ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြန်မာ-နယ်စပ် တာချီလိတ်မြို့တွင် လူပျောက်ကြေညာထားသော အသက် ၆ နှစ်အရွယ် မိန်းကလေး ငယ် တဦး၏ ရုပ်အလောင်းကို မတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံဘက်တွင် တွေ့ရှိခဲ့ပြီး လတ်တ လော စစ်ဆေးချက်များအရ ကလေးငယ်သည် အသတ်ခံရခြင်းဖြစ်၍ တာချီလိတ်ဒေသခံများအကြား ထိတ်လန့် တုန်လှုပ် လျက် ရှိကြောင်း သိရှိရသည်။
အသက် ၆ နှစ်အရွယ် နန်းဖွေးဟွမ်ဆိုသော မိန်းကလေးငယ်သည် မတ်လ ၂၇ ရက်နေ့တွင် နေအိမ်မှ စတင် ပျောက်ဆုံး သွားခဲ့ပြီး မိသားစုဝင်များက ရဲတပ်ဖွဲ့ထံသို့ လူပျောက်တိုင်ကြားခဲ့ပြီး တာချီလိတ်မြို့တွင် လူပျောက်ကြော်ငြာ ကပ်ခဲ့ ကြောင်း၊ မတ်၃၀ရက်နေ့ ညနေပိုင်းတွင် ကလေးငယ်၏ ရုပ်အလောင်းကို မဲဆိုင်ချောင်းတွင် ပြန်လည်တွေ့ရှိခဲ့ပြီး လည်ပင်း တွင် ကြိုးချည်ထားသော ဒဏ်ရာ ဒဏ်ချက်များ တွေ့ရှိရသဖြင့် အသတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကလေးရဲ့အလောင်းက ထိုင်းမှာတွေ့တာဆိုတော့ ထိုင်းရဲတွေ အရင်ဆေးစစ်ချက်လုပ်ပါတယ်။သူတို့လုပ်ပြီးမှ ကျနော်တို့ ကိုလွှဲပေးတာပါ။သေဆုံးရတဲ့အကြောင်းရင်းကို ဆရာဝန်က အတိအကျ မဖြေပေးသေးပေမယ့် လောလောဆယ်တော့ အဆုတ်မှာရေရှိတယ်။လည်ပင်းမှာအရာတွေ့တယ်။ကျန်တာကတော့ ဘာမှမရှိပါဘူး။ ကာမနဲ့ဆိုင်တာတွေ လည်းမရှိဘူး။ အခု ပုဒ်မ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။တရားခံကို စုံစမ်းဆဲပါ” ဟု တာချီလိတ် မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ကျော်သန်းက ဧရာဝတီသို့ပြောသည်။
မိန်းကလေးငယ် အသတ်ခံရမှုသည် မျက်ကြည်လွှာနှင့် ကိုယ်တွင်းကလီစာများ ထုတ်ယူ သတ်ဖြတ်ခံရခြင်းဖြစ်သည် ဆိုသော သတင်းများ တာချီလိတ်မြို့ခံများအကြားတွင် ပျံ့နှံ့လျက်ရှိပြီး ကလေးငယ် အသတ်ခံရမှုကြောင့် မြို့ခံများမှာ မိမိတို့၏ သားသမီးများအတွက် စိုးရိမ်မကင်းဖြစ်ကာ ထိတ်လန့်တုန်လှုပ်လျက်ရှိကြောင်း သိရှိရသည်။
“ ကလေးသေဆုံးတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ဒေသခံတွေရဲ့ စိတ်တွေမှာ မလုံခြုံတော့ဘူး လို့ခံစားနေရပါတယ်။ ထိတ်လန့် နေတယ်။ကလေးသတ်ခံရတော့ ဒေသခံတွေ ပိုစိုးရိမ်နေကြတယ်။ မြို့ထဲမှာတော့ ကလေးရဲ့ ကလီစာတွေ ဘာတွေ ထုတ် ရောင်းစားခံနေရတယ်ဆိုပြီး သတင်းပျံ့နေပါတယ်” ဟု တာချီလိတ်ဒေသခံ အမျိုးသား တဦးက ဧရာဝတီ သို့ ပြော သည်။
အသတ်ခံလိုက်ရသော မိန်းကလေးငယ်၏ အသုဘကို ဧပြီလ ၂ ရက်နေ့ နေ့လယ် ၁နာရီတွင် မြို့မသုသာန်တွင် ကျင်းပ မည်ဖြစ်ကြောင်း သိရှိရသည်။
တာချီလိတ်မြို့တွင် မတ်လ ၂၂ ရက်နေ့ကလည်း ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပြီး တရားခံကို မတ်လ ၂၅ ရက်နေ့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း၊ မတ်လ ၂၇ ရက်နေ့တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ပျောက်ဆုံးခဲ့ပြီး မတ်လ ၃၀ ရက် နေ့ ညနေပိုင်းတွင် အဆိုပါကလေး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့တွင်မူ ထိုင်းနိုင်ငံသား တဦး သေနတ်အပစ်ခံရ၍ သေဆုံးခဲ့ပြီး တရားခံကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
“နယ်စပ်ဒေသဆိုတော ဒီလို လူသတ်မှုက မကြာမကြာ ဖြစ်ပါတယ်။ သေနတ်တွေက လည်း ဈေးပေါပေါနဲ့ ရနေတယ်။ ပြီးတော့ တချို့ စီးပွားရေး ပြိုင်ဖက်တွေက ရန်ငြိုး ရန်စတွေနဲ့ တဦးကို တဦး သတ်တာတွေရှိတယ်။” ဟု ဒုရဲမှူး ကျော်သန်း က ဧရာဝတီသို့ ထပ်မံပြောသည်။