ကိုးကန့်စစ်ပွဲကာလအတွင်း တရုတ်နယ်မြေထဲသို့ ကျရောက်ခဲ့သော ဗုံးတလုံးကြောင့် တရုတ်နိုင်ငံသားများ သေဆုံး ဒဏ်ရာ ရရှိမှုသည် မြန်မာစစ်တပ်တွင် တာဝန်ရှိ၍ တောင်းပန်ပါကြောင်းနှင့် သေဆုံးသူများအတွက် လျော်ကြေးပေး မည်ဟု မြန်မာအစိုးရက ဝန်ခံပြောဆိုလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
မတ်လ ၁၃ ရက်နေ့ ညနေခင်းတွင် ကိုးကန့် ဒေသ နှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်၊ လင်ချန်း ခရိုင်အတွင်းရှိ ကြံခင်းအတွင်းသို့ ဗုံး တလုံး ကျရောက်ပြီး လူ ၅ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂ နိုင်ငံ စစ်ဆေးမှုများ ပူးတွဲလုပ်ဆောင်ပြီးနောက် အဆိုပါဗုံးသည် မြန်မာစစ်တပ်ပိုင် လေယာဉ်က ပစ်လွှတ်လိုက်သော ဗုံး ဖြစ် ၍ မြန်မာအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဝန်ခံ တောင်းပန်၍ လျော်ကြေးပေးမည်ဟု ကတိပြု ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မြန်မာဘက်က ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တာဝန်ရှိတဲ့သူတွေကို ဥပဒေနဲ့အညီ စစ်ဆေးအရေးယူမှုတွေကို လုပ်ပါလိမ့်မယ်။ ဒီလိုဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ ထိန်းချုပ်မှုတွေ တိုးမြှင့်လုပ်ဆောင်ပါလိမ့်မယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
ပြန်ကြားရေးဝန်ကြီးဌာနဦးရဲထွဋ်က တရုတ်နိုင်ငံတွင်း ကျရောက်သော ဗုံးသည် မြန်မာစစ်တပ်က ပစ်ခတ်ခြင်းမဟုတ်ဘဲ ကိုးကန့်တပ်ဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားချိန်က ပြည်တွင်းသတင်းမီဒီယာများသို့ ထုတ်ဖော်ပြော ဆိုခဲ့သည်။
မြန်မာအစိုးရ သေဆုံး တရုတ်တဦးလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကျော် လျော်ကြေးပေးရန် ကမ်းလှမ်းခဲ့သည်ဟု တရုတ်သတင်းမီဒီယာတချို့၏ ထုတ်ဖော်ရေးသားချက်အရ သိရှိရသည်။