ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုများဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်က ချမှတ်ခံ ထားရသော ပြစ်ဒဏ်များနှင့်ပတ်သက်၍ ကျေနပ်မှု မရှိသဖြင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ်သို့ အယူခံလွှာ တင်ပြထားပြီး လာမည့် ဧပြီလတွင် တရားလွှတ်တော်ချုပ်က ကြားနာ မည်ဖြစ် ကြောင်း သိရှိရသည်။
လတ်တလောတောင်ငူထောင်၌ အကျဉ်းချခံနေရသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌဟောင်းနှင့် သာသနာ ရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို သာသနာရေးဌာနပိုင်ငွေ ကျပ် ၇၂ သိန်းကျော်ကို အလွဲသုံးစားမှု ပုဒ်မ ၄၀၉၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်တရားရုံးက ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဦးဆန်းဆင့်က ချမှတ်ထားသော ပြစ်ဒဏ်များအပေါ် ကျေနပ်မှုမရှိသဖြင့် ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မန္တလေး တိုင်းဒေသ ကြီး တရား လွှတ်တော်သို့ အယူခံတက်ခဲ့ရာ အယူခံတင်သည့်နေ့မှာပင် တိုင်းတရားလွှတ်တော်က ပယ်ချခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံ ဆက်လက် တင် သွင်း ခဲ့ရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်ခံခဲ့ပြီး ဧပြီလ အတွင်း၌ ကြားနာ စစ်ဆေး မည်ဖြစ်ကြောင်း သိရှိရ သည်။
“ဒက္ခိဏခရိုင်ရုံးကဆုံးဖြတ်တဲ့ အမှု ၂ ခုစလုံးရဲ့စီရင်ချက် ဆုံးဖြတ်ချက်တွေဟာ အကြောင်း အချင်းအရာပိုင်း၊ သုံးသပ်တဲ့ ဥပဒေ ပိုင်းတွေ လွဲမှား နေတာတွေကို ထောက်ပြပြီးတော့ အယူခံတက်တာပါ။ နေပြည်တော် တရားလွှတ်တော်ချုပ်က အယူခံ ကို လက်ခံထားပြီး ကြားနာမယ့် နေ့ကို ကြေညာပါလိမ့်မယ်။ ဧပြီလအတွင်း တရက်ရက်မှာ ကြားနာမှာပါ”ဟု ဝန်ကြီးဟောင်း ဦးဆန်းဆင့်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေလည်းဖြစ်၊ အစ်ကိုလည်းဖြစ်သူ ဦးဆန်းမြင့်က ဧရာဝတီကို ပြောသည်။
ဦးဆန်းဆင့်ကို ပြည်သူပိုင်ငွေ အလွဲသုံးစားမှုဖြင့် ဖမ်းဆီးအရေးယူသည်ဟုဆိုသော်လည်း သာသနာရေးဝန်ကြီးဌာန စည်းကမ်းချက်များအရ ဝန်ကြီးဖြစ်သူသည် လှူဒါန်းခြင်း၊ လက်ဆောင် ပေးခြင်း ဘတ်ဂျတ်ခေါင်းစဉ်အောက်မှ လစဉ် ကျပ်သိန်း ၁၅၀၀ အထိ သုံးစွဲပိုင်ခွင့်ရှိပြီး ဝန်ကြီးဟောင်း ဦးဆန်းဆင့်မှာ နိုင်ငံပိုင်ငွေကြေးများကို ဥပဒေနှင့်အညီ အသုံးပြုခဲ့ခြင်းသာဖြစ်ကြောင်း ရှေ့နေ ဦးဆန်းမြင့်က ပြောသည်။
“သာသနာရေးဝန်ကြီးတယောက်ရဲ့ သုံးစွဲပိုင်ခွင့်ခေါင်းစဉ် အရ လက်ဆောင်ပေးခြင်းနဲ့ လှူဒါန်းခြင်း ခေါင်းစဉ်အောက်မှာ ဝန်ကြီးအနေနဲ့ လစဉ် ကျပ်သိန်း ၁၅၀၀ အထိ လှူဒါန်း ပိုင်ခွင့်၊ လက်ဆောင်ပေးပိုင်ခွင့် ရှိတယ်။ ဝန်ကြီးဟာ ဒီခေါင်းစဉ် အောက်ကနေ သာသနာရေး အတွက် ရဟန်းသံဃာတွေ၊ မယ်သီလရှင်တွေ အတွက် လှူ နိုင် တယ်။ စေတီ ဘုရားပုထိုး တွေအတွက် လှူနိုင်တယ်။ အဲဒီဥပဒေအရ ဦးဆန်းဆင့်သည် တပြားတချပ်မှ နိုင်ငံတော်ဘဏ္ဍာကို ကိုယ်ကျိုးအတွက် လုံး၀ သုံးစွဲတာ မရှိဘူး။ ဒါကြောင့် အောက်ရုံးရဲ့ ဆုံးဖြတ်ချက်က မှားယွင်းနေလို့ အယူခံတက်တာပါ”ဟု ဦးဆန်းမြင့်က ပြောသည်။
ဦးဆန်းဆင့်သည် သာသနာရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ် ပဉ္စမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးသို့ သမ္မတနှင့် အကြီးအကဲများ မတက်ရောက်သည့် ကိစ္စ၊ ရန်ကုန်ရှိ မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားမှုတွင် ဦးဆန်းဆင့် သည် သံဃာတော်များနှင့် အစိုးရကို ရန်တိုက်ပေးခဲ့ပြီး သတင်းမီဒီယာကို သွယ်ဝိုက်သော နည်းဖြင့် အသုံးပြုပြီး မီဒီယာဖြင့် လှုံ့ဆော်ခဲ့ခြင်းများကြောင့် ဟုဆိုကာ ပုဒ်မ ၁၂၄(က) အရ နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း အမှု တွဲတွင် ဖော်ပြချက်များအရ သိရှိရသည်။
ဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ကျန်းမာရေးသည် လတ်တလော ပြန်လည် ကောင်းမွန်နေပြီး ၁၅ ရက် တကြိမ် မိသားစုနှင့် ထောင်ဝင်စာ တွေ့ခွင့် ရရှိကြောင်း သိရှိရသည်။