ကျောင်းသား ခေါင်းဆောင် နန္ဒစစ်အောင်နှင့် တွေ့ခွင့်ရရေး မိသားစုကြိုးပမ်း
This article has been converted from Zawgyi One to Unicode
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် နန္ဒစစ်အောင်သည် မတ်လ ၂၇ ရက် နေ့ တွင် ရန်ကုန်မြို့ သိမ်ကြီးဈေးအနီးတွင် ဒီမိုကရေစီ ပညာရေး ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ပြီးနောက် မင်္ဂလာ တောင်ညွန်မြို့နယ် သိမ်ဖြူမှတ်တိုင်အနီးတွင် ဖမ်းမိခဲ့ကြောင်း၊ မတ်လ ၂၉ ရက်နေ့ညအထိ လမ်းမတော်ရဲစခန်းတွင်ရှိခဲ့ပြီး ကမာရွက်မြို့နယ် တရားရုံးတွင် ရုံးထုတ်မည်ဟုပြောဆိုကာ လက်ပံတန်းမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း ကိုနန္ဒစစ်အောင် ၏ဖခင်ဖြစ်သူ ဦးဌေးက ဧရာဝတီသို့ပြောသည်။ “ မနေ့က သားကို ကမာရွက်မြို့နယ်တရားရုံးမှာ ရုံးထုတ်မယ်ဆိုပြီး ကျနော်တို့ လိုက်သွားတယ်။ကမာရွက်မှာမထုတ်ဘဲ လက်ပံတန်းမြို့နယ်မှာ သွားထုတ်တယ်။ပြီးတော့ သာယာဝတီထောင်ပို့လိုက်တယ်လို့ကြားရတယ်။ မနက်ဖန် ကျနော်တို့ မိသားစု ဝင်တွေ သာယာဝတီကို လိုက်သွားပါမယ်” ဟု ဦးဌေးက ဆိုသည်။ ကိုနန္ဒစစ်အောင်ကို လက်ပံတန်းရဲစခန်းမှ အမှု ၄မှုဖြင့် အမှုဖွင့်ခဲ့ပြီး ထိုအမှုများမှာ ပုဒ်မ ၁၄၃၊၁၄၅၊ ၅၀၅(ခ)၊ ပြစ်မှုဆိုင်ရာ ကျင်ထုံးဥပဒေ ၅၁၂ တို့ဖြင့် ဖွင့်ထားကြောင်းသိရသည်။ “ သားပြောတာကတော့ သူကို အမှု ၃၈မှုနဲ့ စစ်ဆေးတယ်လို့ပြောတာပဲ။ ကျနော်တို့လည်း သေချာမသိဘူး။ သူလိုက်ပါတဲ့ ပင်မသပိတ်စစ်ကြောင်း ဖြတ်သန်းတဲ့မြို့နယ်တွေ၊ပြီးတော့ အရင်က ဆန္ဒပြတာတွေကစ စစ်တယ်လို့ပာတာပါပဲ။ကျနော်တို့ လည်း သေချာမသိရသေးဘူး။နောက်ဆုံးနေကတွေ့တဲ့အထိ တော့ သားကို ညင်းပန်းနှိပ်စက်ပြီး စစ်ဆေးတာတော့ မရှိသေးဘူး” ဟု ဦးဌေးက ပြောသည်။