မြင်ကွင်းက ထူးခြားနေသည်။ မွန်ဝတ်စုံ၊ ကချင်ဝတ်စုံ၊ ချင်းဝတ်စုံ၊ ကယားဝတ်စုံ၊ ကရင်ဝတ်စုံ၊ ရခိုင်ဝတ်စုံ၊ တိုင်းရင်းသား ပေါင်းစုံတို့၏ ဝတ်စုံများ ပြည်သူ့ဥယျာဉ် အတွင်းရှိ ရန်ကုန်အနုပညာ ပြခန်းတွင် စုံစုံညီညီ လှုပ်လှုပ်ခတ်ခတ်။ ပြည်ထောင်စု ဟူသော အငွေ့အသက်က ပေါ်ပေါ်လွင်လွင်။
မြန်မာနိုင်ငံ တနံတလျားမှ စာပေယဉ်ကျေးမှု၏ နက်ရှိုင်းမှုကို စင်တင်ပြသရန် ရည်ရွယ်၍ မိလေးမွန်၊ Rev.N-Gan Tang Gun ၊ စောချစ်သန်း အစရှိသော တိုင်းရင်းသား စာရေးဆရာများ၊ ပုံနှိပ်ထုတ်ဝေသူများနှင့် တိုင်းရင်းသားအသီးသီးတို့၏ စာပေနှင့်ယဉ်ကျေးမှု အသင်းများမှ ဥက္ကဋ္ဌများ ပါဝင်သော စာပေဆိုင်ရာ နှီးနှောဖလှယ်ပွဲ၊ ဗြိတိသျှကောင်စီနှင့် Pen Myanmar တို့ ပူးပေါင်းတင်ဆက်မှု အစီအစဉ်။
“Hidden Words, Hidden Worlds” တိမ်မြုပ်နေသော စကားလုံးများ၊ တိမ်မြုပ်နေသော လောကများ ခေါင်းစဉ်က ထူးခြားသလို၊ စိတ်ဝင်စားဖွယ် ကောင်းနေသည်။ ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံညွှန်ကြားရေးမှူး Kevin Mackenzie က “ဒီနှီးနှောဖလှယ်ပွဲဟာ တိုင်းရင်းသားစာပေ အရေးအသားရဲ့ ငုပ်လျှိုးနေတဲ့ ကမ္ဘာကို လှမ်းကြည့်ခြင်းရဲ့ အထွတ်အထိပ် ဖြစ်တယ်။ တိုင်းရင်းသား လူနည်းစုတို့က သူတို့ရဲ့ အတွေ့အကြုံ၊ စိတ်ကူးယဉ်ဇာတ်လမ်းတွေက တဆင့် ထုတ်ဖော် တင်ပြချက်တွေထဲမှာ လေ့လာချင်စရာ အမြောက်အမြား ရှိနေတဲ့အတွက် ဒီနှီးနှောဖလှယ်ပွဲမှာ သူတို့ရဲ့ အသံတွေကို ကြားရအောင် စွမ်းဆောင်ပေးလိမ့်မည်” ဆိုသည့် ပြောကြားချက်က တိုင်းရင်းသားအရေး ဆွေးနွေးသူများအတွက် စိတ်ဝင်တစား ဆွဲဆောင်နေတော့သည်။
မတ်လ ၁၄ ရက်နေ့ပွဲ ကျင်းပရာနေ့တွင် ကဗျာဆရာမ ပန်ဒိုရာ ဦးဆောင်၍ ကချင်နှင့် မွန်တိုင်းရင်းသားများက ကဗျာအကြောင်း ဆွေးနွေးကြသည်။ ကချင်နှင့် မွန်တိုင်းရင်းသား ကဗျာ စတင်ပေါ်ထွန်းလာပုံ၊ ဆင်းသက်ရာ လမ်းကြောင်း၊ အဆင့်ဆင့်ပြောင်းလဲ ဖြစ်ပေါ်လာပုံ၊ ကဗျာများမှတဆင့် တိုင်းရင်းသားတို့၏ ရင်တွင်းဆန္ဒ အာသီသများ ထုတ်ဖော်မှု၊ တိုင်းရင်းသား ဘာသာဖြင့် ကဗျာစာအုပ်များ ပုံနှိပ်ထုတ်ဝေရန် အကြောင်းချင်းရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။
ပရိသတ်များထဲမှ ကချင်ကိုယ်စားလှယ်နှင့် မွန်ကိုယ်စားလှယ်များ ပြောကြားသွားသော တိုင်းရင်းသား ကဗျာနှင့် ပတ်သက်၍ မေးခွန်းမေးခြင်း၊ ပြန်လည်ငြင်းဆိုဆွေးနွေးခြင်း၊ ဝေဖန်ထောက်ပြ ပြောဆိုခြင်းများဖြင့် ပူးပေါင်းပါဝင် ခဲ့ကြသည်။ ကဗျာသည် လူမျိုးတမျိုး၏ နှလုံးလှ အမြုတေပင်ဖြစ်ရာ ထိုနက်ရှိုင်းသော အနုသယ ခံစားမှုသည် ကဗျာချစ်သူတိုင်း၏ ရင်ကို သက်ရောက် ဝင်စားစေမှာ အမှန်ပင်ဖြစ်သည်။ တိုင်းရင်းသားကဗျာများ အခြေတိုးမြင့် ပြန့်ပွားစည်ပင်ဖို့ လုပ်ဆောင်ရာတွင် တိုင်းရင်းသားအဖွဲ့အစည်းတိုင်း အားထုတ်ကြိုးပမ်းရမှာ ဖြစ်သလို ပုံနှိပ်ထုတ်ဝေသူများ အသင်း၏ ပံ့ပိုးကူညီမှုလည်း တစိတ်တပိုင်း လိုအပ်လှပေသည်။
တိုင်းရင်းသား ဘာသာစကားကို ကျောင်းများတွင် သင်ကြားရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲကို ကျမ မိချမ်းဝေက ဦးဆောင်၍ ကချင်ကိုယ်စားလှယ် Rev.Dr.N -Can Tang Gun ၊ မွန်ကိုယ်စားလှယ် မင်းဇင်အောင်၊ ချင်းကိုယ်စားလှယ် ဆိုင်းမွန်ထန်၊ ကယားကိုယ်စားလှယ် မော်ကိုမြာတို့နှင့် ဝိုင်းဖွဲ့ဆွေးနွေးဖြစ်ပါသည်။
ကချင်တိုင်းရင်းသား မျိုးနွယ်များ ဖြစ်သော လီဆူး၊ လဝမ်၊ အဇီး၊ ဂျိန်းဖော၊ လရှီ၊ လုံဝေါ် အစ ရှိသည်ဖြင့် ၆ မျိုးရှိသည်အနက် ဆရာကြီး အင်ဂန်တန်ဂွန်းမှာ ဂျိန်းဖောအနွယ်ဝင် ဆွမ်ပရာဆွမ် ဇာတိဖြစ်သည်။ ကချင် နည်းပညာကောလိပ် အကြီးတန်းပါမောက္ခ (အငြိမ်းစား) ဖြစ်ပြီး မြစ်ကြီးနား Baptist Church သမိုင်းကြောင်း၊ ခရစ်ယာန်ဘာသာ ယုံကြည်မှုသမိုင်းကြောင်း စသော စာအုပ်များကို ဂျိန်းဖောဘာသာဖြင့် ထုတ်ဝေဖူးသူဖြစ်သည်။ လူငယ်များအား အသိပညာပေးဆောင်းပါး ၁၀၀ ကျော်၊ မျိုးနွယ်စု ငြိမ်းချမ်းရေးတောင်းဆိုမှု အပါအဝင် စာပေမှတဆင့် မြို့ပြအဖွဲ့အစည်း ထူထောင်ဖို့အကြောင်း ရည်ရွယ်သော ဆောင်းပါးများ ရေးခဲ့သူလည်းဖြစ်သည်။
ဆရာကြီးအင်ဂန်တန်ဂွန်းက ကချင်စာပေကို လုပ်မယ်ဆိုရင် ဘာကိုဦးစားပေးမလဲ၊ ဘယ်ရှုထောင့်က လုပ်မလဲ၊ ကလေးတွေနှင့် နီးစပ်ဖို့ မြို့ကြီးပြကြီးက မြင်ကွင်းပြကွက်မျိုးသာမက၊ ဆွမ်ပရဆွမ်က ရှုခင်းမျိုး၊ အကောင်ပလောင် ပတ်ဝန်းကျင်အလှ တွေကိုပါ တွဲစပ်ပြီး ထည့်သင့်ကြောင်း၊ မြို့ကြီးပြကြီး မြင်ကွင်းရှုကွက်များ ချည်းသာ ပါလျှင် ကချင်ကလေးများ စိတ်ဝင်စားမှု နည်းမည်ဖြစ်ကြောင်း ဇောင်းပေးပြောဆိုသွားသည်။
မွန်ကိုယ်စားလှယ် ဆရာမင်းဇင်အောင်သည် မွန်အမျိုးသား ပညာရေးကော်မတီ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပြီး မွန်ပြည်နယ် မုဒုံမြို့ဇာတိ ဖြစ်သည်။ ဆရာမင်းအောင်ဇင်က သူ၏ ကျောင်းဆရာ အတွေ့အကြုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားသည်။ ကျောင်းတွေမှာ တိုင်းရင်းသားဘာသာ (မိခင်ဘာသာစကား) သင်ကို သင်ရမှာဖြစ်ပြီး သင်ကြားပေးမည့် ဆရာ ဆရာမသည်လည်း မိခင်ဘာသာစကား တတ်ကျွမ်းသူများဖြစ်မှ အောင်မြင် နိုင်ကြောင်း၊ မူလတန်းအဆင့် မိခင်ဘာသာစကားကို အခြေခံကျကျသင်ပြီး အလယ်တန်း အထက်တန်း ရောက်လျှင် အခက်အခဲ မရှိနိုင်တော့ကြောင်း သူ၏အတွေ့အကြုံများနှင့် ယှဉ်၍ပြောဆိုပါသည်။
ချင်းကိုယ်စားလှယ် ဆရာဆိုင်းမွန်ထန်သည် မတူပီမြို့တွင် မွေးဖွားပြီး ၂၀၀၄ ခုနှစ်တွင် နည်းပညာဘွဲ့ရရှိကာ ပြည်ထောင်စု နည်းပညာကောလိပ်တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
ချင်းလူမျိုး ၄ မျိုးရှိသော်လည်း ဘာသာစကား အနေနှင့်မူ နီးစပ်ကြောင်း၊ တီးတိန်ချင်းနဲ့ ဟားခါးချင်းတွေ့လျှင် စကား မပေါက်သဖြင့် ဗမာလို ပြောကြရသည်မှာ မဟုတ်ကြောင်း၊ များသောအားဖြင့် နီးစပ်မှုရှိပါကြောင်း လောလောဆယ် အသင်းတော် Church မှာ သင်ကြားပေးခြင်း မျှသာရှိကြောင်း၊ ကျောင်းတွေမှာ ဘာသာတရပ်အနေဖြင့် အချိန်များများ ပေး၍ သင်ကြားစေလိုကြောင်း ဆွေးနွေး ပြောကြားသွားသည်။
ကယား ကိုယ်စားလှယ် မော်ကိုမြာသည် အမျိုးသမီးလေးဖြစ်ပြီး ဒီမောဆိုးမြို့မှာ မွေးဖွားသူ၊ ကယားအမျိုးသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ တိုင်းရင်းသားဘာသာစကား ဖွံ့ဖြိုးမှုလုပ်ငန်းများ လုပ်ကိုင်နေသူ ဖြစ်သည်။
မော်ကိုမြာက ကယားကလေးငယ်တို့၏ စိတ်အားငယ်မှု၊ မိခင်ဘာသာစကားအပေါ် ယုံကြည်မျှော်လင့်မှု၊ ကလေးငယ်များ မိခင် ဘာသာစကားနှင့် ယဉ်ပါးမှု၊ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းပြည်အပေါ် တန်ဖိုးထားမည် ဖြစ်ကြောင်း၊ တနေရာမှာ ဆရာမလေးက နှလုံးသား Language ဟု သုံးနှုန်းသွားသည်။ လူငယ်တွေမှာ အားမာန်ရှိသည်၊ လူငယ်တွေမှာ မျှော်လင့်ချက်ရှိသည်၊ လူငယ်တွေမှာ စေ့ဆော်ခြင်း စေတနာရှိသည်။ ဘာမျှ မဖြစ်နိုင်တာမရှိပါ။
ထိုနေ့က ပညာရေးဝန်ကြီးဟောင်း ဒေါက်တာညီညီ၏ ဆွေးနွေးချက်များကိုလည်း ထည့်သွင်း ဆွေးနွေးဖြစ်သည်။ နှစ်ပေါင်းများစွာ တိုင်းရင်းသားဘာသာစကား မသင်ရဘူးဆိုပြီး လုံးဝပိတ်ပင်ထားမှု၊ ယခုသုံးဘာသာ၊ လေးဘာသာ ဘာသာစုံ သင်မည် အစရှိသည့် သဘောထား နှစ်ခုစလုံး မှားကြောင်း၊ အစွန်းနှစ်ဘက်မှ လွတ်အောင် စဉ်းစားရမည် ဖြစ်ကြောင်း၊ မွန်တိုင်းရင်းသား ဆိုသည်နှင့် မွန်စကားတတ်ရမည်၊ မွန်စာတတ်ရမည်၊ မွန်ယဉ်ကျေးမှု နားလည်ရမည်၊ ရာဇာဓိရာဇ် ဆိုလျှင် မွန်ထဲတွင် အကြီးဆုံးဘုရင်၊ ရှင်စောပုဆိုလျှင် မွန်ဘုရင်မကြီး၊ ဒါကို တို့ ဘုရင်မကြီးပဲဟု ပြောပြတတ်ရမည် ဖြစ်ကြောင်း၊ ပထဝီ၊ သိပ္ပံ ရှိသမျှဘာသာအားလုံး မွန်လို သင်ရမည်ဆိုသည်မှာ မှားကြောင်း၊ အစွန်းများကို ရှောင်ဖို့လိုကြောင်း ပြောသွားသည်။
“လူတိုင်းလူတိုင်း သူတို့ဘာသာနဲ့သာ သင်ရရင် အမေရိကန်နိုင်ငံကြီး အကွဲကွဲအပြားပြား ဖြစ်သွားမှာပေါ့” ဟု ပညာရေးဝန်ကြီးဟောင်း ဒေါက်တာညီညီက ဆိုသည်။
ထိုနေ့က ပရိသတ်များထဲမှ တိုင်းရင်းသားအများစုက ပြန်လည်ဆွေးနွေးခြင်း၊ မေးခွန်းမေးခြင်း၊ ဝေဖန်ငြင်းခုန်ခြင်းများနှင့် စကားဝိုင်းသည် စည်စည်ကားကား ပြီးဆုံးသွားခဲ့သည်။ တကယ်တော့ ဤအရေးသည် ဤမျှနှင့် မပြီးဆုံးသေးပါ။ ဤလို ဆွေးနွေးငြင်းခုန်ပွဲများ မကြာခဏပြုလုပ်၍ အဖြေရှာကြရမည်။
ညနေပိုင်းတွင် တိုင်းရင်းသား မွန်၊ ကရင်၊ ကယား၊ ရှမ်း၊ ရခိုင်၊ ကချင် လူမျိုးများနှင့် ရသဝတ္ထုတို ရေးသားနည်း သင်တန်း ပေးခဲ့ကြသော စာရေးဆရာ ဆရာမများဖြစ်ကြသည့် မိချမ်းဝေ၊ လေးကိုတင်၊ ခင်ပန်နှင်း၊ ယုယ နှင့် လက်ျာဝင်း တို့ကလည်း ဝိုင်းဖွဲ့ ဆွေးနွေးကြပါသေးသည်။ တိုင်းရင်းသား တဦးချင်းစီမှာ ငုပ်လျှိုးနေသော စာပေအရည်အသွေးများ မြှင့်တင် ဖော်ထုတ်ရာတွင် ဆရာ၊ ဆရာမများ တဦးချင်းစီ၌ ကြုံတွေ့ရသော အတွေ့အကြုံများကို ဖလှယ်ရာလည်း ရောက်သဖြင့် နှစ်စဉ် ဆင့်ကမ်း သယ်ဆောင်ရမည့် အနုပညာဖြန့်ဝေမှုလည်း ဖြစ်သည်။
ထိုနေ့က ပြည်သူ့ဥယျာဉ်အတွင်း စာအုပ်ရောင်းချမှုများနှင့်အတူ စိတ်ရင်တံခါး (စာရေးသူတို့စာဖတ်ဝိုင်း) မှလည်း တိုင်းရင်းသား ဝတ္ထု၊ ပုံပြင်များ ဖတ်ရှုသည့် အစီအစဉ် ပါဝင်ခဲ့သည်။
ဗြိတိသျှကောင်စီနှင့် PEN Myanmar တို့ ပူးပေါင်းစီစဉ်သည့် “တိမ်မြုပ်နေသော စကားလုံးများ၊ တိမ်မြုပ်နေသော လောကများ” အစီအစဉ်တွင် တိုင်းရင်းသားတို့နှင့်အတူ ပုံနှိပ်ထုတ်ဝေသူများ၊ စာရေးဆရာများ၊ ကဗျာဆရာများ ပါဝင်ဆွေးနွေးခွင့် ရခဲ့သဖြင့် ဆွတ်ပျံ့ကြည်နူးဖွယ် နေ့ကလေးတနေ့ ဖြစ်ခဲ့သည်။ နှမ်းတစေ့ကြောင့် ဆီ်မဖြစ်သော်လည်း နှမ်းတွေအများကြီး စုပေါင်းလာသောအခါ တောက်ပသော အနာဂတ်အတွက် မျှော်လင့်ခွင့် ရှိလာမည်မဟုတ်ပါလား။
မိချမ်းဝေသည် ‘ကမာရင်ကွဲ နှင့် အခြားပင်လယ် ဝတ္ထုများ’ ဝတ္ထုတိုပေါင်းချုပ် စာအုပ်နှင့် အမျိုးသား စာပေဆုကို၂၀၀၀ ပြည့်နှစ်က ရရှိခဲ့သည်။ ဝတ္ထုတိုပေါင်းချုပ်၊ လုံးချင်းဝတ္ထုရှည်နှင့် ခရီးသွားစာပေ စုစုပေါင်း အုပ်ရေ ၂၀ ကျော်ရေးသား ဖြန့်ချိပြီးဖြစ်သည်။