တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) မူကြမ်းကို သဘောတူလိုက်ပြီး ဖြစ်သော်လည်း အစိုးရနှင့် တိုက်ပွဲ ဖြစ်ပွားနေဆဲ တိုင်းရင်းသား အဖွဲ့များနှင့် ညှိနှိုင်းမှုမရှိပါက NCA အပြီးသတ် လက်မှတ်ထိုးရန် ဖြစ်နိုင်မည် မဟုတ်ကြောင်း သိရသည်။
“စာချုပ်ကို သဘောတူတာနဲ့ ထိုးလို့ မရဘူး။ တနိုင်ငံလုံး အပစ်ရပ်ရေး(NCA- Nation Wide Ceasefire Agreement) ဆိုတော့ တနိုင်ငံလုံး တည်ငြိမ်မှုနဲ့ တကယ်ပဲ ပဋိပက္ခ ချုပ်ငြိမ်းမှ အဓိပ္ပာယ်ရှိမှာပါ၊ ကိုးကန့်မှာ တိုက်ပွဲဖြစ်နေရင် လက်မှတ်ထိုးလို့ မရဘူး၊ ပြည် တွင်းမှာ တိုင်းရင်းသား အဖွဲ့တွေနဲ့ တိုက်ပွဲ လုံးဝမဖြစ်တော့မှ NCA ကို လက်မှတ်ထိုးလို့ ရမယ်”ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းတွင် မတ်လ ၂၇ ရက်မှ ယနေ့အထိ တပ်မတော်နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် တပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ထိုတိုက်ပွဲတွင် NCCT အဖွဲ့ဝင်များ ဖြစ်သော ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA )နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က ကိုးကန့်တပ်ဖွဲ့ကို ကူညီပြီး တိုက် ပွဲ ဝင်နေကြောင်း သိရသည်။
MNDAA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက “NCCT ကတော့ အားလုံး ပါဝင် လက်မှတ်ထိုးမှ အဓိပ္ပာယ်ရှိမယ်လို့ ပြောပါတယ်၊ ကျနော်တို့ကလည်း ငြိမ်းချမ်းရေး လက်မှတ်ကို ထိုးချင်ပါတယ်၊ တဖက်က ကျနော်တို့ကို အသိအမှတ် မပြုဘူးဆိုတော့ ကျနော် တို့လည်း မတတ်နိုင်ဘူး။ ဒါက တပ်မတော် အပေါ်မှာ မူတည်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
MNDAA အနေဖြင့် တပ်မတော်ဘက်က ထိုးစစ်ဆင်မှု ရှိနေလျှင် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ပြီး အစိုးရဘက်က လက်မှတ် ထိုးရန် ဖိတ်ခေါ်မှု မရှိပါက လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်းလည်း ဦးထွန်းမြတ်လင်းက ဆက်ပြောသည်။
ထို့အပြင် MNDAA ကို ကူညီတိုက်ပေးနေသည့် ရခိုင် AA တပ်ဖွဲ့ဝင်တချို့နှင့် အစိုးရတပ်မတော် တို့သည်လည်း ပြီးခဲ့သည့် မတ်လ ၂၈ ရက်က စတင်၍ ပထမဆုံး အကြိမ် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ ထို AA တပ်ဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်း လိုင်ဇာတွင် အခြေစိုက်ထားသော တပ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များတွင် အင်အားကြီး အဖွဲ့တဖွဲ့ ဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကိုလည်း အစိုးရ တပ်မတော်က ကိုးကန့်တိုက်ပွဲတွင် ဝင်ရောက် ကူညီနေသည်ဟု စွပ်စွဲထားပြီး ကိုးကန့်တပ်ဖွဲ့ကို လက်နက် အကူအညီမပေးရန် ခေါ်ယူပြောဆိုမှု ပြုလုပ်ခဲ့သည်။
ထိုသို့ ပြောဆိုမှုကို မကျေမလည် ဖြစ်ပြီး ယခုကျင်းပသည့် ၇ ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို UWSA က တက်ရောက်ခြင်း မရှိကြောင်းလည်း သိရသည်။
“တချို့ဒေသတွေမှာ အပစ်ရပ်ပြီး တချို့ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် တနိုင်ငံလုံး အပစ်ရပ်စဲတယ် ဆိုတာ အဓိပ္ပာယ် ရှိမှာ မဟုတ်ပါဘူး၊ တနိုင်ငံလုံး အပစ်ရပ် ပီပြင်ဖို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အားလုံး ပါဝင် လက်မှတ်ရေးထိုးဖို့ လိုပါတယ်” ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက ၇ ကြိမ်မြောက် ဆွေးနွေးပွဲ နိဂုံးချုပ် မိန့်ခွန်းတွင် ပြောဆိုထားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးမှု၌ မပါဝင်ဘဲ တိုက်ပွဲများ ဖြစ်ပွားနေဆဲ တိုင်းရင်းသား အဖွဲ့များကို NCA တွင် လက်မှတ် ရေးထိုးနိုင်ရန် ညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်သွားမည်ဟုလည်း နိုင်ဟံသာက ပြောသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ဘဲ တိုက်ပွဲများ ဖြစ်ပွားနေသည့် တိုင်းရင်းသား အဖွဲ့များနှင့် ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)က ညှိနှိုင်းဆောင်ရွက် သွားမည်ဟု ပြောဆိုသည်။
NCA စာချုပ်မူကြမ်း ပြီးစီးကြောင်းကို အစိုးရ၏ UPWC နှင့် တိုင်းရင်းသားများဘက်က NCCT အဖွဲ့များ အကြား မတ်လ ၃၁ ရက် တွင် လက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်။
NCA စာချုပ်ကို အပြီးသတ် သဘောတူ လက်မှတ်ထိုးမည့်သူများမှာ အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) နှင့် တိုင်းရင်းသားများဘက်က ထိပ်သီး ခေါင်းဆောင်များ ဖြစ်ကြပြီး ၎င်းတို့ အနေဖြင့် UPWC နှင့် NCCT တို့ ရေးဆွဲထားသည့် NCA ၌ လက်မှတ်ရေးထိုးရန် သင့် မသင့်ကို ညီလာခံများ ခေါ်ယူ၍ ဆွေးနွေးမှုများ ထပ်မံ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
အစိုးရက တနိုင်ငံလုံး အပစ်ရပ် စာချုပ်ကို NCCT တွင် ပါဝင်သည့် တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့ နှင့်သာ ချုပ်ဆိုသွားရန် ရည်ရွယ်ထား သည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက သတင်းမီဒီယာများကို ပြောသည်။
အစိုးရနှင့် ဆွေးနွေးနေသည့် NCCT တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (SSA/RCSS)၊ ကူကီး အမျိုးသား အစည်းအရုံး မြန်မာပြည် (KNO-B) ၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) ၊“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) တို့ ပါဝင်ခြင်း မရှိပေ။