ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ အမှိုက်ကောက်နေတဲ့ပုံတွေ မကြာသေးခင်က လူမှုကွန်ရက် မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီး ဒီလို အမှိုက်ကောက်တာဟာ မြို့တော် သာယာလှပစေဖို့အပြင် သူကိုယ်တိုင် နာမည်ကောင်းရလိုတာကြောင့် ဖြစ်တယ်လို့ တချို့က ဝေဖန်ကြပါတယ်။
မတ်လ ၂၈ ရက်နေ့က လာသာမြို့နယ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရဲ့ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်မှုတခုမှာ ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
“စည်ပင်သာယာ ဌာနစုံက ဝန်ထမ်းတွေ ပေါင်းပြီး စနေနေတိုင်းမှာ မြို့နယ်အလိုက် စုပေါင်းသန့်ရှင်းရေး လုပ်ပါတယ်၊ အဲဒီမှာ ဝန်ကြီးချုပ်က လသာမြို့နယ်မှာ ဝင်ကြည့်ရင်း ကောက်တာပါ” ဟု အနောက်ပိုင်းခရိုင်မှ စည်ပင်သာယာ ကော်မတီဝင်တဦး ဖြစ်သည့် ဦးခင်လှိုင်က ပြောသည်။
ဦးမြင့်ဆွေ အမှိုက်ကုန်းကောက်နေသောပုံသည် လူမှုကွန်ရက် ဖေ့စ်ဘုတ်တွင် ထွက်ပေါ်လာခဲ့ပြီး တချို့က စည်ပင်ဝန်ထမ်းများအတွက် စံပြနမူနာဟု ချီကျူးသူများရှိသလို ပြစ်တင်ဝေဖန်သူများလည်း ရှိသည်။
ဖေ့စ်ဘုတ် သုံးစွဲသူတဦးက တနေ့တည်း သန့်ရှင်းရေးလုပ်ရုံနဲ့ မလုံလောက်ကြောင်း၊ အမှိုက်ပုံးများ ပိုပြီးထားသင့်ကြောင်းနဲ့ စွန့်ပစ်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းသင့်ကြောင်း ပြောပါတယ်။ နောက်တဦးကတော့ ဒီလို လူမြင်ကွင်းမှာ အမှိုက်ကောက်ပြမယ့်အစား သူ့ရဲ့ လုပ်ပိုင်ခွင့်ကို သုံးပြီး မူဝါဒများရေဆွဲချမှတ်သင့်တယ်လို့ ပြောပါတယ်။
တခြား ဖေ့စ်ဘုတ်သုံးစွဲသူတယောက်ကတော့ ရပ်ကွက်၊ လမ်းဆုံများနဲ့ ဓာတ်တိုင်အောက်တွေမှာ အမှိုက်ပုံးတွေ ထားပြီး အမှိုက်ပုံမှန်သိမ်းပေးလျှင် လမ်းများ ရှင်းလင်းနေမည်ဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။
စွန့်ပစ်ပစ္စည်းများကို စနစ်တကျပြန်လည် အသုံးချရေးလုပ်ငန်းကို စည်ပင်သာယာဝန်ထမ်းများက အဖွဲ့တွေခွဲပြီး လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ကုန်ပစ္စည်း ဝယ်ယူစားသုံးမှု များပြားခြင်းကြောင့် အမှိုက်ပုံးများ အလျင်မီအောင် မထားရှိနိုင်ခြင်း၊ စားပြီးသား အမှိုက်များကို လမ်းမပေါ်တွင် စွန့်ပစ်ခြင်း၊ နောက်ဖေးလမ်းကြားနဲ့ ရေမြောင်းများမှာ စွန့်ပစ် ပလတ်စတစ်များ ပစ်ချခြင်းတို့ကြောင့် စည်ပင်ဝန်ထမ်းများရဲ့ အလုပ်ကို ပိုမို နှောင့်နှေးစေပါတယ်။
နှစ်ပေါင်းများစွာ လျစ်လျူရှု ခံထားခဲ့ရတဲ့ မြို့တော်ရဲ့ အကျည်းတန်မှုများကို လျှော့ချဖို့အတွက်ဆိုရင် ရေရှည် စီမံကိန်းတွေနဲ့ ရေရှည် စီမံခန့်ခွဲပေးမှုတွေ လိုတယ်လို့ ဦးခင်လှိုင်က ပြောပါတယ်။
“ဝန်ကြီးချုပ်မှ မဟုတ်ဘူး၊ မြို့တော်ဝန်၊ ကော်မတီဝင်မှ မဟုတ်ဘူး၊ ဘယ်သူမဆို အမှိုက်နဲ့ ပတ်သက်လို့ရှိရင် ခဏတာလေး လုပ်ပြတာမျိုး မဟုတ်ဘဲနဲ့ ရေရှည်ဆောင်ရွက်နိုင်တဲ့ စိတ်မျိုးနဲ့ ရေရှည်စီမံခန့်ခွဲတဲ့ လုပ်ငန်းစဉ်တွေနဲ့ တကယ်ဖြစ်စေချင်တဲ့ စိတ်တွေရှိဖို့လိုပါတယ်” လို့ ဆက်လက် ပြောကြားပါတယ်။
ဦးမြင့်ဆွေဟာ ၂၀၁၀ မှာ ဆိပ်ကြီးခနောင်တို မြို့နယ် ကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ပါတယ်။