ခရစ်နှစ် ၂၀၁၅ ခုနှစ် မြန်မာ သက္ကရာဇ် ၁၃၇၇ ခုနှစ် အတွက် မဟာသင်္ကြန်စာအရ သင်္ကြန်မင်းဟု ခေါ်သော တနင်္ဂနွေဂြိုဟ်မင်း သည် ဂဠုန်စီးပြီး လက်တဘက်တွင် သန်လျက်ကိုင်၍ လူ့ပြည်သို့ ဆင်းသည့်အတွက် လာမည့်နှစ်တွင် နိုင်ငံရေး အခြေအနေအရ မင်း(နိုင်ငံ အကြီးအကဲများ) အပြောင်းအလဲ ရှိနိုင်ကြောင်း သိရသည်။
“ရှေး အယူအဆက ဂဠုန်စီးပြီး ဆင်းတဲ့နှစ်တွေမှာ လေဘေးအန္တရာယ်ကို ဂရုစိုက်ရမယ်။ နောက်ပြီး သံလျက်ကို ကိုင်တာက မင်း အပြောင်းအလဲ ရှိတယ်လို့ ပြတာ။ အောက်ခြေကနေ စပြီးတော့ အကြီးအကဲ အပြောင်းအလဲတွေ ရှိနိုင်တယ်။ လာမယ့်နှစ်မှာ ရွေးကောက်ပွဲဆိုတာ လုပ်ကိုလုပ်မယ်။ ဒါက သေချာတယ်”ဟု ဆရာ စံဇာဏီဘိုက ရှင်းပြသည်။
၎င်းက ဆက်လက်ပြီး“ဗေဒင်ရဲ့အယူအဆအရ ရွေးကောက်ပွဲမှာလည်း ပြည်သူတွေရဲ့ စိတ်အားထက်သန်မှုရဲ့ ရွေးချယ်မှုကြောင့် ပြည်သူတွေ မျှော်လင့် တဲ့သူတွေ အကြီအကဲ ဖြစ်လာနိုင်တယ်”ဟုလည်း ပြောဆိုသည်။
ယခုနှစ်တွင် ကြာသပတေးနံ တာစားသည့်အတွက် “ပ၊ ဖ၊ ဗ၊ ဘ၊ မ” အက္ခရာများဖြင့် အမည်ပေးထားသူများနှင့် အကြီးအကဲများအနေဖြင့် ကောင်းမှုကုသိုလ် ပြုလုပ်လျှင် အခြားနေ့နံများထက်ပို၍ အကျိုးခံစားရနိုင်ကြောင်းလည်း သိရသည်။ တာစားသည် ဆိုသည်မှာ မွေးနံ ကြာသပတေး နေ့သည် သင်္ကြန် အတက်နေ့နှင့် တိုက်ဆိုင်နေသည်ကို ဆိုလိုခြင်း ဖြစ်သည်။ တာစားလျှင် ကံနိမ့်သော နှစ်ဖြစ်သည်ဟု မှတ်သားရသည်။
မြန်မာလူမျိုးများအနေဖြင့် မြန်မာနှစ် တနှစ်ကုန်၍ တနှစ်ကူးပြီ ဆိုလျှင် မဟာသင်္ကြန်စာ၏ အဆိုအရ လာမည့် နှစ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ ရာသ်ီဥတုနှင့် ဆက်နွယ်ပြီး စားဝတ်နေရေး အခြေအနေ မည်သို့မည်ပုံ ရှိနိုင်မည်လဲ ဆိုသည့် ဟောပြောချက်ကို လေ့ လာ စောင့်ကြည့်ပြီး ကြိုတင် ပြင်ဆင်တတ်ကြကြောင်း သိရသည်။
ယခုနှစ်တွင် တနင်္ဂနွေဂြိုဟ်မင်းသည် ဂဠုန်ကို စီး၍ လက် တဘက်ကား သန်လျက်၊ လက်တဘက်ကား တံစဉ်ကို ကိုင်လျက် ထက် ဝယ်ဖွဲ့၍ မြောက်မှ အရှေ့တောင်ထောင့်သို့ ဝင်သည်ဟု သင်္ကြန်စာဖော်ပြချက်အရ နိုင်ငံရေးတွင် အပြောင်းအလဲများ ကြုံတွေ့နိုင်ပြီး သဘာ၀ ဘေးအန္တရာယ်များနှင့်လည်း ကြုံတွေ့နိုင်သည်ဟု ဆရာ စံဇာဏီဘိုက ဆိုသည်။
ထို့နောက် ယခုနှစ်တွင် အခြေခံလူတန်းစားများအတွက် ဝန်ထုတ်ဝန်ပိုးများစွာ ခံစားရနိုင်ကြောင်းလည်း သင်္ကြန်စာတွင် ဖော်ပြ ထား သည်။
“သင်္ကြန်စာရဲ့ အယူအဆအရ ဗြဟ္မာ့ဦးခေါင်းကို မှောက်လျက် ယူတဲ့သဘာဝကတော့ အခြေခံ လူတန်းစား၊ အနင်းခံ လူတန်းစား တွေ၊ အဖိနှိပ်ခံ လူတန်းစားတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ အတော်လေး ပိလာနိုင်တယ်။ သူတို့မှာလည်း မနိုင်ဝန်ထမ်းရမယ့် သဘောတွေလည်း ရှိတယ်”ဟု ဆရာ စံဇာဏီဘိုက ဆိုသည်။
သင်္ကြန်စာ၏ အဆိုအရ လာမည့်နှစ်အတွင်း နိုင်ငံရေး အရ စစ်မက်များပြားခြင်း၊ ပဒေသရာဇ် ပြည်ပျက်ခြင်း စသည့် အပြောင်း အလဲ များ ကြုံတွေ့နိုင်ကြောင်း ထို့နောက် ပြည်သူများ စိတ်မသက်မသာ ဖိဆီးမှုများ ခံစားရခြင်း၊ သူဆင်းရဲ၊ သူကြွယ်များ ဒဏ်သင့်ခြင်း၊ ခရီးသွား ကုန်သွယ်သောသူများ ဥပဒ်ဖြစ်ခြင်း၊ စပါး အသီးအနှံများ အဖျင်းများခြင်း၊ လူတို့ မွတ်သိပ်ကုန်ခြင်း စသည် တို့လည်း ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
သင်္ကြန်မင်းသည် လက်တဘက်တွင် တံစဉ်ကို ကိုင်ထားခြင်း၊ ဂဠုန်စီးခြင်းတို့ကြောင့် ရာသီဥတု အခြေအနေကို ကြည့်မည်ဆိုလျှင် လည်း လာမည့်နှစ်တွင် စိုက်ပျိုးမြေများ၌ ကျိုင်းကောင်၊ ပိတုန်းကောင် စသည့် အတောင်ပံပါသည့် သတ္တဝါများ ဖျက်ဆီးနိုင်ကြောင်း၊ ထို့ နောက် လေဘေးအန္တရာယ်များ ကြုံတွေ့နိုင်ကြောင်း သင်္ကြန်စာက ဆိုသည်။
“ရာသီဥတုကလည်း ပိုပြီး ပူပြင်းမယ်။ မိုးခေါင် ရေရှားဖြစ်မယ့် ဘေးလည်း ကြုံနိုင်တယ်။ ရာသီဥတု သဘာဝကို ကြည့်ရင် လယ်ကွင်းတွေမှာ ရေနဲ့ ပတ်သက်တာ ဖြစ်မယ်။ ဗြဟ္မာ့ဦးခေါင်းကို မှောက်လျက်ယူတဲ့အတွက် မြေငလျင် အန္တရာယ်လည်း ရှိနိုင်တယ်”ဟု ဆရာ စံဇာဏီဘိုက ပြောသည်။
လာမည့် မေလ ၂၀ ရက်နှင့် ဇွန် ၂၀ ရက်အကြားတွင် သဘာ၀ ဘေးအန္တရာယ်များ၊ နိုင်ငံရေးပဋိပက္ခများ ဖြစ်နိုင်သည့်အတွက် ကြိုတင် သတိထားသင့်ကြောင်းလည်း ၎င်းက ဆိုသည်။
“မေ ၂၀ နဲ့ ဇွန် ၂၀ ကြားမှာ ပြဿနာ အကြီးစား တနလာၤနဲ့ ကြာသပတေးနံနှစ်ခု ရာသီတခုတည်းမှာ ပူးလိုက်တဲ့အချိန် မင်းအချင်း ချင်း ပဋိပက္ခ ဖြစ်တာ၊ သွေးထွက်သံယို ဖြစ်တာ တခုခုသော ပဋိပက္ခ ရေးရာ တခုခုကို ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်။ ဒါပေမယ့် ဇွန် ၂၀ ကျော်သွားပြီးရင်တော့ အရာရာ အသစ်အဆန်း အပြောင်းအလဲတွေနဲ့ ထူးထူးခြားခြား ရှိလာမယ်”ဟု ဆရာ စံဇာဏီဘိုက ပြော ဆိုသည်။
သင်္ကြန်မင်း ဂဠုန်စီးဆင်းသည့် နေ့သည် အင်္ဂါနေ့ ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကို သတိထားရမည် ဖြစ်ကြောင်း၊ မြန်မာ သက္ကရာဇ် ၁၃၇၇ ခုနှစ်တွင် ဝါထပ်သည့်အတွက် ရေကြီးသည့် ပြဿနာ ကြုံတွေ့နိုင်ကြောင်းလည်း သင်္ကြန်စာတွင် ပါရှိသည်။
ဆရာ စံဇာဏီဘို၏ အဆိုအရ နိုင်ငံရေး အပြောင်းအလဲကြောင့် အာဏာလွှဲမည် ဆိုလျှင် လာမည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် နောက်ပိုင်းတွင် ဖြစ်ပွားနိုင်ကြောင်း၊ အတိအကျဆိုရလျှင် ဖေဖော်ဝါရီ ၁၉ ရက်နှင့် မတ်လ ၂၀ ရက်အတွင်း၌ ဖြစ်နိုင်ကြောင်း သိရသည်။
လာမည့် ဧပြီ လ ၄ ရက်တွင် လကြတ်မှု ဖြစ်စဉ် ဖြစ်ပေါ်နိုင်ကြောင်း၊ ထိုဖြစ်စဉ် ဖြစ်ပေါ်ပြီးနောက် ရက်ပေါင်း ၇၀ အတွင်း၌ အကျဉ်း ထောင်များ အတွင်းရှိ နိုင်ငံရေး သမားများ၊ မီဒီယာ သမားများ စသည်တို့ လွတ်မြောက်မှု ရှိလာမည် ဖြစ်ကြောင်းလည်း ဆရာ စံဇာဏီဘိုက ပြောသည်။
လာမည့်နှစ်တွင် သိသိသာသာ ကောင်းမွန်နိုင်သော ကိစ္စတခုအဖြစ် တရားရေး မဏ္ဍိုင်အနေနှင့် ဥပဒေပြုရေး ဆိုင်ရာများကို ပြောင်း လဲ နိုင်ခြင်း၊ ဥပဒေများကို အသက်သွင်း လုပ်ဆောင်လာခြင်းများ ရှိနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၁၃၇၆ ခုနှစ်၏ မဟာသင်္ကြန်စာ အဆိုအရ သင်္ကြန်မင်းသည် မြွေ စီးဆင်းပြီး လက်တဘက်တွင် အဲမောင်း၊ ကျန်တဘက် တွင် ချွန်းကို ကိုင်ပြီး လူ့ပြည်ကို ဆင်းခဲ့ကြောင်း သိရသည်။
ယင်းအခြေအနေသည် တိုင်းပြည်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ရာသီဥတုနှင့်လယ်ယာလုပ်ငန်းများအတွက် ထူးခြားသည့် နှစ်တနှစ် ဖြစ်သည်ဟု ဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ်နှင့် ဆက်စပ်ပြီး ဖြစ်တည်လာသည့် ယခုနှစ် ၁၃၇၇ ခုနှစ်တွင်လည်း နိုင်ငံရေး အပြောင်းအလဲသည် ပြည်သူ မျှော်လင့် သော ပြောင်းလဲမှုများ ရှိလာနိုင်သလို စီးပွားရေးတွင်လည်း အထက်တန်းလွှာ ပြည်သူများနှင့် အောက်ခြေ ပြည်သူများအတွက် စိတ်ဆင်းရဲမှုများဖြစ်နိုင်သည့် ထိခိုက်မှု၊ ဖိဆီးမှုများ ရှိနေပြီး ရာသီဥတု ပြောင်းလဲခြင်းဒဏ်ကြောင့် လယ်ယာမြေကဏ္ဍများတွင် လည်း ထိခိုက်မှုများ ရှိမည်ဟု ဆိုထားသည်။