အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် Nancy Pelosi ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး နေပြည်တော်တွင် သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာချုပ် မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ထို့ပြင် လူမှု အဖွဲ့ အစည်း များနှင့်လည်း တွေ့ဆုံရန် ရှိကြောင်း သိရှိရသည်။
ယခု ခရီးသည် Sasakawa Foundation က ယခင်အပတ်က ဦးစီးကျင်းပခဲ့သော ဝါရှင်တန်ဒီစီ မြန်မာ့အရေး ဆွေးနွေးပွဲ အပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အဆို ပါဆွေးနွေး ပွဲသို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ မှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ၊ မြန်မာ့အရေးကျွမ်းကျင်သူ David Steinberg အပါအဝင် မြန်မာအစိုးရ လိုလားသော အဖွဲ့အစည်း များ တက်ရောက်ခဲ့သည်။
အဆိုပါခရီးစဉ်နှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းတွင် စိုးရိမ်ပူပန်မှုများ ရှိနေပြီး ပြုပြင်ပြောင်းလဲမှု မပီပြင်ချိန် မြန်မာအပေါ် ထားရှိသော အမေရိကန်အစိုးရ၏ မူဝါဒ သဘောထား အကြီးအကျယ် ပြောင်းလဲဖွယ်ရှိသည်ဟု ဝေဖန် သုံးသပ်မှု များလည်းရှိနေသည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် လူမှုအဖွဲ့အစည်းများဖြစ်သည့် ပေါင်းကူးမှ ဒေါက်တာကျော်သူ၊ မေစံပယ်ဖြူ တို့နှင့် သာမက မီဒီယာသမားများဖြစ်သည့် ဦးသီဟစော၊ ဦးသောင်စုငြိမ်းတို့ အပါအဝင် လူမှုအဖွဲ့အစည်းပေါင်းစုံမှ တက်ကြွလှုပ်ရှား သူတချို့နှင့်တွေ့ဆုံရန် ရှိကြောင်း သိရှိရသည်။
“ကျမတို့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ၊ အမျိုးသမီး အခွင့်အရေး၊ အလုပ်သမား အခွင့် အရေးနဲ့ ဘာသာခြားနည်းစုတွေရဲ့ အခွင့်အရေး အပါအဝင် လူအခွင့်အရေး တွေနဲ့ပတ်သက်လို့ ဆွေးနွေး ပူးပေါင်း ဆောင် ရွက်ဖို့ ရှိတဲ့အပြင် မြန်မာ့ဖွံ့ဖြိုးရေး အထောက်အကူပြုမယ့် ကုန်သွယ်ရေး တိုးမြှင့်ဖို့ လည်း ဆွေးနွေးဖို့ရှိပါတယ်” ဟု Nancy Pelosi က ခရီးစဉ်နှင့်ပတ်သက်သော ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းပြောဆိုထားသည်။
Nancy Pelosi နှင့်အတူ အမေရိကန်ကွန်ဂရက် လွှတ်တော်အမတ်များဖြစ်သည့် Charlie Rangel ၊ Sander Levin, Anna Eshoo ၊ Zoe Lofgren ၊ Mike Thompson ၊ Doris Matsui ၊ Mike Fitzpatrick ၊ Dan Kildee နှင့် Mark Takaiတို့ လိုက်ပါမည်ဖြစ်ပြီး မြန်မာနိုင်ငံအပြင် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တောင်းကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကိုပါ သွားရောက်ရန် ရှိကြောင်း သိရှိရသည်။