၂၀၁၅ နှစ်ကုန်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို ဥရောပ သမဂ္ဂ(EU)နှင့် အမေရိကန် နိုင်ငံ အခြေစိုက် ကာတာ စင်တာတို့က တရားဝင် စောင့်ကြည့် လေ့လာခွင့် ရရှိထားကြောင်း EU(မြန်မာရုံး)က ပြောကြားသည်။
ယခုကဲ့သို့ ပြည်တွင်း၌ ကျင်းပသည့် ရွေးကောက်ပွဲတခုအား နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများကို ခွင့်ပြုခြင်းသည် နှစ်ပေါင်း ၆၅ နှစ် အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။
EU(မြန်မာရုံး)မှ အမည်မဖော်လိုသည့် တာဝန်ရှိသူတဦးက“တရားဝင်ဖိတ်စာ မလာသေးပေမယ့် အစိုးရက အကြောင်းကြားထားပြီ။ ဧပြီလကုန်ပိုင်းလောက်မှာ ဖိတ်စာလာမယ်။ ကာတာ စင်တာနဲ့ EU က ရွေးကောက်ပွဲကို Long Term စောင့်ကြည့်ခွင့်ရတယ်။ ရွေးကောက်ပွဲ မတိုင်ခင် ၅ လလောက် အလိုကတည်းက ကြိုလာမှာ။ ကြိုလာပြီး တနိုင်ငံလုံးရဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်တာတွေ အားလုံးကို စောင့်ကြည့်မှာ”ဟု ဧရာဝတီသို့ ပြောသည်။
သမ္မတရုံး ဝန်ကြီး တဦးဖြစ်သူ ဦးစိုးသိမ်းကလည်း ရွေးကောက်ပွဲတွင် EU နှင့် ကာတာစင်တာတို့ကို အစိုးရက တရားဝင်ဖိတ်ခေါ်မည်ဟု ၂၀၁၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ဖိုရမ်တခုတွင် ပြောဆိုခဲ့ကြောင်း Reuters သတင်းဋ္ဌာနက ဖော်ပြသည်။
ဦးစိုးသိမ်းက“လာမယ့် အထွေထွေ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်ဆိုတာ သေချာစေဖို့အတွက် ကာတာ ဖောင် ဒေးရှင်းနဲ့ EU တို့ကို့ လေ့လာစောင့်ကြည့်ဖို့ ကျနော်တို့ ခွင့်ပြုသွားမှာပါ။ အဲဒါဟာ နှစ်ပေါင်းများစွာအတွင်းမှာ ဒီမိုကရေစီ နည်းလမ်း ကျ ရွေးကောက်ခဲ့ပြီးတဲ့ အစိုးရလက်ထက်မှာ ကျင်းပတဲ့ ပထမဦးဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ကာတာ စင်တာသည် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ က ၁၉၈၂ ခုနှစ်တွင် စတင် တည်ထောင်ထားခြင်းဖြစ်ပြီး ကမ္ဘာတဝန်း ငြိမ်းချမ်းရေး နှင့် ကျန်းမာရေး တိုးတက်မှု များအတွက် အဓိက ဆောင်ရွက်သည့် အဖွဲ့ ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိစေရန် အတွက် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့များကို ခွင့်ပြုပေးရန် သမ္မတဟောင်း ဂျင်မီကာက ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်က စစ်အစိုးရ ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင်လည်း ပြည်ပမှ ရွေးကောက်ပွဲ ဆိုင်ရာ စောင့်ကြည့်သူများကို လေ့လာခွင့် မပေးခဲ့ပေ။
အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် နိုင်ငံရေးထဲသို့ ဝင်ရောက်ခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အရှေ့တောင်အာရှ နိုင်ငံများမှ လေ့လာစောင့်ကြည့်သူ တချို့ကိုသာ ဖိတ်ခေါ်ခဲ့သည်။
လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းတွင် ကျင်းပနိုင်ဖွယ်ရှိသည် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ကို ဧပြီလကုန် နောက်ဆုံးထားပြီး ပြုလုပ်ကြရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။