မြန်မာနိုင်ငံ ခံစားနေရသည့် ဝေဒနာများကို အလုံးစုံ ပျောက်ကင်းသွားစေနိုင်သည့် ဖြေဆေးမှာ မြန်မာ့တပ်မတော်ကို ပရော်ဖက်ရှင်နယ် တပ်မတော်တခု ဖြစ်လာအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက အခိုင်အမာ ပြောနေကြသည်ကို လတ်တလော ကြားနေရခြင်းက စိတ်မသက်သာစရာ ဖြစ်သည်။ တကယ်တမ်းတွင်မူ ဗမာလူမျိုး အများစုက ကြီးစိုးထားသည့် တပ်မတော်ကို ရက်စက်သည့် လက်နက်ကိုင် စီးပွားရေးလုပ်ငန်း တခု အဖြစ်နှင့်ရော၊ အကျိုးအမြတ် ရှာဖွေသည့် စစ်ရေးယန္တရားတခု အဖြစ်နှင့်ပါ မြင်ခဲ့ကြရပြီး ဖြစ်သလို ဆက်လက်၍ လည်း တွေ့မြင်နေရဆဲ ဖြစ်ပါသည်။
ကနေဒါက စစ်ရေးသုတေသီ အဒမ်ပီမက်ဒေါ်နယ် (Adam P.MacDonald) ပြောသလို “ခေါင်းဆောင်ပိုင်းကို ပညာပေးခြင်း အားဖြင့် မှောင်မိုက်သည့် လမ်းဟောင်းများမှ ခွဲထွက်နိုင်ရေး” ဆိုသည်မှာ ကမ္ဘာက မြင်တွေ့ ခဲ့ရပြီး ဖြစ်သော အီရတ်နှင့် အာဖဂန်နစ္စတန်တွင် နိုင်ငံတကာ၏ စွက်ဖက်မှု ကျရှုံးခဲ့ရခြင်းနှင့် အလားသဏ္ဌာန်တူ မိုက်မဲမှု ဖြစ်သည်။ သူတို့ကိုယ် သူတို့ မြန်မာနိုင်ငံကို ကယ်တင်ရန် ရောက်ရှိလာသည်ဟု ယူဆထားကြသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အဆိုပါ လမ်းကြောင်းပေါ်တွင် အလားတူ ရောက်နေပြန် ပါသည်။
ပထဝီနိုင်ငံရေး အရ ဗျူဟာမြောက်သည့် နေရာတွင် ရှိပြီး လူသားနှင့် သဘာဝ အရင်းအမြစ်လည်း ကြွယ်ဝသည့် နိုင်ငံ ဖြစ်သော မြန်မာပြည် အတွက် ထိရောက်အောင်မြင်သော အဖြေများ ရရှိနိုင်ရန် စစ်တပ် ပြုပြင်ပြောင်းလဲရေး သို့မဟုတ် လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး Security Sector Reform (SSR) နှင့် ပတ်သက်၍ ရင်ဆိုင်ရမည့် အရေးပါသော ပကတိ အမှန်တရား အမြောက်အမြား ရှိနေပါသည်။ အဆိုပါ နားလည်မှုသည် တပ်မတော်သည် အာဏာရှိခဲ့သူများသာ ဆက်လက်၍ အာဏာရှိနေဆဲ ဖြစ်သည့် ပြင်းထန်စွာ ဖိနှိပ်အုပ်ချုပ်မှု၏ ပင်မ အစိတ်အပိုင်း တခုဟု သိမြင်ထားခြင်းကို အခြေခံရမည် ဖြစ်သည်။
အလွယ်ဆုံး ပြောရလျှင် ဗမာစစ်ဗိုလ်ချုပ်များက စစ်တပ်ကို တိုင်းရင်းသား လူနည်းစုများကို လွှမ်းမိုးနိုင်ရန် အုပ်ချုပ်ရေး ယန္တရား၏ အဓိက အစိတ်အပိုင်း တခုအဖြစ် အားထုတ် ပုံဖော်ခဲ့သည်၊ ချုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံ စီးပွားရေး၏ အခြေခံများ ဖြစ်သည့် သဘာဝအရင်းအမြစ် အများစု ရှိနေသော၊ ရေအားလျှပ်စစ် ထုတ်ယူရန် အလားအလာ ကောင်းသည့် နေရာများ၊ နိုင်ငံတကာနှင့် ကုန်သွယ်ရန် အတွက် နယ်စပ်များကို ပိုင်ဆိုင်ထားသော တိုင်းရင်းသားတို့၏ ဘိုးဘွားပိုင် မြေများကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် တပ်မတော်သည် ကာကွယ်ရေး အတွက် မဟုတ်ဘဲ အကျိုးအမြတ် ရရှိရေး အတွက် ရည်ရွယ်သည့် အစိုးရနှင့် ဆက်စပ်နေသော လက်နက်ကိုင် တပ်ဖွဲ့သာ ဖြစ်ခဲ့သည်။ စစ်ခေါင်းဆောင်များကို အသိပညာ ပြည့်ဝ၍ တာဝန်သိသူများ ဖြစ်လာအောင် ပြုလုပ်ရေးသည် ထိုအမှန်တရားနှင့် ချိတ်ဆက်ရန် မလွယ်ပါ။
မြန်မာပြည်တွင်း ခြေချပြီးနေသော နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ယင်းတို့သည် စိတ်မသက်သာစရာ ဖြစ်သည် နှင့် အမျှ ပြောင်းလဲ မရနိုင်သည့် အကြောင်းမှန်များကို ရင်ဆိုင်ရန် ဖြတ်လမ်းနည်း မရှိပါ။ ကျော်ဖြတ်နိုင်ပြီ ဆိုလျှင်တော့ မြန်မာနိုင်ငံမှ များပြားသည့် တိုင်းရင်းသားများ၏ သဘာဝကို အလေးထားသည့် ထိရောက်သော အဖြေများ ရရှိကောင်း ရရှိနိုင်လိမ့်မည် ဖြစ်သည်။
ထိုသို့ဆိုလျှင် ပထမဦးဆုံး ပြုပြင်ရမည့် အမှားမှာ ဗမာနှင့် ဗမာ မဟုတ်သည့် တိုင်းရင်းသားများ ဆိုသည့် အယူအဆမှ ဝေးကွာ ကင်းလွတ်နေမှု ဖြစ်သည်။ ယင်းသည် မည်သည့်ဘက်တွင် ရပ်တည်နေစေကာမူ တစုံတယောက်၏ စိတ်အလိုပေါ် မူတည်ပြီး ဖြစ်လာသော လူဆိုး လူကောင်း သတ်မှတ်ခွဲခြားမှု အမြင်ကို မြှင့်တင်ပေးနေသည်။ ယနေ့ မြန်မာနိုင်ငံတွင် အဓိက လုပ်ဆောင်ရမည်မှာ တိုင်းရင်းသား ပြည်နယ်များ၏ အခွင့်အရေးကို အသိအမှတ်ပြုရေးသည် သာလျှင် ရေရှည်တည်တံ့ပြီး အောင်မြင်သည့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာရန် တခုတည်းသော အခြေခံ အချက်ဖြစ်ကြောင်း အစိုးရက အသိအမှတ် ပြုရန် ဖြစ်သည်။
ပထမဆုံး အနေဖြင့် “နိုင်ငံရေးတွင် တပ်မတော်က ပါဝင်နေခြင်း” အပေါ် သုံးသပ်ရှုမြင်ရာတွင် မေ့လျော့ကျန်နေသည့် အချက်များ ရှိနေခြင်း ဖြစ်သည်။ တပ်မတော်အလိုကျ အခြေခံဥပဒေကို ရေးဆွဲခြင်း၊ စစ်ဗိုလ်ချုပ်များကို အရေးယူ အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ လွှတ်တော်နှင့် အခြားသော အစိုးရ၏ ဆုံးဖြတ်ချက် ချမှတ်ခြင်းများတွင် စစ်တပ်၏ ထိန်းချုပ်မှုကို ခိုင်မာအောင် လုပ်ခြင်း အစရှိသည့် ထင်ရှားသော လက္ခဏာများ အားလုံးသည် တိုင်းရင်းသားများ၏ ဒေသကို ထိန်းချုပ်ရန်ဟု ညွှန်ပြနေသည်။ တပ်မတော် သီဆိုနေသော တေးသွားသည် တိုင်းရင်းသား လူနည်းစု ဒေသများကို ထိန်းချုပ်ပြီး စီးပွားရေး အကျိုးအမြတ် ရှာရန် ဖြစ်သည်။
မှန်ကန်စွာ ဖော်ပြရလျှင် “နိုင်ငံရေးတွင် စစ်တပ် ပါဝင်နေခြင်း” ကြောင့်မဟုတ်ဘဲ “စီးပွားရေး အကျိုးအမြတ် ရှာဖွေရာတွင် စစ်တပ်က ပါဝင်နေခြင်း” ကြောင့် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် ကျန်အရာများတွင် စစ်တပ်နှင့် စီးပွားရေး အင်အားကို ထိန်းချုပ်သူများ အတွက် ဆုလာဘ်များ ဖြစ်နေ သောကြောင့် ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ယနေ့ အခိုင်အမာ အမြစ်တွယ်နေသည့် ဖိနှိပ်ကန့်သတ်လိုသည့် စိတ်ဓာတ်၊ နည်းလမ်းများနှင့် ယန္တရားတို့ကို ဖော်ထုတ်ဖြေရှင်းရေးသည် “ပရော်ဖက်ရှင်နယ် တပ်မတော်” ဖြစ်လာရေးထက် များစွာ ပို၍အရေး ကြီးပါသည်။ နိုင်ငံရေးသည် စီးပွားရေး အကျိုးအမြတ် အတွက် အထောက်အကူသာ ဖြစ်နေပြီး လက်အောက်ခံသာ ဖြစ်သည်။
ဒုတိယ အနေဖြင့် အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အနောက်တောင် အာရှတွင် လွန်ခဲ့သော ၁၃ နှစ် ကတည်းက အားကောင်းပြီး ဗဟိုက ထိန်းချုပ်သည့် အစိုးရများ၊ စစ်တပ်များကို အလိုအလျောက် အားပေးခဲ့သည့် အမှား များစွာနှင့် ပါဝင်ပတ်သက်နေမှုကိုလည်း သဘောပေါက်သင့် ပါသည်။ အာဖဂန်နစ္စတန်နှင့် အီရတ်တွင် စုံလင် ကွဲပြားသော တိုင်းရင်းသား လူမျိုးစုများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေခြင်းကို ဂရုမစိုက်ခဲ့ကြပါ။
ဗဟိုအစိုးရ လွှမ်းမိုးမှုအား တန်ပြန်ထိန်းညှိ ထားနိုင်သည့် ပြည်နယ်များ၏ အခွင့်အရေးကို လေးစားရာကျသော မျှတပြီး ဟန်ချက်ညီသည့် လမ်းကြောင်း အဖြစ် နိုင်ငံအစိုးရများ၊ ဒေသဆိုင်ရာ အစိုးရများ၊ လက်နက်ကိုင် တပ်ဖွဲ့များကြား ဖန်တီးတီထွင်မှုရှိရှိ ဆက်ဆံရန် နောက်ဆက်တွဲ ကျရှုံးမှုသည် မြန်မာနိုင်ငံအတွက် အပြည်ပြည် ဆိုင်ရာက နောက်ခြေလှမ်းများ လှမ်းနိုင်ရန် ပုံစံထုတ်ရာတွင် အနည်းဆုံး အသုံးဝင်နိုင်ကောင်း ပါသည်။
တတိယ အနေဖြင့် တပ်မတော်က လုံခြုံရေးတာဝန်ကို ထမ်းရွက်ခြင်းမှာ လုံးဝ တရားဝင်သည်ဟု နိုင်ငံတကာက ကြိုတင် လက်ခံထားသည် မှာလည်း ယုတ္တိဗေဒ အရ အငြင်းပွားဖွယ် လမ်းချော်မှုတခု ဖြစ်သည်။ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်းကို ဆယ်စုနှစ်များစွာ ကျူးလွန်ခဲ့သည့် အပေါ် ယခုအချိန်အထိ စုံစမ်းစစ်ဆေးခြင်း မရှိသေးသလို တာဝန်ခံခြင်းလည်း မရှိသေးသော တပ်မတော်သည် နိုင်ငံ တနိုင်ငံ၏ ကာကွယ်ရေး တပ်ဖွဲ့တခုက စံထားလိုက်နာရမည့် အခြေခံစည်းမျဉ်းများနှင့် မကိုက်ညီပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဆက်လက် တိုက်ခိုက်နေရာတွင် လွန်ခဲ့သော ဆယ်စုနှစ်များနှင့် အလားတူပင်။ အများက ယုံကြည် လက်ခံနိုင်ရေး အတွက် အနည်းငယ်မျှသာ လုပ်ပြနိုင်ခဲ့ပါသည်။
တိုင်းရင်းသား ဒေသများကို ချုပ်ကိုင်နိုင်မှု ပိုမို အားကောင်းစေရန် အပစ်အခတ်ရပ်စဲရေးနှင့် စေ့စပ် ဆွေးနွေးရေးကို အသုံးချခြင်း၊ ရှေ့တန်းစခန်းများကို အင်အားဖြည့်ပြီး ပိုမို ခိုင်မာစေရန် ပြုလုပ်ခြင်း၊ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက် ခြင်းနှင့် တိုင်းရင်းသားများ ဒေသကို ထိုးဖောက်နိုင်ရန် အတွက် ထောက်လှမ်းရေးနှင့် ကင်းထောက် စစ်ဆင်ရေးများ ပြုလုပ်ခြင်း အားလုံးက ပြုပြင်ပြောင်းလဲရေးတွင် ရိုးသားစွာ လုပ်ဆောင်နေသည်ဟု ယုံကြည်ရန် မဖြစ်နိုင်သော သံသယ ဖြစ်မှုများ ပိုမိုများလာစေသည့် ညွှန်းကိန်းများ ဖြစ်သည်။ အနှစ်သာရရှိသည့် ပြုပြင်ပြောင်းလဲရေး ဟူသည် ၎င်းတို့၏ စီးပွားရေး အကျိုးအမြတ်များ ရနေမှုကို ခြိမ်းခြောက်လာနေသည် ဟု ထင်မှတ်ယုံကြည်နေပြီး အကျိုးဆက် အနေဖြင့် အာဏာနှင့် နိုင်ငံရေးကို ထိန်းချုပ်ရန် ဖြစ်သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက တပ်မတော် အပေါ် တိမ်းညွှတ် အရေးပေးသည့် အမူအရာများ သိသိသာသာ ပေါ်ထွက်လာသည့် အချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍကို ဘေးဖယ် ထုတ်လိုက်ခြင်းက လက်ရှိ ဖြစ်တည်မှုနှင့် သမိုင်းကြောင်း အပေါ် ကောက်ယူမှု လွဲမှားနေကြောင်းကို ဖော်ပြနေသည်။ မြန်မာနိုင်ငံတွင် မူလကတည်းက နေထိုင်ခဲ့ကြသည့် ဗမာ မဟုတ်သော တိုင်းရင်းသား လူမျိုးအချို့သည် ဗမာများထက် နှစ်ပေါင်း ၂၀ဝ၀ ခန့်စော၍ နေထိုင်ခဲ့ကြသူများ ဖြစ်သည်။
တိုင်းရင်းသား အများအပြားက ဒီမိုကရေစီ သဘောတရားများ အတွက် ရပ်တည်ကာကွယ်ပေးခဲ့ ကြသလို ဒုတိယ ကမ္ဘာစစ် ကာလတွင်လည်း အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့ဘက်မှ ရပ်တည်ပြီး ဒီမိုကရေစီ အတွက်ပင် အသက်ပေးခဲ့ကြသည်။ သူတို့ အများဆုံး သေဆုံးခဲ့ကြရသည်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တိုက်ပွဲကာလ တလျှောက်လုံး သူတို့၏ ဘိုးဘွားပိုင်မြေနှင့် မိသားစုများကို ကာကွယ်ရင်း အာဏာရှင် အစိုးရကို ဆန့်ကျင်သည့် စစ်ပွဲများတွင် ဖြစ်သည်။ ဗမာစစ်ဗိုလ်ချုပ်များမှာ ထိုကဲ့သို့ ရပ်တည်မှုများ မရှိခဲ့သည်ကို ထင်ရှားစွာ တွေ့နိုင်ပါသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက ဒေသခံတိုင်းရင်းသား အုပ်ချုပ်ရေး အဖွဲ့များနှင့် ၎င်းတို့၏ လက်နက်ကိုင် အဖွဲ့များကို အားပေးမှု၊ ကူညီမှု၊ အလေးအနက်ထားမှုနှင့် ကြီးမားသော ဆက်ဆံမှု မရှိဘဲ တပ်မတော်ကို အလိုအလျာက် မျက်နှာသာ ပေးနေခြင်းသည် တိုင်းရင်းသား လူမျိုးစု အသိုင်းအဝိုင်း အဖွဲ့အစည်းများ အတွက် “စစ်မှန်သော လက်တွေ့ နိုင်ငံရေး” ၏ အခြေခံအချက်များကို အခိုင်အမာ မဖြစ်ထွန်း စေပါ။ ထိုသို့ မညီမျှခြင်းက ငြိမ်းချမ်းရေးနှင့် တိုးတက်ရေး အတွက် အန္တရာယ် ဖြစ်စေပါသည်။
လုပ်ဆောင်သင့်သည်များ
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပိုမိုဆွဲဆောင် စည်းရုံးသင့်သည်မှာ အားလုံးပါဝင်သည့် လုံခြုံရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေး ဖြစ်ပြီး တပ်မတော်တခုတည်း ပရော်ဖက်ရှင်နယ် ဖြစ်လာရေး မဟုတ်ပါ။ လုံခြုံရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေး (SSR) တွင် ဗမာနှင့် ဗမာ မဟုတ်သူ တိုင်းရင်းသားများ အပါအဝင် စစ်တပ်၊ ထောက်လှမ်းရေးနှင့် ရဲတပ်ဖွဲ့များ ဟန်ချက်ညီစွာ ပါဝင်ရမည် ဖြစ်သည်။
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ရောက်ရှိနေကြောင်း အခိုင်အမာ ပြောကြားခဲ့သဖြင့် ယခုအခါ ဗမာစစ်ဗိုလ်ချုပ်များကို နိုင်ငံတကာ အသိုင်းအဝိုင်းက တရားဝင် အသိအမှတ်ပြုမှုများ ရှိလာသည်။ သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် တပ်မတော်၏ ဖိနှိပ်မှုများကို မျက်မြင် တွေ့ခဲ့ကြပြီး ဖြစ်သလို ဗမာများ အလွန်တရာ ချမ်းသာကြွယ်ဝလာပြီး အာဏာရှိလာသည်ကို သိရှိကြကြောင်း နားလည် သဘောပေါက်ရပါမည်။
ယင်းသည် တိုင်းရင်းသား ကျေးရွာများကို ဆယ်စုနှစ်နှင့် ချီ၍ တပ်မတော်က တိုက်ခိုက်ခဲ့သည်ကို ဆန့်ကျင် တွန်းလှန်ခဲ့သည့် သူများနှင့် အကျိုးအမြတ် အတွက် တိုင်းရင်းသား နယ်မြေများကို ထိန်းချုပ်နေသော ဗမာစစ်ဗိုလ်ချုပ်များကို ဆက်လက် ခုခံကာကွယ်နေကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွက် အနည်းဆုံးတော့ စိတ်ရှုပ်ထွေးဖွယ်ရာ အခြေအနေဟု ပြောရမည်။ သရဲမရဲစီးမှုနှင့် အမြတ်ထုတ်မှု ဆက်လက် ဖြစ်ပွားနေသော နေရာတွင် ပရော်ဖက်ရှင်နယ် ဖြစ်အောင်လုပ်ခြင်း မဟုတ်ဘဲ ပြောင်းလဲဖွဲ့စည်း ဖြစ်ထွန်းရေးသည်သာ တကယ် လိုအပ်နေမှုဖြစ်သည်။
မည်သို့ဆိုစေ ပိုမိုကြီးမား ကျယ်ပြန့်သော ကိစ္စမှာ ဗမာနှင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများသည် အချက်တခု အပေါ်တွင် အခြေခံသည့် သူမတူသော အခွင့်အရေးတခုကို အကျိုးမဲ့အောင် ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။ ယင်းအချက်မှာ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် ကျယ်ပြန့်သော အောင်မြင်မှု ရရှိနိုင်ရန် အလားအလာ အကောင်းဆုံး ဖြစ်သည်။ ကမ္ဘာပေါ်ရှိ တခြားနိုင်ငံ အများအပြားတွင် မရရှိနိုင်သည့် ပထဝီ၊ ရာသီ ဥတုနှင့် လူသား အရင်းအမြစ် စုံလင်ကွဲပြားမှုများ ကို ပိုင်ဆိုင်ထားသည် ဟူသော အချက်ပင် ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံ၏ ဘက်ပေါင်းစုံတွင် အလားအလာ ကောင်းများ ရှိနေသည်။ ထို့ကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အမေရိကန် အတွက် ၎င်းတို့၏ အပြုသဘော ဆောင်သော ဆက်သွယ်မှုကို အလေးပေးရန် လိုအပ်နေခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ အမှောင်ခေတ်မှ ပြောင်းလဲလာသည့် အချိန်တွင် ဖြစ်နိုင်ခြေရှိသည့် ရွေးချယ်စရာ များမှ အားလုံး အကျိုးရှိနိုင်သည့် အလားအလာကို အကောင်းမြင်စိတ်ဖြင့် ရှာဖွေဖော်ထုတ်ရမည့် အစား အကျိုးအမြတ် တချို့တလေ ရရှိနိုင်ရန် ချဉ်းကပ်လာခြင်းက အများစု ဖြစ်သည်။
အမြတ်ထက် ပိုသော ချမ်းသာကြွယ်ဝခြင်း
တပ်မတော် တခုတည်းကိုသာ ပရော်ဖက်ရှင်နယ် ဖြစ်လာရေးသည် လက်နက်အင်အား ကောင်းသည့် တိုင်းရင်းသား လူနည်းစုများကို ဗမာများက ဆက်လက် ခုတုံးလုပ် အသုံးချသွားရန် သေချာသွားမည့် အပြင် အနာဂတ်တွင်လည်း ပဋိပက္ခများ ပိုမို ဖြစ်ပွားစေနိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ညစ်ထေးနေသော အရှိတရားမှာ “အရာရာသည် မြေကြီး၊ မြေကြီးကို ထိန်းချုပ်ပြီး ရွှေသီးနိုင်ရေး” ဆိုသည့် အချက်ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် သူတို့ အလုပ်ကို သူတို့ လုပ်နိုင်ကြသော်လည်း ထိုအမှန်တရားကို ကြာရှည် ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
နိုင်ငံတကာ အသိုင်းအဝိုင်းက ဆွေးနွေးမှုများ၊ သဘောတရား အယူအဆများ၊ ဗမာနှင့် ဗမာမဟုတ်သူများ အားလုံး၏ အခွင့်အရေးအပေါ် ဟန်ချက်ညီမျှမှုနှင့် အပြန်အလှန် လေးစားမှုကို ဖြစ်စေသည့် လက်တွေ့ ဆောင်ရွက်မှုများ အတွက် အကောင်းဆုံး အကူအညီ ပေးနိုင်ပါသည်။ အစီအစဉ်တကျ အထက်မှ စီစဉ်သော အကူအညီပေးရေး စနစ်နှင့် လက်ရှိ ကျင့်သုံးနေသည့် ဖွံ့ဖြိုးရေး၊ စီးပွားရေး ဆောင်ရွက်မှုများက ဗမာများ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေဆဲ ဖြစ်ပြီး အောင်မြင်စွာ ရှေ့ဆက်သွားနိုင်ရန် ခက်ခဲနေသည်။
ဖက်ဒရယ် ပြည်ထောင်စု တခုအတွင်း သူတို့ ပြည်နယ်များ၏ အခွင့်အရေးကို လေးစားခြင်း အားလျော်စွာ တိုင်းရင်းသားများကို အားပေး မြှင့်တင်ရာ ရောက်စေသည့် အပြင် မျှဝေနိုင်၊ မွေးမြူနိုင်၊ စမ်းသပ်နိုင်သော စီးပွားရေးနှင့် ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေးများ ပါဝင်သည့် စံနမူနာများ ကမ္ဘာတွင် အများအပြား တည်ရှိပြီး ဖြစ်ပါသည်။
အဆိုပါ အခွင့်အရေးများကို ၁၉၃၃ ခုနှစ် ဒီဇင်ဘာလတွင် ဥရုဂွေးနိုင်ငံ မြို့တော်၊ Montevideo ညီလာခံ သဘော တူညီချက်ပါ “ပြည်နယ်များ၏ အခွင့်အရေးများနှင့် တာဝန်များ” အခန်းတွင် အသေးစိတ် ဖော်ပြထားသည်။ အဆိုပါ သဘော တူညီချက်သည် တိုင်းပြည် တည်ထောင်ရေး ရှိသင့် ရှိအပ်သော အခြေခံ စံသတ်မှတ်ချက်များဟု နိုင်ငံ တကာက အသိအမှတ်ပြု ထားသည်။
ယနေ့ မြန်မာနိုင်ငံတွင် ဆွေးနွေးနေခြင်းများ အတွက် လိုအပ်သည့် အနေအထားလည်း ပါဝင်သည်။ ပြည်နယ်များ၏ အခွင့်အရေး တရပ်မှာ ဗဟိုအစိုးရ၏ အာဏာကို ဟန်ချက်ညီမျှအောင် တန်ပြန် ထိန်းကျောင်းနိုင်ခြင်း ဖြစ်သည်။ ဗမာ နှင့် ဗမာမဟုတ်သော တိုင်းရင်းသားများ ဟူ၍ ကွဲပြားမှုကို အခြေ မခံပါ။
၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေး ကြေညာ စာတမ်းတွင်လည်း ကြည့်ရှုနိုင်ပါသည်။ ကြေညာ စာတမ်း၏ အပိုဒ် (၁) တွင် ဖွံ့ဖြိုးရေး၏ အခြေခံအချက်များကို ရှင်းလင်းရာ မြန်မာနိုင်ငံတွင် အဓိက ဖြစ်နေသည့် နယ်မြေထိန်းချုပ်ခြင်းလည်း ပါဝင်သည်။
အခန်း (၁)
၁။ ဖွံ့ဖြိုးတိုးတက်ရေးသည် ပယ်ဖျက် မရနိုင်သည့် လူသားအခွင့်အရေး ဖြစ်သည်။ လူ့အခွင့်အရေးများနှင့် အခြေခံ လွတ်လပ်ခွင့်များကို အပြည့်အဝ အသိအမှတ်ပြုပြီး လူသားတိုင်းသည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး ဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင်ခွင့်၊ ပူးပေါင်းလုပ်ဆောင်ခွင့်နှင့် ခံစားခွင့်ရှိသည်။
၂။ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးသည် ပြည်သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အပြည့်အဝ အသိအမှတ်ပြုပြီး လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်များတွင် ဖော်ပြထားချက်များနှင့် အညီ နေထိုင်ခွင့်နှင့် ပယ်ဖျက် မရနိုင်သည့် အခွင့်အရေး ဖြစ်သော သူတို့၏ သဘာဝ အရင်းအမြစ်များကို အပြည့်အဝ စီမံခန့်ခွဲခွင့် ရှိသည်။
အတိတ်ကရော လက်ရှိမှာပါ တပ်မတော်နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ခြင်းကို မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး၏ ဗဟိုအဖြစ် အခိုင်အမာ ပြောဆိုနေကြခြင်း များသည် နေရာ အနည်းငယ်တွင်သာ မှန်ကန်ပါသည်။ ဗမာ မဟုတ်သည့် လူနည်းစုများ အပြည့်အဝ ပါဝင်ပြီး ပြည်နယ်တခု၏ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် အနေအထားသို့ အလုံးစုံ ရောက်ရှိနိုင်မည် မဟုတ်ပါ။
အဆိုပါ အားထုတ်မှုများသည် ဗဟိုအစိုးရနှင့် ပြည်နယ် အာဏာရှိသူများကြား ရေရှည်တည်တံ့ ခိုင်မြဲသည့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရာတွင် အဓိက အချက်ဖြစ်သည့် နယ်မြေထိန်းချုပ်ရေး ကိစ္စကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိပါ။
ခွဲဝေယူကြရမည့် ဖွံ့ဖြိုးသော ချမ်းသာကြွယ်ဝမှု၏ လုံခြုံရေးတွင်မူ ဘက်ပေါင်းစုံအား ချမ်းသာကြွယ်ဝရေး အတွေးအမြင် တခုတည်း အတူတကွ ဖြစ်လာစေရန် ပိုလှုံ့ဆော်နိုင်သော အကြောင်းအရာ တခု ဖြစ်လာမည့် အလားအလာ ရှိနေသည်။ ယင်းအမြင်သည် ရှားရှားပါးပါး နိုင်ငံရေး ဆွေးနွေးမှုများကို မျှော်လင့်နေခြင်းနှင့် မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးစုံ၏ လုံခြုံရေး ကဏ္ဍမှ အစိတ်အပိုင်း တခုတည်းကိုသာ ကွက်ပြီး ပရော်ဖက်ရှင်နယ် ဖြစ်လာစေရန် ပြုလုပ်နေခြင်းများထက် ပိုပါသည်။
အဆုံးတွင် ဘက်အသီးသီးမှ အောင်မြင်မှု ရရှိနိုင်မည့် ဟန်ချက်ညီမျှသည့် နယ်မြေ လုံခြုံရေးနှင့် နယ်မြေ ထိန်းချုပ်ရေးအတွက် ကြားပွဲစား စေ့စပ်ညှိနှိုင်း ပေးသူများ မဟုတ်ဘဲ စစ်ရေး အာဏာရှိသူများကြား မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးရန် အရေးကြီးလာ ပါလိမ့်မည်။ ယင်းသည် ဟန်ချက်ညီမျှသော ပရော်ဖက်ရှင်နယ် ဆန်မှုနှင့် နိုင်ငံတော် အဆင့်နှင့် ပြည်နယ်အဆင့် ရဲတပ်ဖွဲ့များ၊ လက်နက်ကိုင် တပ်ဖွဲ့များ၊ ထောက်လှမ်းရေး အဖွဲ့များကို လုပ်ပိုင်ခွင့် အာဏာပေးခြင်း တို့နှင့်လည်း ချည်နှောင်ပြီးသား ဖြစ်လာလိမ့်မည် ဟု ယူဆပါသည်။ ပြည်ထောင်စု အဆင့်နှင့် ပြည်နယ် အဆင့်မှ စီးပွားရေးနှင့် နိုင်ငံရေး အာဏာများ ကိုလည်း ၂ ဦး ၂ ဖက်စလုံးမှ ကာကွယ်ပြီးသား ဖြစ်သွားနိုင်ပါ လိမ့်မည်။
ထို့ကြောင့် တပ်မတော်က ပရော်ဖက်ရှင်နယ် ဖြစ်လာရေးနှင့် ပတ်သက်၍ လုပ်စရာကိစ္စ အနည်းငယ်သာ ရှိပါသည်။ တိုင်းရင်းသား ပြည်နယ်များ၏ အခွင့်အရေးကို လေးစားသည့် အားလုံး ပါဝင်နိုင်သော အကျိုးအမြတ် ခွဲဝေရေးသို့ ဦးတည် ပြောင်းလဲသွားရန် လုပ်ဆောင်ခြင်း သည်သာ အရာရာပင် ဖြစ်တော့သည်။
Asia Times online တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖော်ပြခဲ့သည့် Tim Heinemann ၏ Misunderstanding Myanmar’s military ကို ဆီလျော်အောင် ဘာသာပြန်သည်။
(Tim Heinemann သည် အမေရိကန်ကြည်းတပ် အထူးတပ်ဖွဲ့မှ အငြိမ်းစား ဗိုလ်မှူးကြီးတဦး ဖြစ်ပါသည်။ US Army Command and General Staff College တွင် ပညာရှင်ဆိုင်ရာ ဌာနမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ယခုအခါ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့ကျင့်သင်တန်းပေးသူ တဦးအဖြစ် တာဝန်ထမ်းနေပါသည်။ ၂၀ဝ၃တွင် အီရတ်ရှိ လူနည်းစု တိုင်းရင်းသားများကို အာဏာခွဲဝေရေး သူ၏အယူအဆ မအောင်မြင်ခဲ့ပါ။ သို့သော် များမကြာမီက အီရတ်မြောက်ပိုင်းတွင် ISIS ကို ထိန်းချုပ်ရန် ကာ့ဒ်လူမျိုးများအား ထောက်ပံ့ ကူညီရေး တာဝန်ပေးခြင်း ခံရသည်။)