ည ၆ နာရီ ထိုးခါနီးပြီ ဖြစ်၍ ဦးသိန်းလှအောင် တယောက် အလုပ်သွားရန် အတွက် ထမင်းထုပ်နှင့် ရေဘူးများ ပြင်ဆင်နေသည်။ သူ့အလုပ်က ပုသိမ် ကွန်ပျူတာတက္ကသိုလ်၌ ညစောင့်လုံခြုံရေး ဝန်ထမ်းဖြစ်သည်။ ဒီအလုပ်က သူ့ အတွက် အရေးကြီးသည်။ အကြောင်းရင်းကတော့ တပ်မတော်မှ ဆေးပင်စင်ဖြင့် အငြိမ်းစားယူ၍ နုတ်ထွက်ခဲ့ပြီး နောက်ပိုင်း ပထမဆုံး ရရှိခဲ့သည့် လခစားဝန်ထမ်း အလုပ် ဖြစ်နေသောကြောင့် ဖြစ်သည်။
ည ၆ နာရီမှ နံနက် ၆ နာရီအထိ ညစောင့် တာဝန် ထမ်းဆောင်ပြီး သော်လည်း တနေ့လုံး အိပ်စက် အနားယူရန် သူ့မှာ အချိန် မရှိပါ။ ထိုသို့ အနားယူခဲ့လျှင် သူတို့မိသားစု စားဝတ်နေရေး ထိခိုက်သွားနိုင်သည်။ ထို့ကြောင့် နံနက်ပိုင်းတွင် ခေတ္တအိပ်စက်ပြီးနောက် နေ့လယ်ခင်းပိုင်းတွင် အပိုဝင်ငွေရရန် ပုသိမ်မြို့တွင်း၌ ဆိုင်ကယ် တက္ကဆီဆွဲသည့်အလုပ်ကို သူဆက်လုပ်သည်။
“ကျနော့်မှာ သားသမီး ၃ ယောက် ရှိတယ်။ အမျိုးသမီးနဲ့ ကျနော် အပါအဝင် မိသားစု ၅ ယောက် ရှိတယ်။ ဒီမိသားစု စားဝတ်နေရေးက ကျနော်ရတဲ့ ပင်စင်လစာနဲ့ မလောက်ဘူးလေ။ အဲဒီတော့ ညဘက်မှာ ညစောင့် လုပ်ပြီး နေ့ခင်းဘက် ဆိုင်ကယ်တက္ကဆီ ဆွဲတယ်။ ဒါတောင်မှ မိသားစု စားလောက်ရုံပဲ ရှိတယ်” ဟု အိပ်ရေး မဝသည့် မျက်လုံးများကို ပွတ်သပ်ရင်း တပ်ကြပ်ဟောင်း ဦးသိန်းလှအောင် (ကိုယ်ပိုင်အမှတ် – ၅၄၆၃၂၉) က ပြောပြသည်။
သူ တပ်ထဲ စဝင်ချိန်က အသက် ၁၇ နှစ်ဖြစ် သည်။ တပ်မတော်သား ဖခင်ဖြစ်သူ၏ တိုက်တွန်း ချက်အရ ၁၉၇၉ ခုနှစ်၌ သူတပ်ထဲ ဝင်ခဲ့ခြင်း ဖြစ်သည်။ တပ်ထဲဝင်ပြီးနောက်ပိုင်း သူ့မိခင်တပ် ဖြစ်သည့် တပ်မ (၇၇) လက်အောက်ခံ အမှတ် (၁၀၆) ခြေမြန် တပ်ရင်းနှင့်အတူ ရှမ်းပြည်တောင်ပိုင်း ပန်ဆန်း ဒေသတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် တိုက်ခိုက်သည့် ပြည်တွင်းစစ်ပွဲများ အတွင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရသည်။
ထို ရှေ့တန်းတိုက်ပွဲများ အတွင်း ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရရှိဘဲ အကောင်းပကတိ ရှိသော ခြေလက်တို့ဖြင့် သူ အိမ်ပြန်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် တပ်ထိန်းတာဝန်ဖြင့် ဒေသအနှံ့အပြား၌ တာဝန် ထမ်းဆောင်ခဲ့သည်။
တပ်မတော်သား အဖြစ် တာဝန် ထမ်းဆောင်ချိန်က ဆန်၊ ဆီ၊ ဆား၊ ပဲ၊ နို့ဆီ၊ သကြား၊ ငရုတ်၊ အာလူး၊ ရိက္ခာငွေနှင့် လစာငွေများ ခံစားခဲ့ရပြီး အဆင်ပြေ တလှည့်၊ မပြေ တလှည့်ဖြင့် ဘဝကို ဖြတ်သန်းခဲ့ရသည်ဟု သူက ပြောပြသည်။
စစ်သက် ၂၄ နှစ် အရောက် ၂၀ဝ၃ ခုနှစ်တွင် ရှေ့တန်းတိုက်ပွဲက ရခဲ့သည့် ရောဂါဟောင်းများက သူ့ခန္ဓာ ကိုယ်ကို ဒုက္ခ ပေးခဲ့သည်။ ငှက်ဖျားပိုးကြောင့် ဦးနှောက်ရောင်ရောဂါ ခံစားခဲ့ရပြီး မျက်စိဝေဒနာက ခွဲစိတ် ကုသရသည် အထိ ဆိုးဝါးခဲ့သည်။ ယင်း ဝေဒနာများ ကြောင့် စစ်ဆေးရုံ၏ ထောက်ခံချက်ဖြင့် ၂၀ဝ၃ ခုနှစ်မှာပင် ဦးသိန်းလှအောင် တယောက် တပ်မတော်မှ အငြိမ်းစား ယူခဲ့သည်။
တပ်မှ ထွက်ချိန်တွင် ရရှိခဲ့သည့် လုပ်သက် ခံစားခွင့် ငွေဖြင့် ပုသိမ်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာတွင် အိမ်လေး တလုံးကို ငွေ ၇ သောင်းကျပ် ဖြင့် ဝယ်ယူကာ ဘဝသစ်ကို စတင်ခဲ့သည်။
ငယ်ရွယ်စဉ် ကတည်းက တပ်ထဲဝင်ခဲ့ပြီး အရွယ်ကောင်းစဉ် ကာလတလျှောက်လုံး တပ်မတော် အတွက် အလုပ်အကျွေး ပြုခဲ့သူ ဦးသိန်းလှအောင် တယောက် တပ်က ထွက်ချိန်တွင် အသိတခု ရရှိခဲ့ သည်။ ယင်းမှာ တပ်ထဲတွင် တာဝန် ထမ်းဆောင်စဉ် အတွင်း ပြင်ပလောက၌ ရပ်တည်နိုင်လောက်သည့် အသက်မွေး ဝမ်းကျောင်းပညာ တခုတလေမှ မတတ် မြောက်ခဲ့ခြင်း ဟူသော အသိ ဖြစ်သည်။
တပ်မတော်မှ အကြောင်း အမျိုးမျိုးဖြင့် နုတ်ထွက် ခဲ့ကြသည့် အောက်ခြေ အဆင့် စစ်သား ၁၀ဝ တွင် ၇၀ ခန့်မှာ စားဝတ်နေရေး မပြေလည်ဘဲ အခက်အခဲ များစွာဖြင့် ဘဝကို ရုန်းကန်နေရကြောင်း တပ်မ တော်တွင် ၂၆ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစား ဒု အရာခံဗိုလ် ဦးသောင်းဝင်းက ပြောပြသည်။
“တချိန်က တပ်ထဲမှာ အတူနေခဲ့သူတွေ အခု ပြန်တွေ့တဲ့အချိန်မှာ တချို့က ဆိုက်ကားနင်းတယ်၊ တချို့က ကွမ်းယာ ရောင်းတယ်။ တချို့ဆို ကြုံရာ ကျပန်း လုပ်နေရတယ်။ စစ်သားဟောင်း ၁၀ဝ မှာ စားဝတ်နေရေး မပြေလည်ဘဲ ရုန်းကန်နေသူက ၇၀ လောက် ရှိမယ်။ အဓိကကတော့ အသက်မွေး ဝမ်းကျောင်းပညာ မတတ်ကြလို့ ပေါ့ဗျာ” ဟု သူက ဆိုသည်။
ဦးသိန်းလှအောင် ကတော့ ကံကောင်း ထောက် မစွာဖြင့် ညစောင့် အလုပ်ရရှိခဲ့ပြီး နေ့ဘက်ဆို ဆိုင်ကယ်တက္ကဆီဆွဲ၊ ညဘက်ဆို ညစောင့်လုပ်ရင်း ဘဝကို ဖြတ်သန်းနေချိန်တွင် သူ ၂၄ နှစ် တာဝန် ထမ်းဆောင်ခဲ့သည့် တပ်မတော်က သူ့ ဘဝကို မုန်တိုင်း ထန်စေခဲ့သည်။
သူ၏ လုပ်သက်ခံစားခွင့် ငွေဖြင့် ဝယ်ယူခဲ့သည့် ရွာသစ်ကုန်းကျေးရွာမှ နေအိမ်မှာ တပ်ပိုင်မြေ အတွင်း ကျရောက် နေသည် ဟု ဆိုကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၃၈)၊ ခြေလျင်တပ်ရင်း (ခလရ – ၃၈) က တပ်ပိုင်မြေ ကျောက်တိုင်များ စိုက်ထူခဲ့ပြီး ဦးသိန်းလှအောင် အပါအဝင် စစ်မှုထမ်းဟောင်း မိသားစု ၆ စုကို ထိုနေရာမှ ဖယ်ရှားပေးရန် အမိန့် ထုတ်ခဲ့သည်။
အဆိုပါ မိသားစု ၆ စု အနက် ဦးသိန်းလှအောင် တို့မှလွဲ၍ ကျန်မိသားစုများမှာ ခလရ – ၃၈ တပ်မှ အငြိမ်းစား ယူခဲ့ကြ သည့် စစ်သားဟောင်းများ ဖြစ်သည်။ မိမိတပ်မှ အငြိမ်းစားယူခဲ့သူ စစ်သား ဟောင်းတို့၏ နေအိမ်များကို မိခင်တပ်ရင်း ဖြစ်သည့် ခလရ (၃၈) က လျော်ကြေးပေးခြင်း၊ မြေအစား ပြန်ပေးခြင်း မရှိဘဲ ဖယ်ခိုင်းခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ကို တပ်ပိုင်မြေထဲမှာ ကျူးကျော် နေတယ် ဆိုပြီး အတင်း ဖယ်ခိုင်းတယ်။ ကျနော်တို့ကလည်း တပ်က ထွက်တုန်းက ရတဲ့ လုပ်သက် ခံစားခွင့် ငွေလေးနဲ့ ဝယ်ထားကြတာ၊ နေတာလည်း ၁၀ နှစ် ကျော်နေပြီ ဆိုတော့ ဖယ်မပေးနိုင်ဘူး ဆိုပြီး သူတို့ အမိန့်ကို ငြင်းဆန်ခဲ့တယ်” ဟု ဦးသိန်းလှအောင်က ပြောပြသည်။
ထိုသို့ ငြင်းဆန်ခဲ့သည့် အတွက် ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ခလရ (၃၈) တပ်မှ အရာရှိ တဦး ဦးဆောင် သည့် တပ်မတော်သား ၅၀ ခန့်က ပေါက်တူး၊ သံတူရွင်း၊ တူ၊ လွှ၊ ပုဆိန်စသည့် ကိရိယာများ ကိုင်ဆောင်ကာ ဦးသိန်းလှအောင် တို့ နေအိမ်များဆီသို့ ရောက်လာခဲ့ကြပြီး တပ်ပိုင်မြေ ကျောက်တိုင် စိုက်ထားသည့် ဧရိယာအတွင်းမှ နေအိမ်များကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြသည်။
စစ်သားဟောင်း မိသားစုများမှာ ကူပါ၊ ကယ် ပါ အော်ဟစ်ရင်း အကူအညီတောင်းခံခဲ့တာကြောင့် ရွာသစ်ကုန်းကျေးရွာ ဒေသခံများနှင့် ပုသိမ်မြို့ခံ သတင်းမီဒီယာများ ရောက်ရှိလာခဲ့ပြီး နောက် ခလရ (၃၈) တပ်မှ ဖျက်ဆီးမှုများ ရပ်ဆိုင်းခဲ့ သည့် အတွက် စစ်မှုထမ်းဟောင်း မိသားစုတို့၏ နေအိမ်များ မပြိုမလဲ ကျန်ရှိခဲ့သည်။
အဲဒီ အထဲက အိမ်တအိမ် ဆိုရင် သိမ်းတဲ့ မြေထဲမှာ တအိမ်လုံး မပါဘဲ ဘုရားခန်းပဲ ပါသွားတယ်၊ အဲဒါကို တပ်က ဘုရားဆင်းတုတွေ၊ ကျောင်း ဆောင်တွေ ဘာမှ မဖယ်ရသေးဘဲ အဲဒီ ဘုရားခန်းနဲ့ အိမ်မကြီး ဆက်ထားတဲ့နေရာကို သံတူရွင်းနဲ့ ခွာထားတယ်” ဟု အခင်းဖြစ်နေ့က ထိုနေရာသို့ သွားရောက်သတင်းယူခဲ့သူ ပုသိမ်မြို့ခံ သတင်း ထောက်တဦးက ပြောပြသည်။
ဦးသိန်းလှအောင်တို့ စစ်မှုထမ်းဟောင်းများ၏ ကံဆိုးမှုက ထိုမျှနှင့် မရပ်တန့်သေးပါ။ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ခလရ (၃၈) တပ်ရင်းကိုယ်စား ဗိုလ်ကြီး ဘော်နီစိုးက တရားလို ပြုလုပ်၍ စစ်မှုထမ်းဟောင်း ၆ ဦးကို ပုဒ်မ ၄၄၇ (တပ်ပိုင်မြေ ကျူးကျော်မှု) ဖြင့် ပုသိမ်မြို့နယ် တရားရုံးတွင် တရားစွဲဆို ခဲ့သည်။
နောက်ပိုင်းတွင် တရားခံစာရင်းမှ ၃ ဦးကို ပယ်ဖျက်ပေးခဲ့ပြီး စစ်သားဟောင်း ဦးသိန်းလှအောင်၊ ဦးကျော်သိန်းနှင့် ကွယ်လွန်သူ ဦးတင်မြင့်၏ ဇနီး ဒေါ်ချယ်ရီစိုးမိုးသွင် တို့ကိုသာ ခလရ (၃၈) တပ်က ဆက်လက် တရားစွဲဆိုခဲ့သည်။
၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးပါရန် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင် တို့ထံ စာရေးသား တိုင်တန်းခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိခဲ့ ကြောင်း တရားစွဲ ခံနေရသည့် စစ်မှုထမ်းဟောင်းများက ပြောပြသည်။
“ကျနော့် ဘဝ အရွယ်ကောင်းချိန် တခုလုံး၊ ၂၄ နှစ် လုံးလုံး တပ်မတော်အတွက် တာဝန်ထမ်းဆောင် ပေးခဲ့တာ ကိုတောင် မထောက်ထားဘဲ ၁ ဧကတောင် မပြည့်တဲ့ ကျနော်တို့ စစ်မှုထမ်းဟောင်းတွေ နေတဲ့ နေရာလေးကို အခုလို တပ်ပိုင်မြေ လုပ်၊ အတင်းဖယ် ခိုင်း၊ မဖယ်လို့ တရားစွဲတဲ့ကိစ္စ အပေါ် ကျနော် တကယ် စိတ်မကောင်းဘူးဗျာ” ဟု တပ်ကြပ်ဟောင်း ဦးသိန်းလှအောင်က ဝမ်းနည်းစွာဖြင့် ပြောပြသည်။
စကားပြောရင်းက မျက်နှာတခုလုံး နီမြန်းလာခဲ့ ပြီး သူ့မျက်လုံးအိမ်တွင် မျက်ရည်များရစ်ဝဲလာသည်။ စို့နေသော မျက်ရည်များကို လက်ခုံဖြင့်သုတ်လိုက်ပြီး သူစကားဆက် ပြောသည်။
“ကျနော်တို့မှာ ဒီနေရာက ဖယ်ရရင် ဘဝပျက် လိမ့်မယ်။ တခြား ပြောင်းစရာလည်း နေရာမရှိဘူး။ ဝယ်ဖို့ ငွေလည်း မရှိဘူး။ ဒါကြောင့် ကျနော်တို့ တပ် မတော်အတွက် ပေးဆပ်ခဲ့တာတွေကို ထောက်ထား ပြီးတော့ အိုးမဲ့အိမ်မဲ့ ဖြစ်အောင်၊ အခြေမဲ့အနေမဲ့ ဖြစ်အောင် မလုပ်ပါနဲ့လို မေတ္တာရပ်ခံချင်ပါတယ်” ဟု သူက ပြောသည်။ ။