လိုင်စင်မဲ့သေနတ် ကိုင်ဆောင်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၄ လ ချမှတ်ခံခဲ့ရသည့် ထိုင်ဝမ်နိုင်ငံသားတဦးကို ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများက ယခုလ ၂၈ ရက်နေ့တွင် ပုသိမ်ထောင်သို့ ပို့ဆောင်၍ အကျဉ်းချထားကြောင်း သတင်းရရှိသည်။
ပြည်တွင်းရှိ ရွှေနန်းဝင် ကုမ္ပဏီပိုင် ငါးဖမ်းသင်္ဘောသည် သတ်မှတ်ဧရိယာကို ကျော်လွန်၍ ငါးဖမ်းသည်ဟုဆိုကာ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအခြေစိုက် ပမ္မဝတီရေတပ်က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးပြီးနောက် သင်္ဘောပေါ်၌ ရှာဖွေစစ်ဆေးခဲ့ရာ 12 Bore ပြောင်းရှည်သေနတ် တလက်နှင့် ကျည်ဆံ ၃ တောင့် သိမ်းဆည်း ရမိခဲ့သည့်အတွက် သေနတ်ပိုင်ရှင် ထိုင်ဝမ်နိုင်ငံသား ချန်ချိဝေ (Chen Chih Wei) ကို ရေတပ်က ဟိုင်းကြီးကျွန်းမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရဲစခန်းက လိုင်စင်မဲ့သေနတ် ကိုင်ဆောင်မှု ပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
ယင်းအမှုအား ငပုတောမြို့နယ် တရားရုံး၌ ကြားနာစစ်ဆေးပြီးနောက် မြို့နယ်တရားသူကြီးက မတ်လ ၂၆ ရက်နေ့တွင် ချန်ချိဝေကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၄ လ ချမှတ်ခဲ့ပြီး လိုင်စင်မဲ့သေနတ်နှင့် ကျည်ဆံများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့သည်။
“သေနတ်ကတော့ သင်္ဘောပေါ်မှာ ဆောင်ထားတဲ့ သေနတ်ပါပဲ။ ဘာရည်ရွယ်ချက်နဲ့ ဆောင်သလဲ ဆိုတာတော့ ပြောရခက်တယ်။ ဒါပေမယ့် လိုင်စင်မဲ့ဖြစ်နေလို့ အရေးယူတာပါ” ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူး အောင်နိုင်မိုးက ဧရာဝတီကို ပြောသည်။
ရေတပ်က ဖမ်းဆီးစဉ်အချိန်က ရွှေနန်းဝင် ကုမ္ပဏီပိုင် Jin Yeu Shuenn ငါးဖမ်းသင်္ဘောပေါ်တွင် မြန်မာနိုင်ငံသားများ မပါရှိဘဲ ထိုင်ဝမ်နိုင်ငံသား ၈ ဦးသာ ရှိနေခဲ့ပြီး ၎င်းတို့အားလုံးမှာ တရားဝင် ဗီဇာဖြင့် မြန်မာနိုင်ငံသို့ လာရောက်သူများ ဖြစ်ကြောင်း သိရသည်။
ယင်း ၈ ဦးအနက် သေနတ်ကိုင်ဆောင်သူ ချန်ချိဝေကို ရဲတပ်ဖွဲ့က အရေးယူခဲ့ပြီး ကျန်ထိုင်ဝမ် ၇ ဦးကို ငါးလုပ်ငန်းဌာနသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။ ဥပဒေနှင့်ငြိစွန်းခြင်း မရှိသည့်အတွက် အဆိုပါ ထိုင်ဝမ်နိုင်ငံသား ၇ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း တိုင်းငါးလုပ်ငန်းဌာန ဒုတိယတိုင်းဦးစီးမှူး ဦးကျော်မြင့်ကျော်က ပြောသည်။