ယခုနှစ်အတွင်း တိုက်ပွဲများပြန်လည် ဖြစ်ပွားလာသဖြင့် နှစ်သစ်ကူး သင်္ကြန် ကာလအတွင်း နယ်စပ်ဒေသများသို့ သွားရောက် လည်ပတ်သည့် ခရီးသွားလုပ်ငန်း တချို့ ရပ်ဆိုင်း ထားကြသည်။
တရုတ် နယ်စပ်ဒေသ မူဆယ်ခရီးစဉ်နှင့် ထိုင်းနယ်စပ် မြဝတီခရီးစဉ်ကို ဘုရားဖူးခရီးသွား ဝန်ဆောင်မှု လုပ်နေသည့် လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း၊ ခရီးသည်များကို အေးချမ်းသည့် နေရာကို ပို့ချင်ကြောင်း၊ စိုးရိမ်မှုများသည့် ခရီးစဉ်ကို သွားရောက် မလည် ပတ်စေချင်ကြောင်း စိန်ဝင်းနှင့်ရောင်းရင်းများ ဘုရားဖူး ခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဦးမြင့်ဝင်းက ဧရာဝတီသို့ပြောသည်။
“ဒီနှစ်ကျနော်တို့ နယ်စပ်ဒေသကို လက်မှတ်လုံးဝ မရောင်းဘူး။ အရင်နှစ်တွေဆို ကျနော်တို့ သင်္ကြန်အတွင်း မူဆယ်ကို လေအိတ် ကား ၅ စီးလောက် ထွက်တယ်။ ဒီနှစ်တော့ နယ်မြေမအေးချမ်းတဲ့အတွက် ကားတွေတော်တော် များများ မထွက်ကြဘူး”ဟု ဦးမြင့် ဝင်းက ဆိုသည်။
သင်္ကြန် ကာလအတွင်း မြန်မာနိုင်ငံတွင် အစိုးရ ရုံးများ၊ ဈေးဆိုင်များ ရက်ရှည်ပိတ်ကြသဖြင့် နေရာအနှံ့ ဘုရားဖူးများ သွားကြ သကဲ့သို့ မရောက်ဘူးသည့် နယ်စပ်ဒေသများကိုလည်း သွားရောက်လည်ပတ်ကြသည်ကို တွေ့ရသည်။
ရွှေအိုးစည် ခရီးသွား လုပ်ငန်းမှ တာဝန်ခံ တဦးကလည်း ယခုနှစ်အတွင်း နယ်စပ်ဒေသတွင် တိုက်ပွဲများ မကြာခဏပြန်ဖြစ်နေ၍ နယ်စပ် ဒေသသွားသည့် ကားလမ်းတွင် ခရီးသည်များ လုံခြုံမှုကို စိုးရိမ်ပြီး ကားလက်မှတ်များ အနည်းငယ်သာ ရောင်းချနေရကြောင်း ဧရာဝတီသို့ ပြောသည်။
“လမ်း အခြေအနေကြောင့် ကျနော်တို့ ဒီနှစ် ကားတစီးပဲ ထွက်မှာ။ ခရီးသည်တွေကလည်း နယ်စပ်လုံခြုံရေးကို စိတ်မချတာနဲ့ သိပ် မသွားကြဘူး”ဟုလည်း သူက ပြောဆိုသည်။
ယခင်နှစ်သင်္ကြန် ကာလအတွင်း နယ်စပ်ဒေသများကို ထွက်သည့် ကားဂိတ် ၂၀ ခန့် ရှိပြီး တရက်လျှင် ကားဂိတ်တခု ကားအစီးရေ ၃ စီးခန့် ထွက်ခဲ့သည်။
ယခုနှစ်တွင် နယ်စပ်ဒေသကို ထွက်မည့်ကားဂိတ်များသည် အနည်းငယ်သာ ရှိပြီး ခရီးသည် နည်းသွားမည်ဟု Golden Star ဘုရားဖူး ဝန်ဆောင်မှုလုပ်ငန်းက ကိုသီဟဇော်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ နယ်စပ်ဒေသခရီးစဉ်ကို နှစ်စဉ်ထွက်ခဲ့တယ်။ ဒီနှစ်တော့ မထွက်တော့ဘူး။ ဒီနှစ်တော့ နယ်စပ်ဒေသ အစား ထားဝယ် ခရီးစဉ်ကို ထည့်ထားတယ်။ ခရီးသည်တွေ မလုံခြုံတဲ့နေရာကို မပို့ချင်ဘူး”ဟုလည်း ကိုသီဟဇော်က ဆိုသည်။
ရှမ်းပြည်နယ် မူဆယ်မြို့မှ တရုတ် စကားပြန်လုပ်နေသည့် နန်းဟွမ်ကလည်း ယခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတပ် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသဖြင့် နယ်စပ်သွားရာ လမ်းတွင် ခရီးသွားပြည်သူများအတွက် လုံခြုံမှုမရှိကြောင်း၊ ထို့ကြောင့် နယ်စပ်ဒေသကို ဘုရားဖူးများ လာရောက်လည်ပတ်မှု နည်းပါးသွားနို်င်ကြောင်း ပြောသည်။
“ကျမတို့က မူဆယ်ကနေ တရုတ်ပြည်နယ်စပ်သွားလည်ဖို့ လုပ်ပေးပါတယ်။ ခရီးသွားတွေက မနှစ်ကစပြီး လာလည်တဲ့သူတွေနည်းသွားတယ်။ အရင် နှစ်ဆိုရင် တရက်ကို ကားအစီး ၂၀ ကျော်ဝင်တယ်။ ဒီနှစ်ဆို ကျမတို့ ကိုလာချိတ်တာ မရှိသလောက်ပါဘဲ” ဟု နန်းဟွမ် က ပြောဆိုသည်။