ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်အများစုတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရေပေးဝေမှု နည်းပါးလွန်း သည့် အတွက် ရေပြတ်တောက်မှု ဖြစ်ပေါ်နေရာ ရန်ကုန်ပြည်သူအများစု အတိဒုက္ခရောက်နေရပြီး ယင်းရေပြတ်လပ်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တို့အကြား အပြန်အလှန် အပြစ်တင်လျက်ရှိကြောင်း သိရှိရသည်။
မတ်လ ၁ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တထောင် ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ မြို့နယ်၊ မရမ်းကုန်း အပါအဝင် မြို့နယ် အများစုတွင် ရေပေးဝေမှု နည်းပါး သည့် အတွက် ရေပြတ်လပ်မှုများ စတင်ဖြစ်ပေါ်လာကြောင်း၊ နွေရာသီ အလွန်ပူပြင်းချိန် ရေလုံလောက်မရရှိသည့် အပြင် ယခု မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလ နီးကပ်လာချိန်တွင် ရေလုံး၀ မရရှိတော့သည်အထိ ရန်ကုန်မြို့နေပြည်သူ အများစု အခက်အခဲများကြုံတွေ့နေရကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့နယ်များသို့ ရေပေးဝေရန် ရေလှောင်ကန်များတွင် ရေအပြည့် ရှိသော်လည်း ရေတွန်း စက်များ သို့ လျှပ်စစ်ဓာတ်အား ပုံမှန် မရရှိသောကြောင့် ရေတွန်းစက်များ အလုပ်မလုပ်နိုင်ဘဲ ရေပြတ် တောက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူတဦးက ဆိုသည်။
“အခုဟာက အဓိက က ရေလှောင်ကန်ကြီးတွေကနေ ရေကူး၊ ရေတွန်း စက်တွေက တဆင့် မြို့နယ်တွေကို ပြန်ဝေတယ်။ အခုက ရေကူး၊ ရေတွန်းစက်မှာ ကိုက မီးအား မပြည့်လို့လေ။ မီးအားတွေကျနေလို့ စက်တွေက မတွန်းနိုင်ဘူး။ အဲဒါက EPC(လျှပ်စစ်) နဲ့ဆိုင်တယ်။ သူတို့ဆီက အပြည့်ပေးမှ ရေတွန်း စက်တွေက အလုပ်လုပ်မှာ။ အခု ကမီးအားပြည့်တဲ့ အချိန် လေးကိုပဲ စက်က တွန်းနေရတယ်။ မီးအား ပုံမှန်ဆိုရင် ရေတွန်းစက်တွေက အမြဲ အလုပ်လုပ်နေတာပဲ” ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်ကမူ စည်ပင်၏ ရေတွန်းစက်များအတွက် ဗို့အားမြင့် မီးအားမြှင့်စက်များ တပ်ဆင်ပေးထားကြောင်း၊ ရေပြတ်လပ်မှုကိစ္စနှင့်ပတ်သက်၍ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထံ လွှဲမချ သင့်ကြောင်း ပြောဆိုသည်။
“နွေရာသီမှာက မီးသုံးစွဲတဲ့ အရေ အတွက်က အရမ်းများတယ်။ ကျနော်တို့လည်း ရေတွန်း စက်တွေ အတွက် ဗို့အား မြှင့် စက်တွေ တပ်ဆင်လုပ်ဆောင်ပေးနေတာပဲ။ ဒါကို စည်ပင်က ကျနော်တို့ကို ပြန်လွှဲချနေတယ်” ဟု ဦးအောင်ခိုင်က ရှင်းပြ သည်။
ရေပြတ်လပ်မှုဖြစ်ပွားခြင်းကြောင့် ရန်ကုန်မြို့နေပြည်သူ အများစု အတိဒုက္ခရောက်နေကြပြီး လတ်တလော အချိန်အထိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိဟု စမ်းချောင်းမြို့နယ်မှ ပြည်သူတချို့က ဆိုသည်။
“နွေရာသီရောက်တိုင်း ဒီပြဿနာ က ကြုံနေရတယ်။ ဒါကို တိုင်းဒေသကြီးအစိုးရဘက်က ဘာမှ မဖြေရှင်းပေးနိုင်ဘူး။ လူထုအတွက် လိုအပ်တဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေ ကိုတောင်မှ မဖန်တီးပေးနိုင်ရင် ဘာလို့ အစိုးရလုပ်နေလဲ။ ရန်ကုန် တိုင်း ဝန်ကြီးချုပ်နဲ့ စည်ပင်လူကြီးတွေ နုတ်ထွက်ပေးပါ ။ ရေ မပေးနိုင်တာကိုလည်း ပြည်သူကို တရားဝင် အသိပေး တာ၊ ကြေညာတာမျိုး လည်းမရှိဘူး။ လုပ်ချင်ရာလုပ်ပြီး ဖြစ်ချင်သလို ဖြစ်နေကြတယ်” ဟု စမ်းချောင်းမြို့နယ်၊ မင်းလမ်း၊ အိမ် အမှတ် ၆၅ တွင် နေထိုင်သူ ဒေသခံ တဦးက ဧရာဝတီကိုပြောသည်။