Environment

ကန့်ကွက်မှုများကြားက သံလွင် ရေအားလျှပ်စစ် စီမံကိန်းများ

This article has been converted from Zawgyi One to Unicode

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများအားလုံး ရပ်ဆိုင်းပေးရန် ဒေသခံ ပြည်သူများက တောင်းဆိုနေကြ သော်လည်း အစိုးရဘက်က တုံ့ပြန်မှု တစုံတရာ မရှိသေးပေ။

ထို့အပြင် အစိုးရက ရေကာတာ စီမံကိန်း တည်ဆောက်ရန် အတွက်ဟုဆိုပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အကဲဖြတ်ချက် နှင့် လူမှုဘဝ ထိခိုက်နစ်နာမှု အကဲဖြတ်ချက် (EIA/SIA)များကို ဆက်လက်စစ်ဆေး လုပ်ဆောင်နေရာ ယင်း လုပ်ဆောင်ချက် အပေါ် တွင်လည်း ဒေသခံများက သဘောမတူကြချေ။

လက်ရှိအချိန်အထိ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများ ရပ်တန့်ပေးရန်အတွက် ဒေသခံ ပြည်သူ ၆ သောင်း ကျော် နှင့် နိုင်ငံရေး အဖွဲ့အစည်းပေါင်း ၁၃၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားသည်။

ထိုစီမံကိန်းများသည် ပိုမိုဆိုးရွားစေပြီး ဒေသခံ လူထု၏ အခွင့်အရေးများကို ချိုးဖောက်သလို ဖြစ်စေသဖြင့် အစိုးရ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ တရုတ် သံရုံးနှင့် ထိုင်း သံရုံးများသို့ အိတ်ဖွင့်ပေးစာ ပို့၍ တောင်းဆိုခြင်း ဖြစ်သည်။

သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၆ ခု တည်ဆောက်ရန် လျာထားပြီး ထို စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅၀၀၀ ထုတ်လုပ်ရန် ဖြစ်ကြောင်း သိရသည်။

အစိုးရ ရေအားလျှပ်စစ် စီမံကိန်း ၆ ခုသည် ရှမ်းပြည်နယ် အတွင်း၌ မဂ္ဂါဝပ် ၁၄၀၀ ထွက်နိုင်သည့် အထက်သံလွင် (ကွမ်းလုံ) စီမံကိန်း၊ မဂ္ဂါဝပ် ၁၀၀၀ ထွက်နိုင်သည့် နောင်ဖ စီမံကိန်း၊ မဂ္ဂါဝပ် ၂၀၀ ထွက်နိုင်သည့် မန်တောင်း စီမံကိန်း၊ မဂ္ဂါဝပ် ၇၁၁၀ ထွက်နိုင် မည့် မိုင်းတုံ (တာဆန်း) စီမံကိန်းတို့ ဖြစ်ပြီး ကယားပြည်နယ် အတွင်း၌ မဂ္ဂါဝပ် ၄၅၀၀ ထွက်နိုင်မည့် ရွာသစ်စီမံကိန်းနှင့် ကရင်ပြည်နယ်အတွင်း မဂ္ဂါဝပ် ၁၃၆၀ ထွက်နိုင်မည့် ဟတ်ကြီး စီမံကိန်းတို့ ဖြစ်သည်။

ထိုကြောင့် ယခုနှစ် မတ်လ ၁၄ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေး နှင့် ရေကာတာ ဆန့်ကျင်ရေး နေ့တွင် ကရင်၊ ကယား(ကရင်နီ)၊ ရှမ်းပြည်နယ်ရှိ မြစ်ချောင်းများ စောင့်ကြည့်ရေး ကွန်ရက်များနှင့် သံလွင်မြစ်ကြောင်း တလျှောက် နေထိုင်သည့် ဒေသခံများကလည်း ရေကာတာ စီမံကိန်းကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်ဟု ကရင်ပြည်နယ် မြစ်ချောင်းများ စောင့်ကြည့်ရေး ကွန်ရက် မှ စောသာဘိုး က ပြောသည်။

“ကျနော်တို့ အစိုးရကို စာတွေပို့ခဲ့ပါတယ်။ အစိုးရအနေနဲ့ တစုံတရာ တုံ့ပြန်မှု မရှိခဲ့ဘူး။ ဒီရေကာတာ မဆောက်ဖို့ အတွက် ဆက်ပြီး ကန့်ကွက်သွားမယ်။ EIA/SIA စစ်ဖို့လည်း ကျနော်တို့ ကွန့်ကွက်သွားမှာပါ”ဟုလည်း ၎င်းက ပြောဆိုသည်။

EIA/SIA စစ်ရန်အတွက် နိုင်ငံတကာ ကုမ္ပဏီများကို ခေါ်ယူထားသော်လည်း EIA/SIA နှင့်ပတ်သက်ပြီး စစ်ဆေးရန်အတွက် ဒေသ ခံများကို ခေါ်ယူပြောဆိုမှု မရှိကြောင်း၊ ရေအားလျှစ်စစ်ကြောင့် နစ်နာသူများကို လျော်ကြေးငွေ မည်မျှပေးမည် မည်သို့ပေးမည်ကို လည်း ပြောကြားသွားခြင်းမရှိကြောင်း စောသာဘိုး က ဆက်လက် ပြောကြားသည်။

“ဒီစီမံကိန်းကို ဘယ်သူ့ကိုမှ ချပြတာမရှိသေးဘူး။ နိုင်ငံတော်အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ လျှပ်စစ်လိုတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် လိုအပ်တယ်ဆိုတာ ကျနော်လက်ခံပါတယ်။ ဒီရေကာတာကတော့ တိုင်းပြည်ရဲ့ အနာဂတ်ကို ထိခိုက်နိုင်တယ်။ တိုင်းပြည် ရဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

ယမန်နှစ် မတ်လအတွင်း ကတော့ လားရှိုးမြို့နှင့် တန့်ယန်းမြို့နယ်ကြား တည်ဆောက်မည့် ရေကာတာ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံ ပြည်သူတချို့ကို အာဏာပိုင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ချပြမှုပြုလုပ်ခဲ့ဖူးသည်။ ထိုစီမံကိန်းအတွက် ရွာ ၂ ရွာ ပြောင်းရွှေ့ရမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ သံလွင်မြစ်ပေါ်တွင် ရေကာတာ တည်ဆောက်မည်ဆိုပါက ဒေသခံများပြောင်းရွှေ့ရမည်ဖြစ်ပြီး လူမျိုးစု မျိုးနွယ်စုငယ်များ ပျောက်ကွယ် သွားနိုင်ကြောင်း၊ သံလွင်မြစ်ကို မှီခို အသက်မွေးဝမ်းကျောင်းနေသည့် ပြည်သူများ အတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း ပေါင်းကူး လူမှုအဖွဲ့အစည်းမှ သံလွင်ရေကာတာ နှင့်ပတ်သက်ပြီး တာဝန်ယူနေသည့် ဒေါ်ရွှေဇင်လှိုင်ကလည်း ပြောသည်။

“ရေကာတာ ဆောက်မယ့်နေရာက ငလျင်ကြော တည့်တည့်ဖြစ်နေတယ်။ နိုင်ငံတကာနည်းနဲ့ တည်ဆောက်တဲ့တိုင် ငလျင်ကြောရှိတဲ့အတွက် ငလျင်ပိုလှုပ်နိုင်တယ်။ သဘာဝထက် ပိုလှုပ်နိုင်တဲ့အတွက် အချိန်မရွေး ပြိုကျနိုင်ပါတယ်”ဟုလည်း ဒေါ်ရွှေဇင်လှိုင်က ဆိုသည်။

သံလွင်မြစ်သည် အရှေ့တောင် အာရှတွင် အရှည်ဆုံး မြစ်တမြစ် ဖြစ်ပြီး မြစ်စမှ မြစ်ဆုံး ပင်လယ်ထဲ စီးဝင်သည့် မြစ်တစင်း ဖြစ် သည့် အတွက် အလှတရားများ၊ ယဉ်ကျေးမှုများ များစွာရှိသဖြင့် မြစ်ကြောင်းတလျှောက် လှပမှုကို ပြပြီး Eco Tourism ဖြင့် နိုင်ငံခြား ဝင်ငွေရှာဖွေနိုင်ကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့များက ပြောဆိုကြသည်။

“သံလွင်ရေကာတာက ရှမ်းပြည်နယ်အတွက် ဆိုးကျိူးအများကြီး ဖြစ်စေမှာပါ။ ကျနော်တို့နေတဲ့ ရွာမှာ စီမံကိန်းမရှိပေမယ့် ရှမ်းပြည် တခုလုံး ထိခိုက်နိုင်တဲ့အတွက် ကာကွယ်မယ်။ လူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင်လည်း ကျနော်တို့ လုပ်ဆောင်သွားမှာပါ” ဟု ရှမ်း တောင်သူလယ်သမားများ ကွန်ရက်မှ ဦးစိုင်းယော်ကလည်း ပြောသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ကွမ်းလုံရေကာတာ စီမံကိန်း အတွက် လမ်းများ ဖောက်လုပ်နေသဖြင့် ဒေသခံများ၏ လယ် ယာမြေဧက ၆၀ ကျော် သိမ်းဆည်း ခံထားရကြောင်း၊ အလားတူ ဟတ်ကြီး ရေကာတာ တည်ဆောက်မှုကြောင့် ရွာပေါင်း ၄၀ ကျော် ပြောင်းရွှေ့ ခံရမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

“လမ်းတွေဖောက်တော့ ရွာတွေ ဖယ်ရတယ်။ လျော်ကြေးငွေတွေ နေစရာတွေလည်း မပေးဘူး။ လယ်ယာတွေသိမ်းတော့ ဒေသခံ လူထုရဲ့ အခွင့်အရေးကို ထိခိုက်ပါတယ်။ ရေကာတာ ဆောက်တဲ့နေရာတွေက နယ်မြေငြိမ်းချမ်းမှု မရှိတဲ့နေရာတွေပါ”ဟု မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ရက်မှ မအနန်းက ပြောသည်။

ရေကာတာကို ပဋိပက္ခဖြစ်ပွားသည့် နေရာတွင် တည်ဆောက်မည်ဆိုသောကြောင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာနိုင်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် အခြေအနေများနှင့် အန္တရာယ် ဖြစ်ပွားနိုင်သည့် အခြေအနေများလည်း ရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သေချာစိစစ်ပေးရန် ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများက တောင်းဆိုထားကြောင်းလည်း မအနန်းက ပြောပြသည်။

ရှမ်းပြည်နယ် ကွမ်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနု ကလည်း“ရေကာတာနဲ့ပတ်သက်ပြီး လွှတ်တော် မှာ စိတ်ဝင်စားမှု အားနည်းတယ်။ ရေကာတာ စီမကိန်း ဆောက်မယ်ဆိုရင် ကျမတို့နေတဲ့နေရာ တော်တော်များများ ရေဝပ် ဧရိယာ တွေဖြစ်သွားမယ်။ ပြီးတော့ လူနေမှုတွေ၊ ယဉ်ကျေးမှုတွေ ပျက်စီးမယ်။ ရှေးခေတ်ကတည်ခဲ့တဲ့ သမိုင်းဝင်ဘုရားတွေ ရေမြုပ် ဧရိယာ ထဲ ပါသွားမယ်။ ကျမတို့ ပြည်သူတွေက သံလွင်မြစ်ပေါ်မှာ ဘာရေကာတာမှ မဆောက်လုပ်စေချင်ပါဘူး”ဟု ပြောသည်။

သံလွင်မြစ်ပေါ်တည်ဆောက်မည့် ရေကာတာစီမံကိန်းများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် အပြင် သံလွင်မြစ်ပေါ် မှီတင်းနေထိုင်သည့် လူမျိုးများအားလုံးနှင့်လည်း သက်ဆိုင်နေသဖြင့် ရေကာတာ တည်ဆောက်ခြင်းကို လုံးဝ ရပ် ဆိုင်း သင့်သည်ဟုလည်း ဒေါ်နန်းဝါနုက ပြောဆိုသည်။

“စီမံကိန်းအတွက်ဆိုပြီး ပေါ်ပေါ်ထင်ထင်တော့ လုပ်နေတာမတွေ့ရဘူး။ ဒါပေမယ့် စီမံကိန်းအတွက် တပ်အင်အားတွေ တိုးချဲ့တာ တွေကို တွေ့ရတယ်။ တပ်တွေတိုးတဲ့အတွက် ဒေသခံတွေကလည်း အလိုလို ရှောင်တိမ်းနေကြတယ်”ဟု ကရင်ပြည်နယ်မှ ဒေသခံ ကိုကျော်လှ ကလည်း ပြောသည်။

အထက်သံလွင်(မိုင်းတုံ) ရေအားလျှပ်စစ် စီမံကိန်းကို သဘာဝ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အကဲဖြတ်ချက်နှင့် လူမှုဘ၀ ထိခိုက် နစ်နာမှု အကဲဖြတ်ချက်(EIA နှင့် SIA) အစီရင်ခံစာများ ပြုစုထားသည့်အတိုင်း ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်သွားမည်ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမော်သာထွေးက ၂၀၁၄ ခုနစ် စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောဆိုထားသည်။

ထိုစီမံကိန်းနှင့် ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် EcoDev ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းမျိုးသူက“အောက်စ်ဖို့ တက္ကသိုလ် က ထုတ်တဲ့စစ်တမ်းအရ ဆိုရင်တော့ မဂ္ဂါဝပ်များရင် စီးပွားရေးအရ အမြတ်အစွန်း အရမ်းနည်းတယ်။ အကျိုးအမြတ်နည်းရင် ဒီရေကာတာ အနီးမှာရှိတဲ့ ပတ်ဝန်းကျင်၊ လူမှုရေး ပြဿနာတွေကို ဖြေရှင်းပေးမယ် ဆို တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အန္တရာယ်လည်း များမယ်။ အကြီးအကျယ် ထိခိုက်နိုင်တယ်။ နောက်ဆုံး ငြိမ်းချမ်းရေးပါ ထိခိုက်နိုင်ပါတယ်”ဟု ပြောသည်။

ပတ်ဝန်းကျင် ရေရာအရ ပြောရမည်ဆိုပါက သံလွင်မြစ်ကြောပေါ်ရှိသည့် ဇီဝမျိုးကွဲများ လေ့လာထားခြင်း မရှိသေးကြောင်း၊ လက်ရှိတွင် ရာသီဥတုပြောင်းလဲမှုများရှိနေသဖြင့် မြစ်ချောင်းထဲတွင် ရေမည်မျှရှိသည်ကိုလည်း သေချာတိုင်းတာသင့်ကြောင်း၊ ရေ တိုင်း တာ ရာတွင်လည်း ၁၀ နှစ် ကြာတိုင်းတာမှုများ ပြုလုပ်သင့်ကြောင်း၊ လေ့လာဆန်းစစ်မှု သေချာမပြုလုပ်ပါက မြစ်ဝကျွန်းပေါ်များကို သွားရောက် ထိခိုက်နိုင်ကြောင်းလည်း ဦးဝင်းမျိုးသူ က ပြောဆိုသည်။

လက်ရှိတွင် ကွမ်းလုံ စီမံကိန်းသည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ တရုတ်နိုင်ငံမှ Hanergy Holding Group Limited နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ဖက်စပ်၊ တည်ဆောက် လုပ်ကိုင် လွှဲပြောင်း(JV- BOT) စနစ်ဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး ရှမ်းပြည်နယ် အတွင်း သံလွင်မြစ်ပေါ်တွင် ဆက်လက် လုပ်ဆောင်မည့် နောင်ဖ စီမံကိန်းနှင့် နမ်မမြစ်ပေါ်တွင် ဆောက်မည့် မန်တောင်း စီမံကိန်းတို့ကို တရုတ်နိုင်ငံမှ Hydro-china Corporation နှင့် မြန်မာနိုင်ငံမှ International Group Of Entrepreneurs Co.LTD တို့က လုပ်ဆောင် မည် ဖြစ်သည်ဟု ဆိုသည်။

ကျန်စီမံကိန်းများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံမှ Thailand’s EGAT Internationak Co.LTD, China Three Gorges Corporation, China Datang Overseas Investment Co.LTD တို့အပါအဝင် ရွှေတောင်၊ အေးရှားဝေါလ်၊ International Group Of Entrepreneurs Co.LTD တို့က ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်း အများဆုံး လုပ်ကိုင်ခွင့်ရသည့် နိုင်ငံခြားကုမ္ပဏီများသည် တရုတ်နိုင်ငံမှ ဖြစ်ပြီး ပြည်တွင်းမှလည်း အေးရှားဝေါလ်၊ ရွှေတောင်၊ IGE တို့က အများဆုံးလုပ်ခွင့်ရထားသော်လည်း လုပ်ကိုင်ခွင့် ရသည့် အချက်နှင့် ကုမ္ပဏီရွေးချယ်မှု စံနှုန်းများကိုမူဝန်ကြီး ဌာနက အသေးစိတ် ထုတ်ပြန်ခြင်း မရှိပေ။

လက်ရှိ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက လုပ်ငန်းပေါင်း ၁၁ ခု၊ တိုင်းရင်းသား လုပ်ငန်းရှင်များက လုပ်ငန်း ၇ ခု၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၆ ခု၊ စုစုပေါင်း ၆၄ ခုကို လုပ်ဆောင် ရန် ခွင့် ပြုထားကြောင်း သိရသည်။     ။

Loading