ဒီမိုကရေစီ သံသရာစက်ဝန်းက တနေရာရာမှာ ကျိုးပျက်သွားပြီဆိုရင် ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီ အာနိသင်တွေ လျော့နည်းသွားတာ မဟုတ်ဘဲ လုံး၀ ပျောက်ကွယ်သွားတာ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေနဲ့ ဒီမိုကရေစီ နည်းမကျတဲ့ ရွေးကောက်ပွဲတွေကို အခုလိုမျိုး ခွဲခြားကြည့်တာက အရမ်းရှုပ်ထွေးတာလည်း မဟုတ်သလို အရမ်းရှင်းလင်းတာလည်း မဟုတ်ပါ။ လက်တွေ့ပိုင်း အားနည်းလွန်းတာ မဟုတ်ပေမယ့် အားကောင်းလွန်းတာတော့လည်း မဟုတ်ပါ။ ဒါပေမယ့် အားသာချက် ၂ ခုတော့ အနည်းဆုံးရှိပါတယ်။
ပထမ ။ ။ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ကွဲပြားနေတဲ့ အယူအဆ ၂ မျိုး (အာဏာရှင်ကနေ ဒီမိုကရေစီကို ကူးပြောင်းရာမှာ အဆက်အစပ် ရှိနေတယ်ဆိုတဲ့ အယူအဆနဲ့ အဆက်အစပ်မရှိ လုံး၀ သီးခြားစီဖြစ်တည် နေတယ်ဆိုတဲ့ အယူအဆတွေ) ကို အပေါ်မှာ ပြောခဲ့တဲ့ ခွဲခြားနည်းက ရင်ကြားစေ့ပေးနိုင်ပါတယ်။ နည်းနည်းချင်းစီ တဖြည်းဖြည်း ပြောင်းလဲသွားတာကို အခုခွဲခြားနည်းက အာရုံစိုက်ထားပေမယ့် အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီကြား အရည်အသွေးတွေ ခုန်ပျံကျော်လွှား တိုးတက်သွားတဲ့ အဖြစ်တွေကိုလည်း အလေးပေး စဉ်းစားထားတာ ရှိပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်တွေ မှန် မမှန် ဆုံးဖြတ်ဖို့ လေ့လာစောင့်ကြည့််သူတွေ ကိုင်စွဲတဲ့ စစ်ဆေးရန်စာရင်း (Checklist) တွေ အများကြီးရှိနေတာကို အရေးကြီးမှုအလိုက် စီစဉ်တကျ ဖြစ်သွားအောင် အဲဒီခွဲခြားနည်းက အယူအဆပိုင်းကနေ အထောက်အကူ ပေးနိုင်သလို လက်တွေ့ကျတဲ့ အသေးစိတ် အဖြစ်အပျက်တွေကိုလည်း အာရုံစိုက်အောင် အားပေးပါတယ်။ အာဏာရှင်နဲ့ ဒီမိုကရေစီ ၂ ခုလုံးမှာ ပါဝင်နေတဲ့ ဝိုးတဝါး အခြေအနေတွေကို အဲဒီခွဲခြားနည်းက စဉ်းစားပေမယ့် ဒီမိုကရေစီ အစိုးရတွေဆိုတာ “အနားသတ်မျဉ်းရှိတဲ့ သီးခြားအခြင်းအရာ (Bounded whole)” ဆိုတာကိုလည်း မှန်ကန်ကြောင်း စနစ်တကျ သက်သေပြပါတယ်။
ဒုတိယ ။ ။ ဒီမိုကရေစီနည်းကျ ရွေးချယ်မှုဆိုတာ ရှေ့နောက်ဆီလျော်တဲ့ ကွင်းဆက်ဖြစ်စဉ်လို့ ယူဆတာကြောင့် ရွေးကောက်ပွဲ ကျင်းပပေးတဲ့ အစိုးရတွေကို နောက်ခံ အခြေအနေတွေနဲ့ ဆက်စပ်ပြီး ချိန်ထိုးစဉ်းစားဖို့ လမ်းပွင့်သွားပါတယ်။ လက်ရှိ ရာထူးရယူထားသူ၊ အာဏာပိုင်စနစ် ကျင့်သုံးသူတွေကတော့ အဲဒီကွင်းဆက် ဖြစ်စဉ်ထဲက ‘ချိတ်’ တခုခုကို ထိုးနှက်တိုက်ခိုက်ပြီး ရွေးကောက်ပွဲကို လိုသလို ထိန်းချုပ်နိုင်ဖို့ ကစားကြပါတယ်။ ဒါပေမယ့် အခြေခံကျတဲ့ ဒီမိုကရေစီ ဓလေ့ထုံးစံတွေကို ချိတ်ဆက်လိုက်ရင် ဒီမိုကရေစီနည်းကျ ရွေးချယ်မှုဆိုတာ တခုတည်း ထီးထီးကြီး ထွက်ပေါ်လာတယ်ဆိုတဲ့ အယူအဆကြောင့် အာဏာပိုင်စနစ် ကျင့်သုံးသူတွေက ဘယ်လို ချည်းကပ်နည်းတခု ဒါမှမဟုတ် ချည်းကပ်နည်းတွေကို ရွေးချယ်အသုံးပြုပြီး တိုက်ခိုက်ပါစေ၊ သူတို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ဖွင့်ချပေးပြီး သူတို့ ဘယ်သူလဲ၊ ဘယ်လို သဘာဝရှိလဲ ဆိုတာကို ပေါ်လွင်ထင်ရှားသွားစေပါတယ်။
အာဏာပိုင်စနစ်မှာ ရွေးကောက်ပွဲတွေကို “စီစဉ်” ကျင်းပခြင်း
ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ဖြစ်ပေါ်အောင် ဘာတွေက ကူညီပံ့ပိုးပေးတယ်ဆိုတာ အပေါ်မှာ ပြန်လှန် သုံးသပ်ထားပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးချယ်မှုက ဘာတွေကို စဉ်းစားရွေးချယ်ပြီး အကျိုးသက်ရောက်မှုက ဘယ်လိုလဲဆိုတာ အပါအဝင် ဒိုင်မန်းရှင်း (အစိတ်အပိုင်း) အားလုံးကို အဲဒီအပြန်အလှန် သုံးသပ်မှုက ထည့်သွင်း စဉ်းစားထားပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးချယ်မှုကွင်းဆက်က အားလုံး ပြီးပြည့်စုံပါတယ်။ နောက်ထပ် ‘ကွင်း’ အပိုတခုကို ထပ်ပြီးထည့်သွင်းလို့မရသလို၊ ရှိပြီးသား ကွင်းတွေထဲက တစ်ခုကိုမှလည်း ဖယ်ရှားလို့မရပါ။ ဒါပေမဲ့ အာဏာပိုင်စနစ် ကျင်သုံးအုပ်ချုပ်သူတွေကတော့ ကွင်းဆက်ထဲက တခုခုကို ဖြုတ်ပစ်နိုင်ဖို့ နည်းလမ်းတွေအများအပြားနဲ့ ကြိုးစားပါတယ်။ အာဏာပိုင်စနစ် ကျင်သုံးသူတွေ ကြံစည်စိတ်ကူးတဲ့ အတိုင်းအတာက သဘာာဝမကျပေမယ့် လက်တွေ့တော့ကျပါတယ်။ ရွေးကောက်ပွဲတွေရဲ့ ဒီမိုကရေစီ ဝိဉာဉ်ကို ဖယ်ရှားပစ်နိုင်ဖို့ သူတို့က နည်းဗျူဟာမျိုးစုံကို ကျင့်သုံးကောင်း ကျင့်သုံးကြပါတယ်။ အခု နောက်ဆက်တွဲ ဖော်ပြမယ့် စာရင်းကို ဇယား ၁ မှာ ဖော်ပြထားတဲ့ ကွင်းဆက် ၇ ခုရဲ့ နိဒါန်းလို့သာ မှတ်ယူသင့်ပါတယ်။
(၁) အာဏာပိုင်စနစ် ကျင့်သုံးအုပ်ချုပ်သူတွေက သီးသန့်ဖယ်ထားတဲ့ ရာထူးနေရာတွေ Reserved positions ကို အသုံးပြုပြီး ရွေးကောက်တင်မြှောက် ရာထူးခန့်အပ်ရတဲ့ နယ်ပယ်အတိုင်းအတာကို ကျဉ်းမြောင်းသွားအောင် လုပ်ဆောင်ပစ်ပါတယ်။ အဲဒီလို လုပ်ဆောင်လိုက်ခြင်းအားဖြင့် လူထုပါဝင်တဲ့ ရွေးကောက်ပွဲတွေကနေ ထွက်ပေါ်လာနိုင်တဲ့ (အာဏာပိုင်စနစ် ကျင့်သုံးအုပ်ချုပ်သူတွေအတွက်) အန္တရာယ်တွေကို ဦးချိုးထားလိုက်နိုင်ပါတယ်။ ပြည်သူ့အာဏာကို ကျင့်သုံးရတဲ့ တချို့လက်အောက်ခံ ရာထူးနေရာတွေ (Subordinate positions) ကို ရွေးကောက်ပွဲကနေ ရွေးချယ်ခွင့်ပြုပေမဲ့ တကယ့်အချက်အခြာ အာဏာကိုင်စွဲရတဲ့ နေရာတွေ (High center of power) ကိုတော့ ရွေးကောက်ပွဲ ဖိအားတွေကနေ ကင်းလွတ်အောင် အာဏာပိုင်စနစ် ကျင်သုံးအုပ်ချုပ်သူတွေက စီမံထားပါတယ်။
မော်ရိုကိုနိုင်ငံ ဥပဒေပြုလွှတ်တော်အတွက် လက်ရှိကျင်းပပေးနေတဲ့ ရွေးကောက်ပွဲတွေက အဲဒီလို ရွေးကောက်ပွဲတွေပါ။ ဒါ့အပြင် ၁၉၉၀ ပြည့််နှစ်တွေ အစောပိုင်းအထိ ထိုင်ဝမ်မှာ ကျင်းပတဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေ၊ ဘရာဇီးလ်မှာ ၁၉၆၄ ကနေ ၁၉၈၅ ခုနှစ်အတွင်း ကျင်းပတဲ့ ဥပဒေပြု ရွေးကောက်ပွဲတွေကလည်း မဲဆန္ဒအစစ်အမှန်ကို ထိန်းချုပ်နိုင်ရေး မဟာဗျူဟာတွေအတွက် အကောင်းဆုံး ဥပမာတွေပါပဲ။ ဒါ့အပြင် သီးသန့်ဖယ်ထားတဲ့ လုပ်ပိုင်ခွင့်နယ်ပယ်တွေ (Reserved domains) ကို ဖန်တီးထားလိုက်ခြင်းအားဖြင့် ရွေးကောက်ခံ အရာရှိတွေ တကယ့်အာဏာကို ရမသွားအောင်လည်း တားမြစ်ထားနိုင်ပါတယ်။ အဲဒီလို တားဖြစ်ထားခြင်းအားဖြင့် အဆိုပါ အရာရှိတွေအနေနဲ့ တကယ်ကို ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေကို မလုပ်ဆောင်နိုင်တော့ပါ။ ရာထူးနေရာတွေကို ရွေးကောက်ပွဲတွေ ကနေတဆင့် ရွေးချယ်ခန့်အပ်ပေမယ့် အရေးကြီးမူဝါဒ ချမှတ်ရမယ့် နေရာတွေကိုတော့ အရာရှိတွေရဲ့ လုပ်ပိုင်ခွင့်နယ်ပယ်ကနေ ဖယ်ထုတ်ထားလိုက်ပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေ နှောင်းပိုင်းကာလ ဂွာတီမာလာမှာ ပီနိုရှေး ပြုတ်ကျပြီးနောက်ပိုင်း ချီလီနဲ့ မျက်မှောက်ခေတ် တူရကီ နိုင်ငံတို့က အဲဒီလို “တရားဝင် စည်းခြား မဟာဗျူဟာ” (Formal fencing-off strategies) တွေအတွက် ဥပမာတွေပါပဲ။ အဲဒီနိုင်ငံတွေမှာ တချို့မူဝါဒ နယ်ပယ်တွေထဲကို ဒီမိုကရေစီ သမားတွေ ဝင်ရောက်မလာနိုင်အောင် စစ်တပ်က ကြိုတင်ကာကွယ်ထားပါတယ်။
(၂) အသွင်ကူးပြောင်းကာလ ရွေးကောက်ပွဲတွေမှာ အာဏာပိုင်စနစ် ကျင့်သုံးတဲ့ လက်ရှိ အုပ်ချုပ်သူတွေလည်း အနိုင်ရသူအဖြစ်ပေါ် တခါတလေ ထွက်လာတတ်ပါတယ်။ အဲဒီလို နိုင်တာကလည်း သူတို့ တော်လို့ လိမ္မာပါးနပ်လို့ မဟုတ်ဘဲ အတိုက်အခံတွေရဲ့ အရည်အချင်း ကင်းမဲ့တာကြောင့််ပဲ ဖြစ်ပါတယ်။ အတိုက်အခံပါတီတွေ ကျဆုံးအောင်လုပ်မဲ့ နည်းလမ်းတွေကို အာဏာလက်ဝယ် ရှိထားသူတွေက မကြာခဏ ရှာတွေ့နိုင်တာကလည်း ဝမ်းနည်းစရာပါ။ အသွင်ကူးပြောင်းကာလမှာ ပေါ်လာတဲ့ အစိုးရအများစုမှာ ခိုင်မာတည်ငြိမ်တဲ့ ပါတီတည်ဆောက်ပုံ မရှိတတ်ဘဲ အခြေအနေတွေက အပြောင်းအလဲ မြန်တတ်ပါတယ်။ အကင်းပါးတဲ့ အာဏာပိုင်စနစ်ကျင့်သုံး အုပ်ချုပ်သူတွေက အခြေအနေကို အမြတ်ထုတ်အသုံးချပြီး အတွေ့အကြုံ နုနယ်သေးတဲ့ အတိုက်အခံ အုပ်စုတွေကို အချင်းချင်း သွေးကွဲသွားအောင် ဒါမှမဟုတ် စည်းအပြင်ရောက်သွားအောင် လုပ်ဆောင်တတ်ပါတယ်။
ပြိုင်ဘက်တွေကို နိုင်ငံရေးကစားကွင်း အပြင်ဘက် ပို့ထားနိုင်အောင် အာဏာပိုင်စနစ် ကျင့်သုံးသူတွေ ကိုင်စွဲတဲ့ နည်းလမ်းတွေကလည်း အများအပြားပါပဲ။ တိုဂိုနိုင်ငံမှာ ၁၉၉၁ ခုနှစ်နဲ့ အာမေးနီးယားနိုင်ငံမှာ ၁၉၉၄ ခုနှစ်တုန်းက အတိုက်အခံတွေကို သတ်ဖြတ်ခဲ့တာ ဒါမှမဟုတ် သတ်ဖြတ်ဖို့ ကြိုးစားခဲ့တာတွေကတော့ ပြိုင်ဘက်တွေ ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးတဲ့ အဆိုးဝါးဆုံး နည်းလမ်းတွေပါပဲ။ သတ်ဖြတ်တာထက်စာရင် ပို နူးညံ့ပျော့ပြောင်းပြီး အသုံးများတဲ့ နည်းလမ်းတွေကတော့ အတိုက်အခံပါတီတွေကို ပိတ်ပင်တာနဲ့ ကိုယ်စားလှယ်လောင်းတွေကို ယှဉ်ပြိုင်ခွင့် မပေးတာပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကစားကွင်းကနေ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို မောင်းထုတ်တာတွေက အာဏာပိုင်တွေရဲ့ စိတ်ရူးပေါက် လုပ်ရပ်တွေဆိုတာ တခါတလေကျတော့လည်း ရိုးရိုးရှင်းရှင်းလေး မြင်နိုင်ပါတယ်။
အတိုက်အခံတွေ ရွေးကောက်ပွဲမှာ ဝင်မပြိုင်နိုင်အောင် အာဏာပိုင်စနစ် ကျင့်သုံးသူတွေက ကြိုးစားပါတယ်။ အဲဒီလို ကြိုးစားရာမှာ လူတဦးတယောက်ကို သီးသန့် ရည်ရွယ်တားမြစ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို အာဏာရပါတီတွေက မကြာခဏဆိုသလို ရေးဆွဲကြပါတယ်။ တော်လှန်ရေးအလွန် မက္ကဆီကိုနိုင်ငံမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေကို ပိတ်ပင် တားမြစ်ထားတဲ့အပြင်၊ ဒေသန္တရပါတီတွေ၊ ဘာသာရေး ပါတီတွေကိုလည်း ရွေးကောက်ပွဲ မဝင်နိုင်အောင် ရွေးကောက်ပွဲဥပဒတွေနဲ့ ပိတ်ပင် တားမြစ်ထားပါတယ်။ ကုတ်ဒီဗွား၊ ကင်ညာနဲ့ ဇမ်ဘီယာနိုင်ငံတွေမှာ အာဏာလက်ရှိ သမ္မတတွေက သူတို့ကို အန္တရာယ်ပေးလာနိုင်ဆုံး ယှဉ်ပြိုင်လာသူတွေ ရွေးကောက်ပွဲ မဝင်နိုင်အောင် လူတဦးချင်းအပေါ်ကို ပစ်မှတ်ထားတဲ့ “နိုင်ငံသားဖြစ်မှု ဥပဒေ” တွေကို ရေးဆွဲထားတာ တွေ့ရပါတယ်။ ဂမ်ဘီယာမှာဆိုရင် အာဏာသိမ်းခံရမှာကို အမြဲတမ်း ကြောက်ရွံ့နေရတဲ့ ခေါင်းဆောင် ယားရာ ဂျမားက နိုင်ငံရေး အီလစ်တစ်ခုလုံး ရွေးကောက်ပွဲ မဝင်နိုင်အောင် အခြေခံဥပဒေ အသစ်တခုကို အတင်းအဓမ္မ ရေးဆွဲစေပါတယ်။ အာရပ်ကမ္ဘာမှာလည်း အလားတူပါပဲ။ အီဂျစ်၊ တူနီးရှားနဲ့ အယ်လ်ဂျီးရီးယားတို့မှာ အစွန်းရောက် အစ္စလာမ်မစ် လှုပ်ရှားမှုတွေကို တရားဝင် ပိတ်ပင်ထားပြီး၊ ယီမင်နဲ့ ဂျော်ဒန်တို့မှာတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ မျက်မှောက်ခေတ် အီရန်မှာတော့ ကိုယ်စားလှယ်လောင်းတွေက တော်လှန်ရေး အရည်အချင်းတွေနဲ့ ပြည့်စုံရပါတယ်။ အဲဒီ အရည်အချင်းတွေနဲ့ ပြည့်စုံ၊ မစုံဆိုတာကို နိုင်ငံတော်အေဂျင်စီတွေနဲ့ ဘာသာရေး အာဏာပိုင်အဖွဲ့တွေက တင်းတင်းကျပ်ကျပ် စိစစ်ပါတယ်။
သွေးခွဲအုပ်ချုပ်ရေး ဆိုတာကို ရောမသားတွေ စတင်ကျင့်သုံးခဲ့တာပါ။ အဲဒီအချိန်တွေတည်းကစပြီး အာဏာပိုင်စနစ် ကျင့်သုံး အုပ်ချုပ်သူတွေက သူတို့ကို အတိုက်အခံပြုသူတွေကြားမှာ အချင်းချင်း သွေးကွဲသွားအောင် တောက်လျှောက် ဆိုသလို ဖန်တီးနေခဲ့ပါတယ်။ အတိုက်အခံပါတီတွေကို မတရားအသင်း ကြေငြာခြင်း၊ ပါတီဝင်မဟုတ်တဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေကိုသာ ပြိုင်ခွင့်ပြုခြင်းတွေကိုတော့ ၁၉၈၉ ခုနှစ်အထိ ထိုင်ဝမ်နိုင်ငံမှာ လုပ်ဆောင်ခဲ့ပါတယ်။ မျက်မှောက်ခေတ် အီရန်နဲ့ ယူဂန်ဒါမှာတော့ နိုင်ငံရေးပါတီတွေ အားလုံးကို သိမ်းကျုံးပြီး ပိတ်ပင်ထားပါတယ်။
အဲဒါတွေကတော့ အတိုက်အအခံနဲ့ သဘောထားကွဲသူတွေ ဖရိုဖရဲ ဖြစ်သွားအောင် အသုံးအများဆုံး လက်နက်ကိရိယာတွေပါပဲ။ အတိုက်အခံတွေ အချင်းချင်း မပေါင်းစည်းသွားအောင် အာဏာပိုင်စနစ် ကျင့်သုံးသူတွေ ကိုင်စွဲတဲ့ ပိုပြီးနူးညံ့ပျော့ပျောင်းတဲ့ နည်းဗျူဟာတွေလည်း ရှိကြပါတယ်။ အတိုက်အခံတွေ အားနည်းသွားအောင် ဥပဒေဘောင် အပြင်ဘက်က နည်းလမ်းတွေကိုလည်း သုံးနိုင်ပါသေးတယ်။ “အတိုက်အခံ နိုင်ငံရေးပါတီသစ်တွေ ပေါ်လာပြီဆိုရင် အကွဲအပြဲတွေ ပေါ်လာတဲ့အထိ ဒါမှမဟုတ် ပါတီမှာ အဓိကကျတဲ့ ခေါင်းဆောင်တွေ ဘက်ပြောင်း ခိုလှုံလာတဲ့အထိ ခြိမ်းခြောက်နှောင့်ယှက်တာနဲ့ လာဘ်ထိုးတာ” တွေကို ကင်ညာသမ္မတ ဒယ်နီယယ် အာရပ်မွိုင်က လုပ်ဆောင်တတ်ပါတယ်။ ပီရူးသမ္မတ အယ်လ်ဘာတို ဖူဂျီမိုရီကတော့ ရွေးကောက်ပွဲ ဥပဒေတခုကို မဖြစ်ဖြစ်အောင် အတင်းပြဌာန်းပြီး အဲဒီလို ရည်မှန်းချက်တွေ ဖြစ်မြောက်အောင် လုပ်ဆောင်ပါတယ်။ အဲဒီဥပဒေကြောင့် ကွန်ဂရက် ရွေးကောက်ပွဲတွေမှာ အချိုးကျ ကိုယ်စားပြုမှု တဖက်စောင်းနင်းဖြစ်သွားတာက တရားဥပဒေဘောင်ထဲကိုလည်း ဝင်သွားပါတယ်။
(၃) ရွေးကောက်ပွဲမှာ ရွေးချယ်စရာတွေနဲ့ ပတ်သက်လို့ မဲဆန္ဒရှင်တွေအနေနဲ့ သတင်း အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ မသိနိုင်အောင် အတိုက်အခံပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှု သတင်းစကားတွေ ပျံ့နှံ့မသွားအောင် အာဏာလက်ဝယ် ရှိထားသူတွေ ကြိုးစားကောင်း ကြိုးစားနိုင်ပါတယ်။ အတိုက်အခံတွေ သဘောထားကွဲသူတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရအောင်၊ ငြိမ်းချမ်းစွာ စုဝေးခွင့် မရအောင်၊ လွတ်လွတ်လပ်လပ် လှုပ်ရှား သွားလာခွင့် မရအောင် ရည်ရွယ်ချက်နဲ့ အများပြည်သူနေရာတွေ (Public space) ကို အသုံးပြုခွင့် ပိတ်ပင်တတ်တာကို တွေ့ရပါတယ်။ မီဒီယာကို ကြောင်းကျိုးဆီလျော်စွာ သုံးလို့မရအောင်၊ မဲဆွယ်စည်းရုံး အရင်းအမြစ်တွေကို သုံးခွင့်မရအောင် ပိတ်ပင်ထားတာကိုလည်း တွေ့ရပါတယ်။
ရွေးကောက်ပွဲတွေက ဒီမိုကရေစီ အရည်အချင်းတွေနဲ့ ကိုက်ညီတယ်လို့ ပြောနိုင်ဖို့ဆိုရင် သူတို့ကို ပွင့်လင်းတဲ့ အခြေအနေမှာ ကျင်းပပေးရပါမယ်။ ပွင့်လင်းတဲ့ အခြေအနေဆိုတာ အရပ်ဖက်နဲ့ နိုင်ငံရေး လွတ်လပ်မှုတွေက ဖိနှိပ်ချုပ်ချယ်တာ မခံရတဲ့ အခြေအနေကို ပြောတာပါ။ ဒါပေမယ့် ပြိုင်ဆိုင်မှုအားကောင်းတဲ့ ရွေးကောက်ပွဲတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ချုပ်ချယ်တာနဲ့ ထူးထူးဆန်းဆန်း ပေါင်းစပ်ထားနိုင်တဲ့ အစိုးရတွေလည်း အများကြီး ရှိပါတယ်။ ရွေးကောက်ပွဲဟန်ပြ အာဏာပိုင်စနစ် ကျင့်သုံးတဲ့ အရှေ့တောင်အာရှ အစိုးရတွေက “ရွေးကောက်ပွဲ ပြိုင်ဆိုင်မှုကို ခွင့်ပြုထားပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ လစ်ဘရယ်ဆန်ဆန် ပူးပေါင်းဆောင်ရွက်တာကို ထိန်းချုပ်တဲ့” နည်းနာကို ကျင့်သုံးကြပါတယ်။ အကျိုးဆက်ကတော့ “လွတ်လပ်မှုတွေနဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကို ကြုံရာကျပန်း ရောစပ်ထား” တဲ့ အခြေအနေပါပဲ။ ဆာဟာရတပိုင်း နိုင်ငံတွေမှာတော့ ရွေးကောက်ပွဲတွေနဲ့ အစိုးရ ကမကထ လုပ်ပေးတဲ့ အကြမ်းဖက်မှုတွေက လက်ချင်းချိတ်ဆက်ပြီး သွားနေတာပါ။ “နိုင်ငံရေးအာဏာအပေါ် အခြေခံဥပဒေနဲ့ ကွပ်ညှပ်ထားတာကို လျစ်လျူပြုပြီး နိုင်ငံသားတွေရဲ့ အခြေခံလွတ်လပ်မှုတွေနဲ့ ရပိုင်ခွင့်တွေကို ငြင်းပယ်ထားတဲ့” အစိုးရတွေကို ဖရိဒ်ဇာခါရီးယားစ်က မလွတ်မလပ် ဒီမိုကရေစီ (Illiberal democracies) တွေလို့ ကင်ပွန်းတပ်ပေးခဲ့ပါတယ်။ မလွတ်လပ်တာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ ဟုတ်မဟုတ် ဆိုတာကိုတော့ ဆက်ပြီး မေးခွန်းထုတ်ရဦးမှာပါ။
လက်ရှိအာဏာပိုင်တွေ အနေနဲ့ တိုင်းပြည်ကိုဆက်ပြီး အုပ်ချုပ်နိုင်ဖို့ဆိုရင် ရွေးကောက်ပွဲတွေကနေ ပေးတဲ့ တရားဝင် ထောက်ခံမှုကို ရယူနိုင်ဖို့လိုပါတယ်။ အဲဒီလို တရားဝင်ထောက်ခံမှုကို ရယူနိုင်ဖို့ဆိုရင် သူတို့က အပြင်ကိုထွက်ပြီး မဲပေးသူပြည်သူတွေနဲ့ ရင်ဆိုင်ဖု့ိ လိုပါတယ်။ မဲပေးသူပြည်သူတွေရဲ့ အဆုံးအဖြတ်ကို ရယူရာမှာ ထွန်းပေါ်စ နိုင်ငံရေးပါတီတွေနဲ့ ယှဉ်ပြိုင်ရပြီး ပြိုင်ရတဲ့ အခြေအနေတွေကတော့ တရားမျှတမှု အင်မတန် ကင်းမဲ့နေတာပါပဲ။ တရားမမျှတဘူး ဆိုတာမှာ ငွေကြေး၊ မီဒီယာတွေနဲ့ အဓိက သက်ဆိုင်ပါတယ်။ အာဏာပိုင်စနစ် ကျင့်သုံးတဲ့ လက်ရှိ အုပ်ချုပ်သူတွေကတော့ ပြည်သူပိုင် ငွေကြေးတွေကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ရပြီး ပြည်သူလူထု သဘောကျအောင် ဟန်ရေးပြနိုင်ကြပါတယ်။ နိုင်ငံတော် ယန္တရားတခုလုံး (အစိုးရပိုင် မီဒီယာအပါအဝင်) က လက်ရှိ အာဏာရထားသူတွေရဲ့ ဗောင်းတော်ညိတ် စိတ်တော်သိ အဖွဲ့တွေ ဖြစ်နေကြပါတယ်။ ပုဂ္ဂလိကပိုင် မီဒီယာတွေအနေနဲ့ အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေကို လျစ်လျူပြုထားစေအောင် ခြိမ်းခြောက်နှောင့်ယှက်တာ အကြပ်ကိုင် ဖိအားပေးတာတွေ မကြာခဏလုပ်ပါသေးတယ်။
(၄) မဲဆန္ဒရှင်တွေရဲ့ အချိုးအစားနဲ့ ဖွဲ့စည်းပုံကို လိုသလို ပြောင်းလဲပြီး ထိန်းချုပ်ခြင်းအားဖြင့် ရွေးကောက်ပွဲ ရလဒ်တွေကို ထိန်းချုပ်ချင်စိတ်တွေ ပေါ်ခဲ့တာကလည်း ကိုယ်စားပြု ဒီမိုကရေစီ စနစ်ကို တီထွင်လိုက်ချိန်တည်းကပါပဲ။ လုပ်ထုံးလုပ်နည်းအတိုင်း ထိန်းချုပ်တာ ရှိသလို လုပ်ထုံးလုပ်နည်း အပြင်ကနေ ထိန်းချုပ်တာလည်း ရှိပါတယ်။ မဲပေးခွင့်ကို တရားဥပဒေဘောင်ထဲကနေ ရုပ်သိမ်းခြင်း (Formal disenfranchisement) အတွက် ပြည်တွင်းမှာရော ပြည်ပမှာပါ လက်ခံလာအောင် ပြောဆိုဖို့ဆိုတာ မျက်မှောက်ခေတ်မှာ တော်တော်ကို ခက်သွားပါပြီ။ တရားဥပဒေနဲ့ အညီ လူမျိုးချင်း ခွဲခြားဆက်ဆံတဲ့ပုံစံက ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။ ရွေးကောက်ပွဲဟန်ပြ အာဏာပိုင်စနစ်အတွင်းက အသည်းအမာဆုံး ခေါင်းဆောင်တွေတောင် ဒီနေ့ခေတ်မှာ အရွယ်ရောက်သူ အားလုံးကို မဲပေးခွင့် အပ်နှင်းထားပါတယ်။
နောက်ဆုံးတော့ ဇတ်လမ်းက ဥပဒေဘောင် အပြင်ဘက်ကနေ မဲပေးခွင့်ရုပ်သိမ်းဖို့ (Informal disenfranchisement) ဆိုတာ ဖြစ်လာပါတယ်။ လူမျိုးတုန်း သတ်ဖြတ်ခြင်းမှာ နိုင်ငံသားအုပ်စုတခုကို ကွက်ပြီး နှိပ်ကွပ်ချေမှုန်းခြင်း၊ အစဖျောက် သုတ်သင်ခြင်း၊ အတင်းအဓမ္မ ပြောင်းရွှေ့နေရာချထားခြင်းတွေ ပါဝင်ပါတယ်။ အာရဗီ စကားမပြောတဲ့ လူမည်းတွေကို မော်ရီတေးနီးယားနိုင်ငံမှာ ၁၉၉၀ ပြည့်နှစ်တွေ အစောပိုင်းက အဲဒီလိုလုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံသားတွေရဲ့ မဲပေးပိုင်ခွင့် (ဒီထက်ပိုများတာလည်း ဖြစ်နိုင်ပါတယ်) ကို အရက်စက်၊ အကြမ်းကြုတ်ဆုံး နည်းနဲ့ ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ နည်းနည်းပို ယဉ်ကျေးတဲ့ အာဏာပိုင်စနစ် ကျင့်သုံးသူတွေကတော့ အဲဒီထက်ပိုနူးညံ့တဲ့ နည်းလမ်းတွေကို အသုံးပြုကောင်း ပြုနိုင်ပါတယ်။ အမြင်ပန်းမှာတော့ အားလုံးနဲ့ သက်ဆိုင် အကျုံးဝင်ပြီး လက်တွေ့မှာတော့ စနစ်တကျ ခွဲခြားဆက်ဆံတဲ့ နည်းစနစ်တွေပါ။ မဲစာရင်း မှတ်ပုံတင်နည်းစနစ်တွေ၊ စိစစ်ရွေးချယ်ရာမှာ သုံးတဲ့ အရည်အချင်း သတ်မှတ်ချက်တွေ၊ မဲပေးတဲ့ လုပ်ဆောင်ပုံလုပ်ဆောင်နည်း အဆင့်ဆင့်တွေမှာ ခွဲခြားဆက်ဆံတာကို တေ့ွရပါတယ်။ ဒါ့အပြင် မဲပေးသူ နာမည်တွေကို ဖျက်ခြင်း၊ ထပ်ဖြည့်ခြင်းတွေ လုပ်ဆောင်ပြီး မဲစာရင်းကို လိုသလို ပြင်ဆင် ပြောင်းလဲတာလည်း လုပ်နိုင်ပါတယ်။ ဥပဒေဘောင်ထဲကနေ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်း ဘောင်ထဲကနေ မတရားအကွက်ဆင် လုပ်ကြံဖန်တီးပြီး မဲရုံကို မဲဆန္ဒရှင်တွေ မလာနိုင်အောင်လည်း လုပ်နိုင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
အင်ဒရီးစ် ရှယ်ဒလာ (Andreas Schedler) သည် မက္ကဆီကိုမြို့၊ Facultad Latinoamericana de Ciencias Sociales (FLACSO) မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ တယောက်ဖြစ်ပြီး Committee on Concepts and Methods of the International Political Science Association တွင်လည်း ဥက္ကဋ္ဌဖြစ်သည်။ ဤစာတမ်းကို ဘာသာပြန်သော Educational Initiatives (ပညာရှေ့ဆောင်) အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)