ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်နေသူများကို နိုင်ငံတော်ဘဏ္ဍာငွေမှ သင့်တင့်သည့် စရိတ် ချီးမြှင့်ငွေ ခံစားရရှိနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်က မတ်လ ၂၄ ရက်တွင် အတည်ပြုခဲ့ကြောင်း သတင်း ရရှိသည်။
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသူများကို တိုင်းနှင့် ပြည်နယ်အဆင့်တွင် တဦးလျှင် တလ ကျပ်နှစ်သိန်း၊ ခရိုင်အဆင့်တွင် တလ ကျပ် တသိန်းခွဲ၊ မြို့နယ်အဆင့်တွင် တလ ကျပ် တသိန်း နှုန်းတို့ဖြင့် ထောက်ပံ့ပေးရန် အခြေခံ လျာထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက ပြည်သူ့ လွှတ်တော်တွင် ပြောကြားသည်။
သို့သော် ထိုက်သင့်သည့် လစဉ်ထောက်ပံ့ကြေး လစာ(သို့မဟုတ်)ချီးမြှင့်ငွေများ နိုင်ငံတော် ဘဏ္ဍာငွေမှ ထုတ်ယူ ခံစားခွင့် ပေးနိုင် ရေး အတွက်ကိုမူ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ မရှိသေးသည့်အတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်းလည်း ဦးဝင်းကိုက ပြောသည်။
ကမာရွတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသန်းထွန်းအောင်က “ကျနော်တို့ မြို့နယ် ကော်မရှင်မှာ ၁၅ ယောက် ရှိတယ်။ ၉ ယောက်က ဌာနဆိုင်ရာက ဆိုတော့ မရဘူး။ ရပ်မိရပ်ဖ ၆ ယောက်ကတော့ အစည်းအဝေး တက်တဲ့နေ့ဆိုရင် ၃၀၀၀ ရတယ်။ ကျန်တဲ့ရက်တွေတော့ မရဘူး။ မဲရုံးမှူးတွေက ရွေးကောက်ပွဲ လုပ်တဲ့ရက်မှာ ၁၀၀၀ ရတယ်”ဟု ဧရာဝတီသို့ ပြော သည်။
ယခုအခါ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်နေသူများကို စရိတ်နှင့် ချီးမြှင့်ငွေ ပေးမည်ဆိုပါက တနှစ် လျှင် ၃၄၅၈ ဒသမ ၄ သန်း ကုန်ကျမည်ဟု ကော်မရှင်က ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကလည်း “ရပ်ကျေးမှာ ဆောင်ရွက်ကြရတဲ့ မဲရုံတာဝန်ရှိသူတွေဟာ ရွေးကောက်ပွဲ ကျင်းပတဲ့ တနေ့တည်းမှာပဲ သူတို့အတွက် ခံစားခွင့်တွေ ၁၀၀၀ ရယ်၊ ၃၀၀၀ ရယ်။ ဒါဟာ နေ့တွက် အလုပ်သမား တယောက်ရဲ့စရိတ်တောင်မှ ဒီထက်မက ရပါတယ်”ဟု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
ရွေးကောက်ပွဲ လုပ်ငန်းများနှင့်ပတ်သက်၍ ပြုလုပ်သည့် အစည်းအဝေးကာလများနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် သို့ ခရီးသွားလာရသည့် ရက်များအတွက် ကော်မရှင်မှ သတ်မှတ်ပေးထားသည့် နေ့ရက်ထက် မပိုစေဘဲ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် တဦးလျှင် အစည်းအဝေးထိုင်စရိတ်ကို ကျပ် ၅၀၀၀ နှင့် ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်တဦးလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ထုတ်ပြန်ထားသည့် ဘဏ္ဍာရေးညွှန်ကြားချက်နှင့်အညီ ထုတ်ယူခံစားခွင့်ပေး လျက်ရှိကြောင်းလည်း သိရသည်။
လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က“ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် အများယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်များအဖြစ် တာဝန်ထမ်းဆောင်နေကြသူများကို နိုင်ငံတော်၏ ဘဏ္ဍာငွေမှ သင့်တင့်လျောက်ပတ်သည့် စရိတ်ချီးမြှင့်ငွေ ခံစားနိုင်ရေးအတွက် သက်ဆိုင်ရာ ဥပဒေများ၌ ပြင်ဆင်၊ ဖြည့်စွက်၊ ပြဋ္ဌာန်းပေးသင့်ကြောင်း” အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင်၏ အဆိုကို ပြည်သူ့လွှတ်တော်က ထောက်ခံမဲ ၃၁၂ မဲဖြင့် အတည်ပြုပေးခဲ့သည်။