အဖြူရောင်ကတ်(White Card) ခေါ် ယာယီ သက်သေခံ လက်မှတ် သက်တမ်း ကုန်ဆုံးရက်သည် ယခုနှစ် မတ်လ ၃၁ ရက်တွင် နောက်ဆုံးရက် ဖြစ်သည့်အတွက် ပြန်လည်အပ်နှံရေး အစီအစဉ်များကို ဧပြီ ၁ ရက်မှ စတင်ပြီး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရ သည်။
ဝှိုက်ကတ်များကို သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံ အပ်နှံရန် နှိုးဆော်ထားပြီး ဧပြီ ၁ ရက်တွင် လာရောက် အပ်နှံသူများ ရှိနေပြီဖြစ်သည်ဟု ရခိုင်ပြည်နယ် လူဝင်မှု၊ကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ဧရာဝတီကို ပြော သည်။
“မေလ ၃၁ ရက်အထိ လက်ခံပေးမယ်၊ အပ်နှံပြီးတဲ့ သူတွေကို အထောက်အထား လက်မှတ်တခု ပေးထားမယ်၊ အဲဒီလက်မှတ်နဲ့ပဲ ဇွန်လ ၁ ရက်က စပြီးတော့ နိုင်ငံသား လျှောက်ထားခွင့်ပြုမယ်”ဟု ဦးခင်စိုးက ဆိုသည်။
ဝှိုက်ကတ်နှင့် ပတ်သက်ပြီး စိုးရိမ်မှုမဖြစ်စေရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များက ဟောပြောရှင်းလင်းထားပြီး ဖြစ်ကြောင်း၊ အပ်နှံပြီးသူများအား အထောက်အထားမဲ့ မဖြစ်စေရန် လက်မှတ်တခု ထုတ်ပေးမည်ဖြစ်ပြီး ထိုလက်မှတ်ဖြင့် ဇွန်လ ၁ ရက် မှ စတင်၍ နိုင်ငံသား လျှောက်ထားနိုင်ကြောင်းလည်း ဦးခင်စိုးက ဆက်ပြောသည်။
ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ရုံးများ၌ ဝှိုက်ကတ် အပ်နှံရေး စခန်းများ ဖွင့်လှစ်ဆောင်ရွက်နေကြောင်း၊ ဝှိုက်ကတ် လက်ခံရေးအဖွဲ့၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပြင် ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ ပညာရေး စသည့် အဖွဲ့အစည်းများက ပါဝင်ဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြောဆိုသည်။
ရခိုင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၄ ခုလုံးတွင် ဝှိုက်ကတ် ပြန်လည်အပ်နှံရေး အစီအစဉ်များကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် ကိုးကန့်၊ ၀ စသည့် ဒေသများတွင်လည်း တပြိုင်တည်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ တဝန်း လုံး၌ ဝှိုက်ကတ် ကိုင်ဆောင်ထားသူဦးရေ စုစုပေါင်း ၇ သိန်း ကျော် ရှိသည့်အနက် ရခိုင်ပြည်နယ်၌ ၆ သိန်း ကျော်ရှိကြောင်းလည်း ညွှန်ကြားရေးမှူး ဦးခင်စိုးက ဆက်လက် ပြောဆိုသည်။
ရခိုင်ပြည်နယ်၌ ဝှိုက်ကတ် ကိုင်ဆောင်ထားသူ ဦးရေ ၆ သိန်း၊ ၆ သောင်းကျော် ရှိသည့်အနက် အများစုသည် ဘင်္ဂါလီ(မွတ်စလင်) လူမျိုးများ ဖြစ်ကြောင်း သိရသည်။
ဝှိုက်ကတ် ကိုင်ဆောင်သူများ အနေဖြင့် ကတ်များအား ပြန်လည် အပ်နှံလိုက်ပါက အထောက် အထားမရှိ ဖြစ်သွားမည်ကို စိုးရိမ်နေကြကြောင်း၊ ဝှိုက်ကတ်များကို သိမ်း၍ အသစ်ထုတ်ပေးမည့် ယာယီလက်မှတ်သည် ခရီးသွားရာတွင် လည်းကောင်း၊ အလုပ်လုပ်ရာတွင် လည်းကောင်း အခက်အခဲများ ရှိလာမည် စိုးရိမ်မှုများ ဖြစ်နေကြောင်း ဘူးသီးတောင် မြို့နယ် ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာ ဘော်ရှီအာမက်က ဧရာဝတီကို ပြောသည်။
ဝှိုက်ကတ် ကိုင်ဆောင်ထားသူ အများစုက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေဖြင့် နိုင်ငံသား မလျှောက်လိုကြကြောင်းနှင့် ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာသည့် ဘင်္ဂါလီများဟု သတ်မှတ်မည်ကို စိုးရိမ်နေကြသဖြင့် နိုင်ငံသားကတ် တမျိုးမျိုးကို လိုလားနေကြသည်ဟုလည်း ဒေါက်တာ ဘော်ရှီအာမက်က ဆက်ပြောသည်။
ဝှိုက်ကတ် သက်တမ်းသည် ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်ဟု အစိုးရက အသိပေး ကြေညာ ထားသည်။