ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၁၀ ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အနီးတွင် ယမန်နေ့ ည ၈ နာရီခွဲ ဝန်းကျင် က လက်နက်ကြီးတလုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ အမှတ် (၁) ရဲစခန်းသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ရဲစခန်းတွင် တာဝန်ကျနေသည့် တာဝန်မှူးက “ကျနော်တို့ စုံစမ်းနေဆဲပါ။ ဘယ်အဖွဲ့လဲဆိုတာ ကျနော်တို့ မသိသေးဘူး။ လုံးခြုံရေးနဲ့ ပတ်သက်ပြီးလည်း မပြောနိုင်သေးပါဘူး”ဟု ပြောသည်။
လားရှိုးမြို့သည် အစိုးရ တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ် မတော်(MNDAA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေ သည့် ကိုးကန့်ဒေသနှင့် နီးစပ်သည့် မြို့တမြို့လည်း ဖြစ်သည်။
အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူး ဆန်းလွင်ကလည်း“ပုခုံးထမ်း လောင်ချာနဲ့ ပစ်ခတ်တယ်လို့ ယူဆ ရပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာကို သွားကြည့်တဲ့ အခါမှာ ပေါက်ကွဲပြီးတဲ့ ဗုံးတလုံးနဲ့ မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီး တလုံးကို တွေ့ရပါတယ်။ ပြီးတော့ အခင်းဖြစ်တဲ့ ပတ်ဝန်းကျင်ကို မေးမြန်းတဲ့အခါ ဖိုးဝှှီးနက်ပြာရောင် ကားတစီးနဲ့ လူ ၆ ယောက် လာတယ်။ ၃ယောက် က ကားပေါ်ကနေဆင်းပြီး ပစ်သွားတယ်လို့ ပြောကြပါတယ်။ ဘယ်အဖွဲ့လည်း ဆိုတာ စုံစမ်းဆဲပါ”ဟု ဧရာဝတီကို ပြောသည်။
ထိုပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် တိုင်းစစ်ဌာနချုပ် နယ်မြေတွင် တိုင်းရုံးမှ လုံခြုံရေး တာဝန်ယူထားပြီး၊ မြို့ပေါ်နှင့် လူနေရပ်ကွက်များတွင် ရဲတပ်ဖွဲ့များက ကင်းလှည့်နေကာ လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်းလည်း ဒုရဲမှူး ဆန်းလွင်က ဆက်ပြောသည်။
အဆိုပါ လက်နက်ကြီး ကျကွဲမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိကြောင်း၊ လားရှိုးမြို့ပေါ်တွင် လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်းနှင့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေကြောင်း လားရှိုးမြို့ ဒေသခံ ဦးမောင်မောင်သန်း ဆိုသူ ကလည်း ဧရာဝတီကို ပြောပြသည်။
“မနေ့ည ၈ နာရီကျော်မှာ ဗုံးပေါက်ကွဲတဲ့အသံ ကြားရတယ်။ ဒီမနက် ကျနော်တို့ သွားကြည့်တော့ လက်နက်ကြီး ၂ လုံးနဲ့ လာပစ် တာ တလုံးတော့ ကွဲတယ် ပြောကြတယ်။ နောက်တလုံးက မကွဲသွားဘူးတဲ့။ ဘယ်သူတွေ ပစ်တာလဲ ဆိုတာတော့ ကျနော်တို့လည်း သေချာ မသိရသေးဘူး။ ဒီလို သေနတ်သံတွေ ဗုံးကွဲသံတွေ မြို့ပတ်ဝန်းကျင်မှာတောင် ကြားနေရတော့ ဒေသခံတွေ ထိတ် လန့်မှု ဖြစ်နေကြပါတယ်”ဟုလည်း ဦးမောင်မောင်သန်းက ပြောသည်။
ယခုဖြစ်စဉ်နည်းတူူ ယခင် သီတင်းပတ်အတွင်း ညသန်းခေါင် အချိန်၌ သေနတ်ပစ်ခတ်သံများကို အဆက်မပြတ် ကြားရကြောင်း၊ ယခု ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသည် တိုက်ပွဲဝင်နေသည့် ရဟတ်ယာဉ်များ ရပ်နားထားသည့် နေရာဖြစ်ကြောင်း လားရှိုးဒေသ ခံများကလည်း ပြောဆိုကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်မှ စတင်ပြီး ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် အစိုးရ တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့များ အကြား တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားခဲ့သဖြင့် သောင်းနှင့်ချီသည့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများသည် လားရှိုးမြို့သို့ စစ်ဘေးရှောင် ဝင်ရောက်လာကြပြီး တရုတ်နယ်စပ် ဘက်သို့လည်း သွားရောက် တိမ်းရှောင်နေရကြောင်း သိရသည်။