Politics

ပေါက်ဖော်များနှင့် ယှဉ်တွဲနေထိုင်ခြင်း

This article has been converted from Zawgyi One to Unicode

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ သဘာဝ အရင်းအမြစ်များအား လက်ဝါးကြီးအုပ် ရယူနေခြင်းကို ဇန်နဝါရီလ အတွင်းတွင် New York Times သတင်းစာက ဝေဖန်ရေးသားခဲ့သည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါစွပ်စွဲချက်ကို မှားယွင်း ရေးသားမှု အဖြစ် ချက်ချင်းပယ်ချလိုက်သည်။

သို့သော်လည်း မြန်မာနိုင်ငံမှ သာမန်ပြည်သူများက သူတို့၏ အိမ်နီးချင်း အင်အားကြီး နိုင်ငံကြီး အပေါ် မည်သို့ မြင်သည် ဆိုခြင်းကို တိုင်းတာရန် သဘောထားအမြင် စစ်တမ်းတခု ကောက်ယူခဲ့မည် ဆိုလျှင် ရလဒ်များက ရောထွေး နေဖွယ် ရှိသည်။

မြန်မာ အများအပြားက တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပြီးခဲ့သော ကာလများတွင် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သော တရုတ်ပိုင် မဟာစီမံကိန်း ကြီးများ အပေါ် သံသယများ ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့်လည်း တိုင်းပြည်၏ စီးပွားရေးတံခါး ဖွင့်လာသည့် အချိန်တွင် ဂျပန်၊ တောင်ကိုရီးယားနှင့် အနောက်တိုင်းမှ ကုမ္ပဏီများကို လျင်လျင်မြန်မြန် လက်ခံခဲ့ကြခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က တရုတ်စီမံကိန်း တခုဖြစ်သည့် ကချင်ပြည်နယ်မှ မြစ်ဆုံဆည် တည်ဆောက်ရေးကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ဆိုင်းငံ့လိုက်သည့် အခါ ပြည်သူ အများအပြားက ထိုဆုံးဖြတ်ချက်ကို ထောက်ခံအားပေးခဲ့ကြ သည်။ သို့သော်လည်း ဒေသခံ အသိုင်းအဝိုင်းများနှင့် ညှိနှိုင်း ဆွေးနွေးရာတွင် တရုတ်နိုင်ငံက ကျောထောက် နောက်ခံ ပေးထားသည့် လုပ်ငန်းများ အပါအဝင် အငြင်းပွားဖွယ်ရာ ဖွံ့ဖြိုးရေး စီမံကိန်းများကို ပိုမို၍ ရဲရဲတင်းတင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှု ပြုရန် လိုအပ်သည်။

တရုတ်နိုင်ငံသည် မြန်မာ အတွက် အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ် ဖြစ်နေဆဲ ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှစ၍ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံမှ ၂၀ ဘီလီယံအထိရှိခဲ့သည်။ စွမ်းအင် အလွန်အမင်း လိုအပ်နေသော တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ တိုင်းရင်းသား ဒေသများရှိ ရေအား လျှပ်စစ် စီမံကိန်းများ အတွက် ငွေကြေး အမြောက်အမြား သုံးစွဲခဲ့သည်။ ရေနံကုမ္ပဏီကြီး ၃ ခုကလည်း မြန်မာနိုင်ငံတွင် ခိုင်ခိုင်မာမာ ခြေကုပ်ယူခဲ့သည်။

အစိုးရက မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့လိုက် ပြီးနောက်ပိုင်းနှင့် တရုတ် ကျောထောက်နောက်ခံဖြင့် ဆောင်ရွက် နေသည့် လက်ပံတောင်း ကြေးနီ သတ္တုတွင်း စီမံကိန်းကို ပြည်သူလူထု၏ ကန့်ကွက်မှု ပြင်းထန်လာသည့် အချိန်တွင် အရပ်ဘက် အဖွဲ့အစည်း တချို့က တရုတ် ရင်းနှီးမြှုပ်နှံမှုကို အန္တရာယ်အဖြစ် သဘောထားလာကြသည်။ နောက်ဆုံး တွင် အဆိုပါ စီမံကိန်းထဲမှ တချို့အပေါ် ဆန့်ကျင် ကန့်ကွက်မှုများ ပိုမိုကျယ်ပြန့် လာခဲ့ပြီး နေပြည်တော်ရှိ အစိုးရ အတွက် နိုင်ငံရေး ချိန်ကိုက်ဗုံးများ ဖြစ်လာသည်။

အနည်းငယ် သိထားရမည်မှာ အကျိုးအမြတ် များပြားသည့် စာချုပ်များနှင့် အမြတ်အစွန်း ခွဲဝေမှုများဖြင့် ခိုင်မာအောင် ပြုလုပ် ထားသည့် မြန်မာ စစ်ဗိုလ်ချုပ်များနှင့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ ကြားမှ ဆက်နွှယ်မှုများ၏ အတိုင်း အတာ ဖြစ်သည်။ အဆိုပါ ဆက်သွယ်မှုများကို အတိုက်အခံ ပြုလုပ်ရန်နှင့် မရိုးဖြောင့်သော တရုတ်ရင်းနှီးမြှုပ်နှံ သူများကို ဆန့်ကျင်ရန် မြန်မာအစိုးရ ကလည်း တုံ့ဆိုင်းနေခြင်းကို မြင်တွေ့နေရသည်။

မြန်မာနိုင်ငံမှ တရုတ်ဆန့်ကျင်ရေး သဘောထားကို နိုင်ငံရေးရှုထောင့်မှ ကြည့်ရန်လည်း မမေ့သင့်ပါ။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို ဖြိုခွဲခဲ့ပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံက မြန်မာစစ်အစိုးရ အတွက် အဓိက လက်နက် ရောင်းချပေးသူနှင့် ထောက်ခံပေးသူ ဖြစ်လာသည်။ ဖိနှိပ်ချုပ်ချယ်သည့် စစ်အစိုးရကို အနောက်နိုင်ငံများက ဒဏ်ခတ် ပိတ်ဆို့ခဲ့သည့် အတွက် ပေါ်ပေါက်လာရသည့် ကွက်လပ် များကို တရုတ်က ဖြည့်ဆည်းပေးခဲ့သည်။

ပြည်သူ အများအပြား၏ အမြင်တွင်မူ တရုတ် နိုင်ငံက စစ်အစိုးရကို အသက်ဆက်စေခဲ့သူ ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ အရပ်သားအမည်ခံ အစိုးရ လက်ထက်တွင် တရုတ်နိုင်ငံနှင့် ပတ်သက်သော မူဝါဒက အနည်းဆုံး အားဖြင့် အပေါ်ယံတွင် စတင်ပြောင်းလဲလာ ခဲ့သည်။ မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့လိုက်ခြင်း က တရုတ်နိုင်ငံဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်ရန် အလားအလာ ရှိလာနိုင်ကြောင်း ပြသသည့် ပထမဆုံး သင်္ကေတ တခု ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး ပွင့်လင်းလာပြီး အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်လာခြင်းက တရုတ်အစိုးရကို အံ့အားသင့် စေခဲ့သည်။ အမေရိကန်နိုင်ငံက သံအမတ်ကြီးတဦး ပြန်လည်ခန့်အပ်  တာဝန်ပေးခဲ့သည်။  စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို ဖြေလျှော့ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် သမ္မတ အိုဘားမားက ပထမဆုံး သမိုင်းဝင် ခရီးစဉ် အဖြစ် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည်။ တချိန်က ပစ်ပယ်ထားခဲ့သော နိုင်ငံနှင့် စစ်တပ်ချင်း အကန့် အသတ်ဖြင့် ထိတွေ့ ဆက်ဆံရေး ကိုပင် အမေရိကန်အစိုးရက ခွင့်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံ၏ မဟာမိတ်သစ်များ ဖြစ်လာသော အမေရိကန်နှင့် ဥရောပမှ အရာရှိများ တရုတ်နယ်စပ် တလျှောက်ရှိ ဒေသများသို့ သွားရောက် လေ့လာခဲ့သည် ကိုလည်း ဘေဂျင်း အစိုးရက သတိပြုမိခဲ့သည်။ မြန်မာနိုင်ငံအပေါ် ၎င်း၏ ဩဇာလွှမ်းမိုးမှုကို ပြန်လည် သုံးသပ်ရတော့မည့် တရုတ်အစိုးရ အတွက် စမ်းသပ်ချက် တခုလည်း ဖြစ်သည်။ စင်စစ် အားဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က စတင်ခဲ့သော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများသည် စွန့်စားရမှု များကိုသာ မြင့်တက်စေခဲ့ သည်။

အနည်းဆုံးတော့ မြန်မာနိုင်ငံသည် စိတ်ဝင်စား စရာကောင်းသော ဗျူဟာမြောက် ဟန်ချက်ပြန်လည် ထိန်းညှိခြင်း တခုနှင့် ကြုံတွေ့နေရသည် ဟု ပြောရမည် ဖြစ်သည်။ ပြီးခဲ့သည့် လအတွင်းက စစ်အုပ်ချုပ်ရေး ထုတ်ပြန် ကြေညာခဲ့ ရသည့် လောက်ကိုင် ကဲ့သို့သော နယ်စပ်ဒေသများမှ လတ်တလော ပဋိပက္ခများနှင့် မြန်မာနိုင်ငံ အတွင်းမှ တရုတ်မြို့ များတွင် ဩဇာလွှမ်းမိုးမှု ပြန်လည် ရရှိနိုင်ရန် ဖြည်းဖြည်းမှန်မှန် ကြိုးစားနေရခြင်း များကို အလေးထား စောင့်ကြည့်ရ မည် ဖြစ်သည်။

တရုတ်နယ်စပ်နှင့် နီးကပ်သော ဒေသများတွင် အာဏာနှင့် လုပ်ပိုင်ခွင့်ကို ခိုင်ခိုင်မာမာ ထားရှိရန် မြန်မာ့ တပ်မတော်က ဆုံးဖြတ် ထားပုံရသည်။ ထိုအနေအထားက ယခုအခါတွင် မြန်မာ့ တပ်မတော်က တောင်ပိုင်းမှ ကရင်နှင့် မွန်ကဲ့သို့သော အပစ်အခတ် ရပ်စဲထားသည့် အဖွဲ့များကို ထိန်းချုပ်နိုင်သည် ဟု ယုံကြည်မှု ရှိနေပြီး ယခင်က အပြည့်အဝ ထိန်းချုပ်ထား နိုင်ခဲ့ခြင်း မရှိသည့် တရုတ်နယ်စပ် အနီးမှ နယ်မြေများကို ပြောင်းလဲ၍ အာရုံစူးစိုက် ထားကြောင်း ဖော်ပြနေခြင်းလည်း ဖြစ်နိုင်ပါသည်။

ယင်း နည်းဗျူဟာက သူ၏ နယ်စပ်တလျှောက်တွင် မတည်မငြိမ် ဖြစ်သည်ကို မမြင်လိုသော တရုတ်အစိုးရ၏ အမျက် ဒေါသကို ဖိတ်ခေါ်သလို ဖြစ်နိုင်သည့် စွန့်စားမှု ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံ ၂ ခုကြား ဆက်ဆံမှုကို ရှုပ်ထွေးစေသော တခြားအကြောင်းမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ တရုတ်အရာရှိ တချို့က နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို စာနာထောက်ထားမှု ထားရှိ နေဆဲ ဖြစ်သည့် အချက်ဖြစ်သည်။

တရုတ်အစိုးရက အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်တခု ဖြစ်သည့် မြန်မာနိုင်ငံ၏ ဗျူဟာမြောက် အရေးပါမှုကို ကောင်းစွာ သဘောပေါက်ထားသည်။ အိမ်နီးချင်း နိုင်ငံငယ်လေး အပေါ် ဩဇာလွှမ်းမိုးမှုကို အလွယ်တကူနှင့် အဆုံးရှုံး ခံလိမ့်မည် မဟုတ်ပါ။ ရခိုင်ပြည်နယ် ကျောက်ဖြူမှ ယူနန်ပြည်နယ်သို့ အပြိုင် သွယ်တန်းထားသည့် ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်း ၂ ခု (ယခုအခါ ၂ ခုလုံး လုပ်ငန်း လည်ပတ်နေပြီ ဖြစ်သည်) က မြန်မာနှင့် တရုတ်နိုင်ငံကြားမှ ဆောင်ရွက်ဆဲ အရေးပါသည့် စီးပွားရေး ဆက်သွယ်မှုများ အကြားက ဥပမာ တခုသာ ဖြစ်သည်။

အတိတ်ကလည်း မြန်မာခေါင်းဆောင်များက တရုတ်နိုင်ငံကို စိုးရွံ့သည့် အစဉ်အလာများ ရှိခဲ့သည်။ အငြင်းပွားမှု အမြောက်အမြားကို ဖြေရှင်းရန် အတွက် တရုတ်ခေါင်းဆောင်များနှင့် အစည်းအဝေး အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ ရသည့် ယခင်ဝန်ကြီးချုပ်ဦးနုက ၁၉၄၉ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ကွန်မြူ နစ်ပါတီ အာဏာရလာပြီး နောက်ပိုင်း ထုတ်ပြန်ခဲ့သော ကြေညာချက် တစောင်တွင် အဆိုပါ စိုးရိမ် ပူပန်မှုကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။

`ကျနော်တို့ နိုင်ငံငယ်လေးက ဘယ် အင်အားကြီး နိုင်ငံနဲ့မှ ခိုက်ရန် ဖြစ်ပွားနိုင်မယ့် အနေအထား မရှိပါဘူး။ အဲဒီထဲကမှ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံသစ်နဲ့ တိုက်ခိုက်ဖို့ တတ်နိုင်ပါ့မလား´ ဟု သူက ပြောခဲ့သည်။

ဦးနု အတော်လေး မှန်ကန်ခဲ့ပါသည်။ သို့သော်လည်း ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် ကျင်းပရန် ရှိနေသည့် ရွေးကောက်ပွဲ မတိုင်မီကာလနှင့် ရွေးကောက်ပွဲ နောက်ပိုင်းကာလ ၂ ခုလုံးမှ ယနေ့ခတ် အစိုးရများက ဒေသတွင်း မဟာအင်အားကြီး နိုင်ငံကြီးနှင့် ဆက်ဆံရေးများကို မည်ကဲ့သို့ စီမံဆောင်ရွက်မည် ဆိုသည်ကို စောင့်ကြည့်ရန် ကျန်နေပါသေးသည်။

နေပြည်တော်မှ မြန်မာအစိုးရက ဒေသခံ လူမှု အသိုင်းအဝိုင်းများ၏ နစ်နာဆုံးရှုံးမှုများကို အလေးထားခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး စေနိုင်ပြီး တရုတ်ငွေကြေး အထောက်အပံ့ဖြင့် ပြုလုပ်သော ဖွံ့ဖြိုးရေး စီမံကိန်းများကို ပြန်လည်သုံး သပ်ခြင်း အားဖြင့် စတင်ဆောင်ရွက်နိုင်ပါသည်။ ထိုသို့ ပြုလုပ်နိုင်ပါက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ကြားတွင် အရေးတကြီး လိုအပ်နေသော တရားမျှတမှု ပိုရှိ၍ အထောက်အကူ ဖြစ်မည့်  ပြည်သူကို အမြတ်အစွန်း ထက် အလေးထားသည့် ဆက်ဆံရေး တခုကို ပေါ်ပေါက်စေနိုင်မည် ဖြစ်သည်။     ။

(၂၀၁၅ ခုနှစ် မတ်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော အောင်ဇော်၏ Living Next Door to China ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

Loading