သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်းများက ကားလက်မှတ်များကို ပုံမှန်သတ်မှတ်နှုန်းထက် ပိုပြီးရောင်းချမှုများ ပေါ်ပေါက် သဖြင့် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(မထသ/အဝေးပြေး)က ဖြေရှင်းပေးရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းပြဿနာများ ဖြစ်ပေါ်လာပါက သတ်မှတ်နှုန်းထက် ပိုသော ငွေကြေးကို ခရီးသည်အား ပြန်လည် ပေးအပ် ဖြေရှင်းပေးနိုင် ရန် အတွက် ငွေကျပ် သိန်း ၁၀၀ အထိ သုံးစွဲရန် လျာထားကြောင်း မထသ/အဝေးပြေး က ပြောပြသည်။
ခရီးသွားလာမှု အများဆုံးအချိန်ဖြစ်သည့် သင်္ကြန်ကာလအတွင်း ကား လက်မှတ်ရောင်းချရာတွင် ဈေးနှုန်းများကို ပိုမိုတောင်း ခံခြင်းသည် အစဉ်အလာ တခုကဲ့သို့ နှစ်စဉ် ဖြစ်လာသဖြင့် ယင်းအခြေအနေကို ထိန်းချုပ်နိုင်ရန် ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း မထသ/အဝေးပြေး ဥက္ကဋ္ဌ ဦးညွှန့်ဝေက ဧရာဝတီသို့ ပြောသည်။
သို့ရာတွင် ယာဉ်လိုင်းများက လက်မှတ်များ ရောင်းချရာတွင် လက်မှတ်ပေါ်တွင် သတ်မှတ်နှုန်းထားအတိုင်းသာ ဖြစ်သော်လည်း လက်တွေ့တွင် အပိုပေးဆောင်ရမှု ရှိနေကြောင်း၊ ထိုသို့ ဖြစ်ပွားပါက ရန်ကုန် အောင်မင်္ဂလာ အဝေးပြေး ဂိတ်ရှိ မထသ/အဝေးပြေး ဌာနသို့ လာရောက် တိုင်ကြားနိုင်ပြီး ချက်ခြင်း ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မထသ/အဝေးပြေး ဥက္ကဋ္ဌ ဦးညွှန့်ဝေက“ကြိုရောင်းထားတဲ့ လက်မှတ်ကို ပိုရောင်းထားခဲ့ရင် ငွေစိုက်ပြီး ရှင်းပေးနေတယ်။ ပိုဝယ် လာ တဲ့ လက်မှတ်ကို ဝယ်ယူလာတဲ့ ခရီးသည်က သူရဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားနဲ့ လက်မှတ်ကိုလည်း ယူလာခဲ့ပါ။ ဖြစ်နိုင်ရင် ပင်ရင်းဂိတ်မှာပဲ ဝယ်ပြီးတော့ တခါတည်း ဈေးနှုန်းပါ ရေးခိုင်းပါ”ဟု ပြောဆိုသည်။
ထို့သို့ ခရီးသွားများထံမှ စိုက်ထုတ် ပြန်အမ်းငွေများကို သင်္ကြန်ကာလအပြီး ရုံးဖွင့်ရက်များတွင် သက်ဆိုင်ရာဂိတ်များမှ ပြန်လည် ကောက်ယူမည်ဖြစ်ကြောင်း၊ လက်မှတ်ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချထားသည့် ယာဉ်လိုင်းများကိုလည်း တစီးလျှင် ကျပ် ၅၀၀၀၀ ဒဏ်ရိုက်သွားမည် ဖြစ်ကြောင်း မထသ/အဝေးပြေး ဥက္ကဋ္ဌ ဦးညွှန့်ဝေက ပြောသည်။
ရေနံချောင်းမြို့မှ ရန်ကုန်မြို့သို့ လာရောက်လိုသည့် ဒေါ်အေမီသိန်းက“အစ်မတို့က အလုပ်က ဒီမှာရှိတော့ လာနေရတာ။ အခု သင်္ကြန်ပိတ်ရက်မှာ အိမ်ပြန်ဖို့ လက်မှတ်က ဈေးက တအားမြင့်နေတယ်။ မထသ ကလည်း အရေးယူမှုတွေ လုပ်ပေးမယ်လို့ မီဒီယာ တွေမှာ တွေ့ရပေမယ့် တော်ကြာ သူက မစီးရင်နေ၊ မရောင်းဘူးလို့ ပြောရင် ဘယ်လို လုပ်ရမှာလဲ။ အခုချိန်အထိ လက်မှတ် မရ သေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် မထသ/အဝေးပြေး က ၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ စတင်ကာ အောင်မင်္ဂလာနှင့် ဒဂုံ-ဧရာ အဝေးပြေး ယာဉ် ရပ်နား စခန်းများ၏ ဂိတ်ဝင်ပေါက်၊ ထွက်ပေါက်များတွင် သင်္ကြန်ကာလ ယာဉ်လိုင်းများ လက်မှတ်ရောင်းချမှု စိစစ်ကြီးကြပ်ရေးအဖွဲ့က နေ့စဉ် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတ်မှတ် ဈေးနှုန်းချိုးဖောက်ခြင်းမှုများအတွက် ဒဏ်ကြေးသတ်မှတ်ပြီး ဆောင်ရွက်ခြင်းကြောင့် ပြဿနာ ရာနှုန်းပြည့် လျော့ကျသွားနိုင်မည်ဟု မဆိုနိုင်သော်လည်း အထိုက်အလျောက်အားဖြင့် ရပ်တန့်သွားနိုင်ကြောင်း မထသ/အဝေးပြေး က ပြောသည်။
၂၀၁၄ ခုနှစ်တွင် ခရီးသွား ပြည်သူများ၏ တိုင်ကြားမှုကြောင့် အမှုပေါင်း ၁၄ မှုကို ဒဏ်ကြေး ၅၀၀၀၀ တပ်ပြီး အရေးယူခဲ့ဖူးကြောင်း၊ အလားတူ ယာဉ်စီးခနှုန်းထားများကို ပိုမိုတောင်းခံမှုအပေါ် အရေးယူဆောင်ရွက်မှု အနေဖြင့် မြို့တွင်း ယာဉ်လိုင်းများတွင် လည်း ဒဏ်ကြေး ၃၀၀၀၀ နှင့် ၁လ ပိတ်သိမ်းသွားရန်အထိ ဆောင်ရွက်ထားကြောင်း မထသ(မြို့တွင်း) ဥက္ကဋ္ဌ ဦးလှအောင်က လည်း ပြောဆိုသည်။