ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ထဲက တောအုပ်ကြီးတခုအတွင်းမှာ မတ်လ ၂၃ ရက်နေ့က ရွှေ့ပြောင်း မြန်မာအလုပ်သမား မိသားစု နှစ်စု ထိုင်းအလုပ်ရှင်တဦး ရဲ့ အကြင်နာမဲ့ သွားရောက် စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ်။ စွန့်ပစ်ခံ မိသားစု နှစ်စုဟာ မွန်နဲ့ ဗမာ မိသားစုတွေ ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၁ ယောက်ပါ။
မွန်ဇနီးမောင်နှံက ကလေး ၄ ယောက်ပါပြီး ဗမာ ဇနီးမောင်နှံကတော့ ကလေး ၃ ယောက်ပါပါတယ်။ အဲဒီအထဲမှာ ၄ လသား လူမမယ် ကလေးငယ်လေးတဦးလည်းပါဝင်ပါတယ်။ တယ်လီဖုန်းလိုင်းတွေလည်း မမိ၊ လူသူသွားလာမှု အရိပ်အရောင်တောင် မတွေ့ရတဲ့ တောကြီးမျက်မဲထဲမှာ ထိတ်လန့်ခြောက်ခြားမှုတွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။
“ကျနော်တို့တွေ ထမင်းငတ်နေတဲ့ကြားက သူဌေးက ဘယ်တော့ သေနတ်နဲ့ လာပစ်သတ်မလဲဆိုတာကို ကလေးတွေ တပြုံကြီးနဲ့ တောထဲမှာ ကျနော်တို့ ကြောက်ကြောက် လန့်လန့်နဲ့ နေခဲ့ရတယ်” လို့ အသက် ၄၂ နှစ်အရွယ် ကိုကျော်ကျော် က ပြောဆိုရင်း ငိုပါတော့တယ်။
မြေနိမ့်ရာလှံစိုက်၊ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဆိုတဲ့ စကားပုံ ကတော့ ဒီမိသားစု နှစ်စုအတွက် တကယ်ကို ထိပ်တိုက် ကြုံတွေ့ ခဲ့ရတယ်။ နေရပ်ရင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးတဲ့လို့ မိသားစု အနာဂတ်ရှေ့ရေးအတွက် ရေကြည်ရာမြက်နုရာ ရှာဖွေဖို့ ကြိုးစားရင်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းက ကန်ချနဘူရီ မြို့နယ်ထဲက ကြံခင်း တခုမှာ လုပ်ကိုင် လာခဲ့ကြတာပါ။
ကိုကျော်ကျော် ကတော့ ဧရာဝတီတိုင်း ပြင်စလူမြို့နယ်ခွဲ၊ ကုန်းကြီး ကျေးရွာကပါ။ နာဂစ်ဖြစ်ပြီးတဲ့ နောက်အလုပ်အကိုင်တွေ အဆင်မပြေတော့တဲ့ အခါ မိသားစုနောင်ရေး တွေးပူနေတဲ့ သူ့အတွက် လူပွဲစားတွေရဲ့ ဆွဲဆောင်မှုတွေကြောင့် ရှိတာတွေ ထုခွဲရောင်းချလို့ မိသားစုလိုက် ထိုင်းကို အလုပ်လုပ်ဖို့တက်လာခဲ့တယ်။
ထိုင်းရောက်တော့ ပွဲစားရဲ့လိမ်လည်မှုကို ခံရပြီး နောက်ဆုံး ကန်ချနဘူရီက ကြံခင်းမှာ ဖြစ်သလိုရုန်းကန်ခဲ့ကြရပါတယ်။ နေပူမရှောင်၊ မိုးရွာမရှောင် လုပ်ရပေမယ့် ထိုင်းနိုင်ငံရဲ့ ဥပဒေ အရ အလုပ်သမားတယောက်ဟာ တရက်ကို ဘတ်သုံးရာ (ကျပ် ၉ ထောင်) ရရှိခွင့်ကိုလည်း မခံစားရတဲ့ အပြင် တရက် လုပ်အားခ ဘတ် တရာနဲ့ ထိုင်းသူဌေးရဲ့ ထပ်ဆင့် ဖိနှိပ်ခြင်းကို ခံခဲ့ရပြန်ပါတယ်။
တရက် ဘတ်တရာနဲ့ သူဌေး ခိုင်းသမျှ လုပ်နေရတဲ့ အခြေအနေမှာ မဖြစ်မနေ လုပ်ရမယ့် ထိုင်းနိုင်ငံအတွင်း နေထိုင် လုပ်ကိုင်ခွင့် လက်မှတ်ကို ရှိစုမဲ့စုနဲ့ ရှာကြံ လုပ်ခဲ့ရပါတယ်။ တနှစ်လုံးရှာထားရတဲ့ ငွေဟာ ၁၅ နှစ်သား သားတယောက်နဲ့ သူတို့ဇနီးမောင်နှံ နေထိုင်ခွင့် လက်မှတ်လုပ်ဖို့ မလုံလောက်တဲ့ အတွက် သူဌေးဆီမှာ အကြွေးတက်သွားခဲ့ရပါတယ်။
လက်မှတ်ဖိုးတွေ ဆပ်လို့ ကျေလုနီးလာလို့ ဖိအားတွေ လျော့တော့မယ်ရှိတုန်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလထဲမှာ အသက် ၁၅ နှစ် အရွယ် သားဖြစ်သူ အပါအဝင် မွန်မိသားစုရဲ့ ၁၅ နှစ်သားတို့နှစ်ဦး ဆယ်ဘီးကား တိုက်ပြီးသေဆုံးသွားပြန်ပါတယ်။ အလုပ်ရှင်ရဲ့ အမျိုးတဦးက ဆွေမျိုးတယောက်ကို သွားရောက် ကြိုဖို့လွှတ်လိုက်ရာက ဆယ်ဘီးကားနဲ့ တိုက်မိပြီး ရုပ်ပျက်ဆင်းပျက် ဆုံးသွား ခဲ့ရတာလို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အပြင်ကို မပေါက်ကြားစေဖို့ ပြေလည်အောင် ဆောင်ရွက်ပေးမယ်ဆိုပြီး အလုပ်ရှင်က ဖိအားပေး ပြောဆိုခဲ့မှုကိုလည်း မိသားစု နှစ်စုလုံးကြုံတွေ့ခဲ့ကြရတယ်။ သားဖြစ်သူသေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်ဖို့နဲ့ အကြွေးတွေလည်းကျေသွားပြီဖြစ်တဲ့ အတွက် အလုပ်ပြောင်းဖို့ သူတို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် သူဌေးက ဒီလုပ်ရပ်ကို လုံးဝင်လက်မခံနိုင်ဘဲ ခြိမ်းခြောက်မှုတွေကို သူတို့ ထပ်မံခံခဲ့ကြရပါတယ်။
“ကျနော်တို့တွေက ပြောင်းမယ်၊ ရွှေ့မယ် တိုင်မယ် တောမယ်လုပ်တော့ ဒီလ ၂၂ ရက်နေ့က သူဌေးမနဲ့ သူမောင်က မွန် မိသားစု ကို ကျနော့်အိမ်ရှေ့ကနေ သေနတ်ကြီး ကိုင်ပြီး မတ်တပ်ရပ်ပြီး ကြည့်နေတယ်။ ကျနော်လည်း ကြောက်လို့ ထွက်မကြည့်ရဲဘူး။ ပြန်လည်းမပြောတတ်ဘူး။ ပြန်လည်း မပြောရဲဘူး” လို့ ကိုကျော်ကျော် က ပြန်ပြောပြပါတယ်။
အလုပ်ပြောင်းဖို့ ဆုံးဖြတ်လိုက်တဲ့ သူတို့ မိသားစုနှစ်စုကို မတ်လ ၂၃ ရက်နေ့မှာ အလုပ်ရှင်အမျိုးသမီးက ကားပေါ် တက်ခိုင်းပြီး လက်ကိုင်ဖုန်းကို သိမ်းဆည်းလိုက်ရပြီးတဲ့နောက် စိုးရိမ်မှုတွေ ပိုတိုးလာတဲ့ အတွက် ပြန်ပို့ရင်လည်း မြန်မာပြည်နယ်စပ်ကို ပြန်ပို့ပေးဖို့ မိသားစုတွေက ငိုယိုတောင်းပန်ခဲ့ပေမယ့် အလုပ်ရှင်က သူ့ဆုံးဖြတ်ချက်ကို မပြင်ဘဲ ပစ္စည်းတွေပါ သိမ်းပြီး ကားပေါ် အတင်းတက်စေခဲ့ပါတယ်။
ကားကို နာရီ အတော်ကြာကြာ မြေလမ်းအတိုင်းမောင်းပြီး ကန်ချန ဘူရီခရိုင်အတွင်းက တောအုပ်တခု အတွင်းကို ပို့ထားခဲ့တာ ဖြစ်ပါတယ်။ နေစရာ စားစရာမရှိတဲ့ တောအုပ်ထဲမှာ ထားခဲ့တဲ့ သူတို့ကို သူဌေးက သူတို့ကို လာပြန်ပြီး သတ်လိမ့်မယ်ဆိုပြီး သူတို့သံသယစိတ်တွေနဲ့ စိုးရိမ်နေကြရပြန်ပါတယ်။
တောနက်ထဲနေစရာ၊ စားစရာမရှိ ချောက်ခြားနေရတဲ့ အထဲ မိုးတွေရွာချတဲ့ အတွက် အားလုံးမိုးတွေစိုးကုန်ပြီး တညလုံး တောထဲမှာ ဖြစ်သလိုဖြတ်သန်းခဲ့ကြရပါတယ်။ နောက်တနေ့မှာတော့ အဲဒီတောထဲက ရာဘာခြံတခုမှာ အလုပ်လုပ်နေတဲ့ မွန်မိသားစုတစုကတွေ့ပြီး သူတို့ တဲမှာ လာနားခိုဖို့ ကူညီခဲ့တဲ့အတွက် အားတက်ခဲ့ကြရပြန်ပါတယ်။
“ရာဘာခြံတဲ ရောက်တော့ သူတို့မှာ ထမင်းတော့ ရှိတယ်။ ဟင်းမရှိဘူး။ အဲဒါနဲ့ ဘေးနားက အရွက်တွေ ပြုတ်ပြီးတော့ စားကြတယ်။ ကျနော့်မိန်းမကတော့ ရေဆမ်းပြီးစားတယ်။ အဲဒီတဲမှာလည်း မိန်းမတွေနဲ့ ကလေးတွေပဲ ဖြစ်သလို စုပြီး အိပ်ကြတယ်။ ဖအေဖြစ်တဲ့ ကျနော်တို့ နှစ်ယောက်ကတော့ သူဌေးလာပြန်သတ်မှာစိုးလို့ စောင့်ကြည့်နေရတာ” လို့ ကိုကျော်ကျော် က မချိတင်ကဲလေသံနဲ့ ပြောပါတယ်။
သူတို့နောက်မှ သိလိုက်ရတာက ဒီတောနက်နဲ့ တနာရီလောက်လမ်းလျှောက်သွားရတဲ့ နေရာမှာ ပန်ထဝမ် ဆိုတဲ့ ထိုင်းရွာလေး တရွာရှိနေကြောင်းပါ။ မြန်မာမိသားစုတွေကို တောထဲလာပို့သွားသူနဲ့ စကားပြောဖြစ်လိုက်တဲ့ ဒေသခံ အမျိုးသမီးက သူတို့ ကံကောင်းပုံကိုလည်း ပြန်ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီအမျိုးသမီးက ကျနော်တို့ကိုလာပို့သွားတဲ့လူကို သူမေးတော့ ကျနော်တို့ကလေးတွေပါလို့ မပါရင် အကုန်လုံးပစ်သတ်တယ်လို့ သူကပြန်ပြောတယ်” ဆိုပြီး ကိုကျော်ကျော် ကပြန်ရှင်းပြပါတယ်။ ကိုကျော်ကျော်က ဒီလိုခြောက်ခြားဖွယ်ရာ ဒုက္ခတွေ ကြားမှာ သူတို့ရဲ့ကလေးတွေ ကြုံတွေခံစားနေရတဲ့ အပေါ်မှာ စိတ်ထိခိုက်နေပုံရပါတယ်။ ဒီအဖြစ်အပျက်တွေကို ပြောပြနေရင်းနဲ့ ဝမ်းနည်းစိနဲ့ အသံတွေ တုန်ရင်လာပြီး ငိုပါတယ်။
တောထဲမှာ လေးရက်အကြာနေခဲ့ရတဲ့ အချိန်အတွင်း ရာဘာခြံက မြန်မာနိုင်ငံသားတွေရဲ့ အကူအညီနဲ့ တောင်ပေါ်တက်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ကို အဆက်အသွယ်ရဖို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ကြိုးစားပါတယ်။ နောက်ဆုံး ၄ ရက်မြောက်တဲ့နေ့မှာ MAT ဒါရိုက်တာ ဦးကျော်သောင်းက မြန်မာသံရုံး အကူအညီနဲ့ သူကိုယ်တိုင် ဦးဆောင်ပြီး နယ်မြေခံ ထိုင်း ရဲတပ်ဖွဲ့၊ စစ်တပ်တွေနဲ့ အတူ လာရောက်ခေါ်ဆောင်ခဲ့သွားပါတယ်။
“ကျနော်တို့သွားရှာတဲ့ အချိန် နယ်မြေခံ ရဲရော၊ စစ်တပ်ကပါ ဝိုင်းကူတယ်။ တကယ့်တောထဲကိုရောက်နေကြတာ။ သူတို့လည်း ကလေးတပြုံကြီးနဲ့ တော်တော်ဒုက္ခရောက်နေကြရတာ။ အခုတော့ ဘန်ကောက်က ကျနော်တို့ MAT ရုံးမှာ စောင့်လျှောက် ထားပါတယ်” လို့ MAT ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။
ထိုင်းလုပ်ငန်းရှင်ကို မြန်မာမိသားစုနှစ်စုကို အကြင်နာမဲ့ တောတွင်းသွားရောက် စွန့်ပစ်မှုအပါအဝင် ကလေးသေဆုံးမှု အမှုဖျောက်ဖျက်ဖို့ကြိုးစားမှုတို့ကို အရေးယူဆောင်ရွက်နိုင်ရေးနဲ့ သေဆုံးသူကလေးတွေအတွက် နစ်နာကြေးရရှိဖို့အတွက် ထိုင်းရှေ့နေတွေနဲ့ ဥပဒေအရ တိုင်ပင်ဆောင်ရွက်နေတဲ့အကြောင်းလည်း ဦးကျော်သောင်းက ရှင်းပြပါတယ်။
MAT အဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်းမှာ ရောင်းစားခံနေရတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေ အကူအညီနဲ့ လိုက်လံ ကယ်တင်တာ၊ မြန်မာအလုပ်သမားတွေ နည်းမျိုးစုံနဲ့ မတရားခံရမှုတွေကို ဖြေရှင်းပေးတာတွေ လုပ်ပါ တယ်။
ထိုင်းနိုင်ငံ အနှံ့အပြားမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ သန်းနဲ့ချီရှိနေတာ ဖြစ်တဲ့ အတွက် လက်ရှိမြန်မာမိသားစုတွေ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာမျိုးတင် မကဘဲ နည်းမျိုးစုံနဲ့ ဖိနှိပ်ခေါင်းပုံဖြတ်ခံရတာတွေရှိနေပါတယ်။ MATအနေနဲ့ လက်လှမ်းမီတဲ့ ပြဿနာတွေကို ကူညီနိုင်ခဲ့တာတွေရှိပေမယ့် မြန်မာအစိုးရအနေနဲ့ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လာရင်တော့ ထိထက်မက ဖြေရှင်းပေးနိုင်တာတွေဖြစ်လာနိုင်ပါတယ်။
ခြောက်ခြားမှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ မြန်မာ မိသားစုနှစ်စုကတော့ ကိစ္စတွေပြီးရင် မြန်မာနိုင်ငံနေရပ်ရင်းကို ပြန်ကြဖို့ ဆန္ဒရှိနေကြပါတယ်။ နေရပ်ရင်းပြန်ရောက်ရင် ဘာသာစကားပြဿနာ ဖိနှိပ်ခြိမ်းခြောက်မှုတွေက လွတ်မြောက်မှာ ဖြစ်ပေမယ့် အလုပ်အကိုင်ရှားပါးမှုဒဏ်ကိုတော့ တွေ့ကြုံရဦးမယ့် အခြေအနေကြုံနိုင်ပါသေးတယ်။
မိသားစုအရေးအတွက် ရည်မှန်းချက်ကြီးကြီးနဲ့ တဖက်နိုင်ငံကို ခြေဆန့်ခဲ့ကြပေမယ့် ဒုက္ခတွေ အမျိုးမျိုး ကြုံတွေ့ကြရပြီး ရည်မှန်းချက်တွေ မအောင်မြင်တဲ့ အပြင် သားတွေလည်း ဆုံးရှုံးခဲ့ရမှုနဲ့ အတူ စိတ်ဒဏ်ရာတွေရခဲ့ကြရပါတယ်။ သူတို့ရဲ့ မျက်ဝန်းတွေထဲမှာလည်း ယုံကြည်မှုတွေ၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတာကို စိတ်မကောင်းစွာတွေ့ရပါတယ်။
အသေချာဆုံးကတော့ သူတို့ ပြန်တဲ့အချိန်ကြရင်တော့ အလာတုန်းက အတူပါလာတဲ့ သားနှစ်ယောက်ကတော့ သူတို့နဲ့ အတူ ပြန်ပါသွားမှာမဟုတ်တော့တဲ့ အတွက် သူတို့ စိတ်မကောင်းဖြစ်မိကြမှာ အမှန်ပါ။