Human Rights

မလေးရှားက မြန်မာ ၁၀၀ ကျော် ရေတပ်သင်္ဘောဖြင့် ပြန်လည် ခေါ်ဆောင်လာ

This article has been converted from Zawgyi One to Unicode

မလေးရှား နိုင်ငံသို့ တရားမဝင် နည်းလမ်းဖြင့် ဝင်ရောက်လာခြင်းကြောင့် ဖမ်းဆီးခံရပြီး ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံ သား ၁၀၂ ဦးကို အစိုးရက ရေတပ်သင်္ဘောဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသူများသည် မြန်မာနိုင်ငံသို့ ပြန်လာရန် အထောက်အထားလက်မှတ်များ ရရှိထားသော်လည်း လေယာဉ်စရိတ် မတတ်နိုင် သဖြင့် တပ်မတော် ရေယာဉ်ဖြင့် ခေါ်ဆောင်လာခြင်း ဖြစ်သည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးထားသည်။

မလေးရှားနိုင်ငံ လန်ကာဝီကျွန်း၌ မတ် ၁၇ ရက်မှ ၂၁ ရက်အထိ ပြုလုပ်သည့် Langkawi International Maritime and Aerospace Exhibition 2015 (LIMA-2015) ပြပွဲသို့ တက်ရောက်ခဲ့သည့် တပ်မတော်ရေယာဉ် မဟာသီဟသူရသည် မြန်မာ နိုင်ငံသို့ ပြန်လာစဉ် ထို အလုပ် သမားများကို ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်းနှင့် မတ်လ ၂၉ ရက်တွင် ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း လည်း ဆက်လက် ဖော်ပြထားသည်။

“ရေတပ်က ခေါ်သွားသူတွေဟာ လန်ကာဝီကျွန်းက ထိန်းသိမ်းရေး စခန်းက လူတွေပါ၊ မလေးရှားမှာရှိတဲ့ ထောင်တွေနဲ့ ထိန်းသိမ်းရေး စခန်းတွေထဲမှာ မြန်မာတသိန်းကျော် ရှိတယ်လို့ မလေးသတင်းစာတွေမှာ ရေးကြတာကို ကျနော်တို့ ဖတ်ရပါတယ်”ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ နေထိုင်သူ ကိုစမောင်က ပြောသည်။

မလေးရှားနိုင်ငံ တဝန်းရှိ အကျဉ်းထောင်များနှင့် ထိန်းသိမ်းရေး စခန်းများ၌ မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာ ရှိနေပြီး အများစုသည် မိမိနိုင်ငံသို့ ပြန်ကြလိုသော်လည်း ခရီးစရိတ် မတတ်နိုင်ကြကြောင်း မလေးရောက် မြန်မာနိုင်ငံသားများက ပြောဆိုကြသည်။

မလေးရှား နိုင်ငံ၌ တရားမဝင် လုပ်သားများ ဖမ်းဆီးရေး စီမံချက်ကို မကြာခဏ လုပ်ဆောင်နေခြင်း၊ မြန်မာနိုင်ငံသားများ မကြာခဏ အသတ်ခံရခြင်း၊ လုံခြုံမှု မရှိခြင်း စသည့် အခက်အခဲများကြောင့် မလေးရောက် မြန်မာများသည် မြန်မာနိုင်ငံသို့ အဖွဲ့လိုက်သော်လည်းကောင်း၊ တဦးချင်း သော်လည်းကောင်း ပြန်လာနေကြရာ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်း အထိ သောင်းချီရှိပြီ ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲရှိသူများကို ကူညီပေးနေသည့် လူမှု အဖွဲ့အစည်းတချို့က ကူညီရေး လုပ်ငန်းများကို ရပ် ဆိုင်း လိုက်ပြီ ဖြစ်ကြောင်းနှင့် ကွာလာလမ်ပူရှိ မြန်မာသံရုံး အာဏာပိုင်များက ထိထိရောက်ရောက် ကူညီမှု မရှိကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လာရန် စုစုပေါင်း ကုန်ကျငွေသည် မလေးရင်းဂစ်ငွေ ၄၀၀၀ ဝန်းကျင်ရှိသဖြင့် အများစုက တတ်နိုင်ခြင်း မရှိကြောင်း သိရသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင် ကူညီပေးနေသူနှင့် ကွာလာလမ်ပူရှိ သီတဂူ အထောက်အကူပြုအဖွဲ့ တာဝန်ခံ ဦးသီဟမောင်မောင်က“ပြန်ပို့တဲ့ ခရီးစဉ်တွေကို ဆက်လုပ်သွားဖို့ ရှိပါတယ်။ လက်ရှိမှာလည်း သံရုံးရဲ့ တာဝန် ပေးချက်အရ ပြန်မယ့်သူတွေကို မလေး လ.ဝ.က ကို ဝင်ဖို့ ကိစ္စတွေကို ကျနော် လုပ်ပေးနေပါတယ်၊ တပတ်မှာ ၂ ရက် လုပ်ပေးတယ်၊ တပတ်မှာ ပြန်တဲ့ သူ ၁၀၀ လောက်တော့ ရှိပါတယ်”ဟု ပြောသည်။

မြန်မာသံရုံး တာဝန်ရှိသူများက မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းများ၌ ထိန်းသိမ်းခံထားရသူများ အနက် နှစ်ရှည် ကျခံ နေရသူများနှင့် ကျန်းမာရေး မကောင်းသူများကို ဦးစားပေး ရွေးချယ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးနေကြောင်းနှင့် မလေးရှား၌ ထိန်းသိမ်းရေးစခန်း ၁၂ ခု အနက်၊ စခန်း ၁၀ ခု၌သာ မြန်မာနိုင်ငံသားများကို ထားရှိကြောင်း၊မြန်မာနိုင်ငံသား စုစုပေါင်း ၅၀၀၀ ကျော် ရှိကြောင်း ဦးသီဟမောင်မောင်က ဆက်ပြောသည်။

“အဲဒီ ၅ ထောင်ကျော်မှာ တကယ်ပြန်ဖို့ လူဦးရေ စာရင်းကောက်ထားတာ ၃ ထောင်ကျော်ပဲ ရှိပါတယ်၊ အဲဒီလူတွေကို မြန်မာနိုင်ငံသား တကယ်ဟုတ် မဟုတ်ဆိုတာတော့ စစ်ဆေးဖို့ ကျန်ပါသေးတယ်”ဟု ဦးသီဟမောင်မောင်က ဆိုသည်။

မလေးရှား နိုင်ငံ၌ တရားဝင် မြန်မာ အလုပ်သမား ၁ သိန်းခွဲ ဝန်းကျင်နှင့် တရားမဝင် အလုပ်သမား ၁ သိန်း ကျော်ရှိပြီး မြန်မာ နိုင်ငံသား စုစုပေါင်း ၃ သိန်းကျော် ရှိနေကြောင်း သိရသည်။

Loading