တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(မူကြမ်း)ကို အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ယနေ့တွင် လက်မှတ် ထိုးခဲ့သော်လည်း တပ်မတော်၏ မူ ၆ ချက်ကို လက်မခံနိုင်ကြောင်း NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောကြား သည်။
နိုင်ငံတော်က ချမှတ်ထားသည့် တည်ဆဲဥပဒေများကိုလိုက်နာရန်၊ တို့တာဝန်အရေး ၃ ပါးနှင့် ဒီမိုကရေစီ အနှစ်သာရများကို လက် ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီလျှောက်လှမ်းနေမူတွင် လိုက်ပါလုပ်ဆောင်ရန်ဆိုသည့် အချက် ၂ ချက် ကိုလည်း NCA စာချုပ်တွင် မပါဝင်သလို တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှုင်းရေး အဖွဲ့(NCCT) အနေဖြင့် ယင်း အချက်များကို လက်မခံနိုင်ကြောင်း မီဒီယာသမားများ၏ မေးမြန်းမှုကို နိုင်ဟံသာက ပြန်လည်ဖြေကြားခဲ့သည်။
“တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ အဲဒီ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူ(၆)ချက်က အဲဒီပုံစံအတိုင်း မလာဘူးဗျ။ အဲဒီမှာ မပါတဲ့ဟာတွေလည်း မပါဘူး။ ပါတဲ့အပိုင်းတွေမှာလည်း သွယ်ဝိုက်ပြီး ပါသွားတာဖြစ်တယ်။ ဒါကြောင့် အဲဒီ ၆ ချက်ပေါ်မှာ အတိအကျ ဒါတွေ ဒါတွေအပေါ်မှာ ဘယ်လိုသ ဘောထားလည်းဆိုတာကတော့ စာချုပ်ထဲမှာမပါဘူးဖြစ်လို့ ကျနော်တို့ကတော့ အထူးဖြေပေးဖို့ မလိုပါဘူး” ဟု ၎င်းက ဆိုသည်။
တပ်မတော်မှ ဒု ဗိုလ်ချုပ်ကြီးမြင့်စိုးက ယင်းမူ ၆ ချက်သည် သဘောထား ရပ်တည်ချက်ဖြစ်သည့်အတွက် ဆွေးနွေးပွဲတွင် အသေး စိတ် ဆွေးနွေးခဲ့ခြင်း မရှိကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်း ယင်းမူ(၆)ချက်ကို ကိုင်ဆွဲသွားမည် ဖြစ်ကြောင်း ပြောသည်။
“ဒါကြောင့် တပ်မတော်ရဲ့သဘောထားရပ်တည်ချက် ၆ ချက်ကို လိုက်နာနိုင်တယ်ဆိုရင် ထာဝရငြိမ်းချမ်းရေးရမယ်ဆို ပြီးတော့ ကျနော်တို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ အမြဲတမ်းဆွဲကိုင်ထားမယ့် မူဝါဒ ၆ ချက်ဖြစ်ပါတယ်”ဟုလည်း ၎င်း က တုံ့ပြန် ပြောဆိုသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)တွင် ပြည်ထောင်စု ငြိမ်းချမ်း ရေး ဖော် ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC) နှင့် NCCT တို့က အခန်း ၇ ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (မူကြမ်း)ကို သမ္မတဦးသိန်းစိန်ရှေ့ မှောက်၌ ယနေ့ နံနက်ပိုင်းတွင် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းသို့ လက်မှတ်ရေးထိုးနိုင်ရန် အတွက် NCA တွင် နှစ်ဖက်ညှိနှိုင်းဆွေးနွေးရန် ခက်ခဲသည့်အချက်များကို အစည်းအဝေးဆုံးဖြတ် ချက်ဖြင့် အခန်း ၇ အထွေထွေအခန်းတွင် အပိုဒ်တပိုဒ်အနေဖြင့် ထည့်သွင်းထားကြောင်း၊ ယင်းအစည်းအဝေး ဆုံးဖြတ်ချက်ကို NCA စာချုပ်တွင် ပါဝင်သည့်အချက်များကဲ့သို့ ရှေ့ဆက်အကောင်အထည်ဖော်ရာတွင် အကျုံးဝင်စေရမည်ဟု သဘောတူထားကြောင်း NCCT မှ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောပြသည်။
သမ္မတဦးသိန်းစိန်ကလည်း လာမည့် ဧပြီလအတွင်း NCA လက်မှတ်ရေးထိုးနိုင်ရန် သေချာပေါက်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ Political Dialogue အတွက် လမ်းပွင့်သွားပြီဖြစ်ကြောင်း၊ ဒုတိယပင်လုံ၏ အောင်ပွဲတခုဖြစ်ကြောင်း ယနေ့ကျင်းပသည့် NCA (မူကြမ်း)လက်မှတ်ရေးထိုးပွဲတွင် မီဒီယာများကို ပြောကြားထားသည်။
တပ်မတော်မူ(၆)ချက်မှာ ငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒရှိရန်၊ သဘောတူစာချုပ်များ၌ ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များကို အမြတ်မထုတ်ရန်၊ ဒေသခံများပေါ်တွင် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်သည့် တည် ဆဲ ဥပဒေများကို တိတိကျကျလိုက်နာရန်၊ တို့တာဝန်အရေး ၃ ပါးနှင့် ဒီမိုကရေစီ အနှစ်သာရများကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီ လျှောက်လှမ်းနေမူတွင် လိုက်ပါ လုပ်ဆောင်ရန်တို့ဖြစ်သည်။
NCCT အနေဖြင့် လာမည့် လပိုင်းအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးမှ ထိပ်သီးခေါင်းဆောင်များ ပါဝင်မည့် တိုင်းရင်းသား ညီလာခံတရပ်ကျင်းပပြီး လက်ရှိ လက်မှတ်ထိုးထားသည့် NCA မူကြမ်းပါအချက်အလက်များကို ထိပ်သီးခေါင်း ဆောင် များကို တင်ပြ၍ သဘောတူညီချက် ရယူသွားမည်ဟု ဆိုသည်။
NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရမည်ဟု သိရသည်။