အမျိုးသား ပညာရေးဥပဒေ ကန့်ကွက်ဆန္ဒပြသော ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာ မဟာတန်း ကျောင်းသူ မသန်စွမ်းအရေးတက်ကြွလှုပ်ရှားသူ မစုပုံချစ်အတွက် ရန်ကုန်မြို့တွင် အစိုးရက နေထိုင်ရန် ခွင့်ပြုထားသည့် တိုက်ခန်းကို ပြန်လည် သိမ်းယူမှုသည် ကျောင်းသားသပိတ်နှင့်မပတ်သက်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
အမျိုးသား ပညာရေး ဥပဒေ ကန့်ကွက်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့်အတွက် မစုပုံချစ် နေထိုင်ရန် ပေးခဲ့သည့် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အစိုးရ တိုက်ခန်း ကို ပြန်လည် သိမ်းယူလိုက်ကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြပါရှိရာ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည့်အတွက် တိုက်ခန်းသိမ်းယူခြင်း မဟုတ်ဟု ပြောဆိုသည်။
“သူ့ကို ဘွဲ့ရတဲ့အထိ ကျနော်တို့ ပေးထားခဲ့တယ်။ သူက လက်ရှိ သြစတေးလျ နိုင်ငံမှာ သွားပြီးတော့ ပညာသင်ကြားမှု လုပ်နေပြီ အဲဒီဟာမျိုးတွေ ရှိတဲ့အတွက်ကြောင့်လို့ ကျနော် နားလည်တယ်။ ပြီးတော့ အဲဒါက သူ့ကို တသက်လုံးနေဖို့ ပေးထားတာမျိုး မဟုတ်ဘူးလေ။ ဌာနရဲ့ လိုအပ်ချက်အရလည်း ပြန်သိမ်းရမှာပဲ။ ကျနော်သိရသ လောက်တော့ သူ့ကို နေခွင့်ပေးခဲ့တဲ့ ရည်ရွယ်ချက် ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက်ရော ဌာနမှာလည်း ဝန်ထမ်း တိုးချဲ့ တဲ့အတွက်ကြောင့် ဝန်ထမ်းတွေ နေရာချထားဖို့အတွက် သူ့ကို နေရာဖယ်ပေးဖို့ အကြောင်းကြားတယ်လို့ ကျနော်သိရပါတယ်”ဟု ဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။
မစုပုံချစ် နေထိုင်သည့် တိုက်ခန်းပြန်လည် အပ်နှံရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့ပြီး စာတွင် တိုးချဲ့ ဝန်ထမ်းများ ထားရှိရန် အကြောင်းပြချက်နှင့် ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လည်အပ်နှံရန် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
“ဒီတခေါက်က ကျမ တအိမ်တည်းလို့ ထင်ပါတယ်။ ဘာကြောင့် ပြောင်းရလဲဆိုတာကို ကျမတို့ လုံးဝမသိဘူး။ စာမှာ ပါတဲ့ အကြောင်း ပြချက်ကလည်း ကျမတို့ ရှင်းရှင်းလင်းလင်း မသိဘူး။ သိချင်လို့ အထပ်ထပ်ကို အသနားခံစာ တင်ထားပေမယ့် ဘာမှ အကြောင်း မပြန် ဘူး” ဟု မစုပုံချစ်က ပြောသည်။
တိုက်ခန်း ပြန်လည်သိမ်းယူရခြင်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီမှ နေပြည်တော်ရှိ လူမှုဝန်ထမ်း ဦးစီး ဌာန၊ ညွှန်ကြားရေးမှူး(စီမံ) နှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ ဆက်သွယ်ခဲ့သော်လည်း တာဝန်ခံ ဖြေဆိုမည့်သူမရှိပေ။
မစုပုံချစ်အနေနှင့် ၁၀ တန်းအောင်မြင်ပြီးနောက် တက္ကသိုလ် ဆက်တက်ရာတွင် သွားလာရေး လွယ်ကူစေရန်အတွက် အဆိုပါတိုက်ခန်းကို ဗိုလ်ချုပ်စိန်ထွား(ယခင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး) က နှုတ်မိန့်ဖြင့် တသက်တာ နေထိုင်ရန် ၂၀၀၅ ခုနှစ်ဝန်းကျင်က ပေးအပ်ခဲ့ကြောင်း၊ ဝန်ထမ်း အိမ်ရာ ဖြစ်သည့် အတွက် ခိုင်မာသည့် စာရွက်စာတမ်းများ ပေးအပ်ထားခြင်းမရှိဟု မစုပုံချစ်က ဆိုသည်။
မစုပုံချစ်သည် အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ ကျောင်းသားသပိတ်တွင် ပါဝင် မလှုပ်ရှားခင် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ တော်ဝင်နှင်းဆီတွင် ဘီဘီစီသတင်းဌာနက ပြုလုပ်ခဲ့သည့် မေး၊ ဖြေ စရာ ဒီချိန်ခါ အစီအစဉ်သို့ တက်ရောက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို အမျိုးသား ပညာရေးဥပဒေ နှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ ဖူးကြောင်း သိရှိရသည်။
“အဲဒီအစီအစဉ်မှာ တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို မေးခွန်းနှစ်ခု ကျမမေးခဲ့တယ်။ ဒုတိယ မေးခွန်းမှာ အမျိုးသားပညာရေး ဥပဒေ မူကြမ်းမှာ ကျမတို့ မသန်စွမ်းတွေအတွက် ထည့်သွင်းထားတာ အထူးပညာရေး တခုတည်း ဖြစ်တဲ့အတွက် ဘယ်လိုအချက်တွေကို ပိုမိုပြီး ထည့်သွင်း ဆောင်ရွက် ပေးမလဲလို့ မေးခွန်း မေးခဲ့တယ်” ဟု မစုပုံချစ်က ဆိုသည်။
မစုပုံချစ်၏ မေးမြန်းမှုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မည်သူ၏ မှိုင်းမိနေ၍ ယခုကဲ့သို့ မေးခွန်း ထုတ်ရသနည်းဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ပြီး မစုံပုံချစ်နေထိုင်သော အစိုးရတိုက်ခန်း ပြန်လည် သိမ်းယူမှု သည် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်မှုနှင့် ထူးထူးခြားခြားတိုက်ဆိုင်နေသည်။
Triangle Women Support Group ဒါရိုက်တာ မခင်လေးက “အဲဒီလိုလေး ပြောလိုက်ရုံနဲ့ သိမ်းတယ်ဆိုရင်တော့ ဒါဟာ တော်တော်ကလေးဆန်တယ်လို့ ပြောလို့ရမယ်။ အခု နောက်ပိုင်း မစုပုံချစ်ဟာ ကျောင်းသားသပိတ်တွေမှာ ပါလို့ သိမ်း တယ် ဆိုရင်တော့ ဒါဟာ သူတို့ရဲ့ စိတ်နေသဘောထားကို ကောင်းကောင်းထင်ဟပ်တာပေါ့။ ငါတို့ အကြည်ညို ပျက်စေ မယ့် အလုပ်တွေလုပ်ရင် ငါတို့ပေးထားတာတွေ ပြန်ပေးရမယ်ဆိုတဲ့ သဘောလုပ်ရမယ်ဆိုတာမျိုး ပေါ်လွင် သွားမယ်” ဟု ရှင်းပြသည်။
အစိုးရက တိုက်ခန်းပြန်လည်သိမ်းယူလိုက်သည့်အတွက် မစုပုံချစ်သည် ၎င်းနေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်(YTU) သို့ နေ့စဉ် သွားရောက် ကျောင်းတက်နေ ရကြောင်း သိရှိရသည်။