆိုတဲ့ လုပ်ထုံး လုပ်နည်းတွေ ကို လိုက်နာရမှာပေါ့။ မလိုက်နာဘူးဆိုရင်တော့ ဒါဟာမဖြစ်သင့်တဲ့ ကိစ္စပါပဲ”ဟု ပြောသည်။
ယခုအခြေအနေအရ ဦးအောင်နိုင်ဦးက ၎င်း၏စိစစ်မှုများကို MIC အဖွဲ့ဝင်များသို့ မကြာခင်ပြုလုပ်မည့် အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များအားလုံး၏ ဆုံးဖြတ်ချက်ဖြင့် ထပ်မံစစ်ဆေးမှုများ လုပ်သင့်မလုပ်သင့်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
လက်ရှိ ဦးအောင်နိုင်ဦး၏ စစ်ဆေးမှုအရဆိုပါက အနော်မာအဖွဲ့အနေဖြင့် ၎င်းတို့၏ ရှေ့ဆက်လုပ်ဆောင်မည့် Business plan နှင့် ပတ်သက်၍ စိတ်ဝင်စားသူများကို တစုတစည်းတည်း ခေါ်ယူဧည့်ခံခြင်းဖြစ်ကြောင်း၊ ဖေ့စ်ဘုတ်ပေါ်တွင်ပျံ့နှံ့ခဲ့သော ဒေါ်သီသီထွန်း ၏ မွေးနေ့မဟုတ်ကြောင်း ပြောဆိုထားသည်။