တရုတ်နိုင်ငံတွင်း မှီတင်းနေထိုင်ခဲ့ကြသော ရှေးဦးလူသားများသည် မြန်မာနိုင်ငံဘက်မှ မြစ်ကြောင်းများမှတဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ သုတေသန စာစောင်ဖြစ်သည့် Scientific Reports တွင် မကြာသေးမီက ရေးသားထုတ်ပြန်ထားသော စာတမ်းတစောင်က ဆိုလိုက်သည်။
ယူနန်ပြည်နယ် ကူမင်းမြို့ အခြေစိုက် တရုတ်သိပ္ပံအကယ်ဒမီ ကူမင်းသတ္တဗေဒအင်စတီကျု (Chinese Academy of Sciences Kunming Institute of Zoology) မှ သုတေသီများက တရုတ်ပြည် အနောက်တောင်ပိုင်းရှိ လူများ၏ မူရင်းဗီဇသည် မြန်မာနိုင်ငံအတွင်းရှိ ရှေးဦးလူသားများနှင့် ဆင်တူပြီး လက်ရှိ ဗမာ၊ ကရင်နှင့် ရခိုင်လူမျိုးများနှင့် ဆက်နွယ်နေကြောင်း လေ့လာ တွေ့ရှိရသည်ဟု ရေးသားထားသည်။
ယင်းတွေ့ရှိချက်သည် တရုတ်ပြည်သို့ ရှေးဦးလူသားများ လာရောက်အခြေချရာ လမ်းကြောင်းတွင် မြန်မာပြည်သည် အရေးပါသောနေရာဟု ညွှန်းဆိုနေသည်။
အာဖရိကမှ စွန့်ခွာလာပြီး အရှေ့တောင်အာရှဒေသတွင်းသို့ လွန်ခဲ့သော နှစ် ၆ သောင်းခန့်က စတင်အခြေချလာသော ရှေးဦးလူသားများထဲမှ အချို့သည် မြန်မာနိုင်ငံတွင်းသို့ လွန်ခဲ့သော နှစ်ပေါင်း ၅ သောင်းခန့်တွင် ဝင်ရောက်အခြေချနေထိုင်ပြီး ဆက်လက်နေထိုင်ခဲ့ကြကြောင်း စာတမ်းက ဆိုသည်။
ထိုမှတဆင့် နှစ်ပေါင်း ၂ သောင်း ၅ ထောင်အတွင်း မြန်မာပြည်သည် ရှေးဦးလူသားအချင်းချင်း ရောယှက်ကုန်ပြီး လူသားအဆင့်သို့ အဆင့်ဆင့်တိုးတက်ဖွံ့ဖြိုးရာ နေရာဖြစ်ခဲ့ကြောင်းလည်း ရေးသည်။
မြန်မာပြည်ရှိ လူ ၆ ထောင်ကျော်ကို ဒီအန်အေ စုဆောင်းပြီး လေ့လာသုံးသပ်ခဲ့ခြင်းက မြန်မာပြည်သည် အာရှဒေသတလွှား လူမျိုးဗီဇများ ကွဲပြားသွားမှု၏ အရေးပါသော ဒေသဖြစ်ကြောင်း ဖော်ပြနေသော အားကောင်းသည့် အချက်အလက်များကို တွေ့သည်ဟု သုတေသီတို့က ဆိုသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂ သောင်း ၅ထောင်ခန့်တွင် တရုတ်ပြည်တွင်းသို့ တောင်ကြားလွင်ပြင်နှင့် ဧရာဝတီမြစ် အထက်ပိုင်းအပါအဝင် အခြား မြစ်ဝှမ်းများအတိုင်း ပထမဦးဆုံးအသုတ် ဝင်ရောက်လာခဲ့ကြောင်း၊ ဒုတိယအသုတ်သည် လွန်ခဲ့သော နှစ်ပေါင်း ၁ သောင်းတွင် ဝင်ရောက်ကြောင်း ဆိုသည်။
ဗီဇဆိုင်ရာ အထောက်အထားများသည် မြေတူးသမိုင်းဆိုင်ရာ မှတ်တမ်းများနှင့် ကိုက်ညီနေသည်ဟုလည်း သုတေသီတို့က ပြောသည်။
ယူနန်နှင့် မြန်မာရှိ ကျောက်ခေတ်ယဉ်ကျေးမှု တွေ့ရှိချက်များသည် အတော်ဆင်တူနေကြပြီး တရုတ်သို့ ပထမဆုံးရောက်ရှိသူများသည် ပင်လယ်မှ မဟုတ်ဘဲ ကုန်းတွင်းပိုင်းမှ ဖြစ်နိုင်ချေ ပိုများသွားပြီဖြစ်ကြောင်းလည်း ပြောဆိုကြသည်။
မူရင်းစာတမ်းကို http://www.nature.com/srep/2015/150326/srep09473/full/srep09473.html တွင် ဖတ်ရှုနိုင်သည်။