ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာအနီးတွင် မတ် ၃၀ ရက်နေ့တွင် မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက် ရှာဖွေသူ ၉ ဦး သေဆုံးသည်ဟု သိရသည်။
အမြင့်ပေ ၃၀၀ ကျော်ရှိပြီး ရာဇာဌာနီ ကုမ္ပဏီမှ စွန့်ပစ်ထားသည့် မြေစာပုံ ပြိုကျခြင်းဖြစ်ကြောင်း၊ မြေစာပုံကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂ ဦးကို ပြန်လည်တွေ့ရှိရကြောင်း၊ သေဆုံးသူဦးရေ ဆက်လက်တိုးမြင့်နိုင်ကြောင်း ဖားကန့် လူထုအခြေပြု အဖွဲ့အစည်းမှ ဦးမရန်ဂျာလ က ဧရာဝတီသို့ ပြောသည်။
“မြေစာပုံအောက်မှာ ရေမဆေးကျောက် ရှာတဲ့သူတွေက ၁၀၀ ကျော်ရှိတယ်။ သေတဲ့သူအလောင်း ၉ ဦးပဲ ပြန်ရှာတွေ့တယ်။ ကျနော်အထင် အယောက် ၄၀၊ ၅၀ လောက် ရှိမယ်ထင်တယ်။ ဒီလို မြေစာပုံတွေ မကြာမကြာ ပြိုတာလည်း မဆန်းတော့ဘူး။ မိုးရွာသီဆိုရင် ဒီထက်ပြိုနိုင်တယ်” ဟု ဦးမရန်ဂျာလ က ဆိုသည်။
ထိုမြေစာပုံ အနီးတွင် ပျံကျ ဈေးဆိုင်ခန်းများ ရှိသည်ဟုလည်း သိရသည်။
ဖားကန့်ဒေသတွင် မြေစာပုံများစွာရှိပြီး ယင်းဒေသတွင် ရေမဆေးကျောက် ရှာဖွေသူ ၁ သိန်းနီးပါး ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်ကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် မြောက်ဘက် မှော်တွင်းတွင် မြေစာပုံ ပြိုကျမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး မတ် ၆ ရက်နေ့တွင်လည်း မြေစာပြိုမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့သည်။
၂၀၀၈ ခုနှစ် ဇူလိုင်လအတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြို၍ လူ ၂၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀၉ ခုနစ်တွင်လည်း မြေပြိုမှုကြောင့် လူဦးရေ ၇၀ ကျော် သေဆုံးမှု ဖြစ်ပွားခဲ့သည်။