နယ်သာလန်ဘုရင်မ မက်စီမာသည် မြန်မာနိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်အတွက် ယနေ့ရောက်ရှိပြီး မြန်မာ့ငွေကြေးစနစ် အထူးသဖြင့် ဘဏ်၊ အာမခံနှင့် ပင်စင်လုပ်ငန်းများ ဖွံ့ဖြိုးရေး ကုလသမဂ္ဂ ကိုယ်စားလှယ်အနေဖြင့် လေ့လာသွားမည်ဖြစ်သည်။ အဆိုပါကိစ္စဖြင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘဏ်အရာရှိများ၊ ဆက်သွယ်ရေးကုမ္ပဏီအရာရှိများ၊ အသေးစားငွေချေးသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဟုလည်း သိရသည်။
ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရန်လည်း ရှိသည်။ ထို့အပြင် ငွေကြေးစနစ်နှင့် မြန်မာလူထု ကင်းကွာနေရခြင်း ပြဿနာကို မျက်မြင်ကြားသိနိုင်ရန် ကွင်းဆင်းလေ့လာမည်ဟုလည်း သိရသည်။
နယ်သာလန်ဘုရင်မ၏ ယခု ခရီးစဉ်သည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုဖြင့်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုတွင် နယ်သာလန်နိုင်ငံသို့ ဦးသိန်းစိန် သွားရောက်ပြီး ဘုရင်မ မက်ဆီမာနှင့် သီးခြားတွေ့ဆုံခဲ့မှု နောက်ဆက်တွဲရလဒ်လည်း ဖြစ်သည်။
မြန်မာပြည်တွင် ဘဏ်လုပ်ငန်းများ ခေါင်းပြန်ထောင်လာသော်လည်း ပြည်သူလူထု အများစုနှင့် ဆက်စပ်ပတ်သက်နိုင်ခြင်း မရှိပါ။ လိုအပ်သော ချေးငွေကို ဘဏ်များက ချေးငှားနိုင်ခြင်း မရှိသေးပါ။
“မိုဘိုင်းဘဏ်တွေက ရွေးစရာ နောက်နည်းလမ်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဥပဒေ ရေးဆွဲပြဌာန်းနိုင်ဖို့ လိုနေသေးသလို ကျေးလက်တွေဆီကို မိုဘိုင်းဖုန်း ဖြန့်ကျက်နိုင်မှုကလည်း လိုအပ်နေပါတယ်။ အာမခံနဲ့ စုငွေတွေရဲ့ လိုအပ်မှု၊ အသုံးဝင်မှုတွေကို လူတွေ သိလာအောင် လုပ်ဖို့လည်း လိုနေပါသေးတယ်” ဟု နယ်သာလန်သတင်းစာ De Telegraaf က ရေးသားထားသည်။
မြန်မာအစိုးရအနေဖြင့် ဘုရင်မမက်ဆီမာနှင့် နေပြည်တော်တွင် ဗုဒ္ဓဟူးနေ့၌ တွေ့ဆုံရာတွင် ယင်းအစီအစဉ်များ အကောင်အထည်ဖော်ရေး စတင်ရန် ကြေညာမည်ဖြစ်သည်။ မက်ဆီမာသည် မြန်မာနိုင်ငံ ဗဟိုဘဏ်အရာရှိများနှင့် တွေ့ပြီး မိုဘိုင်းဘဏ်နှင့် အသေးစားငွေချေးရေး လုပ်ဆောင်ရန် ပြောဆိုမည်ဟုလည်း သိရသည်။