ဆောက်လုပ်ရေးဝန်ကြီးဌာနက နိုင်ငံရေး ပါတီများ ရုံးခန်းဖွင့်လှစ်နိုင်ရန် လှိုင်သာယာရှိ ရွှေလင်ပန်းအိမ်ရာစီမံကိန်းမှ တိုက်ခန်း ၂၄ ခန်းကို ရောင်းချ၊ ငှားရမ်းပေးရန် ကမ်းလှမ်းထားခဲ့ရာ နိုင်ငံရေးပါတီ ၂၃ ခုက တိုက်ခန်းရယူရေး လျှောက်ထားကြောင်း သိရှိရသည်။ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ စီမံကိန်းရှိ အိမ်ခန်း ၂၄ ခန်းကို ပါတီ ၁၁ ပါတီက ဝယ်ယူရန် လာရောက်လျှောက်ထားပြီး၊ ၉ ပါတီက ငှားရမ်းရန် လျှောက်ထားကြောင်း၊ ဝယ်ယူရန်နှင့် ငှားရမ်းရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၃ ခု ရှိနေရာ စုစုပေါင်း ၂၃ ပါတီက လာရောက် လျှောက်ထားသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။ “အခန်းက ၂၄ ခန်း ရှိပြီး၊ လျှောက်ထားတာ ၂၃ ပါတီဆိုတော့ မဲနှိုက်စရာ မလိုတော့ဘူး။ ဒါပေမယ့် ဘယ်အထပ်၊ ဘယ်အခန်း ဆိုတာကိုတော့ မဲနှိုက်ရွေးချယ်ရမယ်။ အဲဒီအတွက်လည်း လျှောက်ထားတဲ့ နိုင်ငံရေးပါတီတွေကို အစည်း အဝေး ဖိတ်ခေါ်ပြီး ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ဧရာဝတီကို ပြောသည်။ ပါတီများက အခန်းဝယ်ယူမည် ဆိုပါက ရောင်းချသည့်ဈေးနှုန်းမှာ တိုက်ခန်းတခန်းလျှင် ကျပ် သိန်း ၁၁၀ မှ ၁၂၅ သိန်း အထိ အထပ်ပေါ် မူတည်ပြီး သတ်မှတ်ထားကြောင်းနှင့် ငှားရမ်းမည် ဆိုပါက တလလျှင် တခန်းအတွက် ကျပ် ၄ သောင်း သတ်မှတ်ထားကြောင်း သိရသည်။ တိုက်ခန်းများအား ဝယ်ယူ၊ ငှားရမ်းရန် လျှောက်ထားသည့် ပါတီများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ)၊ ကချင် ဒီမိုကရက်တစ် ပါတီ၊ ကရင်ပြည်သူ့ ပါတီ၊ ချင်းတိုးတက်ရေး ပါတီ၊ ဖက်ဒရယ် ပြည်ထောင်စု ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဗမာပြည်သူ့ ပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက် ပါတီ၊ မြို တိုင်းရင်းသား ဖွံ့ဖြိုးရေး ပါတီတို့ အပါအဝင် စုစုပေါင်း ၂၃ ပါတီတို့ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။