သတင်း

တရားမဝင် နိုင်ငံဖြတ်ကျော်မှုနဲ့ အီရတ်နိုင်ငံသား ထောင် ၂ နှစ်ကျ

This article has been converted from Zawgyi One to Unicode

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ကနေ မြဝတီမြို့ကို ဝင်ရောက်လာတဲ့ အီရတ်နိုင်ငံသားတဦးကို တရားမဝင် နိုင်ငံဖြတ်ကျော် ဝင်ရောက်လာမှုနဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ Amar Qasim Yahy ဟာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ ဇာတိဖြစ်ပြီး တရားဝင် နိုင်ငံဖြတ်ကျော်မှု အထောက်အထားတွေ မပါဘဲ ဝင်လာတဲ့အတွက် သူ့ကို မြဝတီမြို့နယ် တရားရုံးက တရားမဝင် နိုင်ငံဖြတ်ကျော် ဝင်ရောက်လာမှု လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁) နဲ့ ထောင်ချလိုက်တာလို့ မြဝတီ မြို့နယ်ရဲတပ်ဖွဲ့နဲ့ ရှေ့နေတို့က ပြောပါတယ်။

မြဝတီမြို့နယ် တရားရုံး ရှေ့နေတဦးက “သူ့ကို မနေ့ကပဲ နေ့ချင်းပြီး အမိန့်ချလိုက်တယ်။ ထောင် ၂ နှစ် ချလိုက်တယ်။ ပြီးတာနဲ့ တခါတည်း အင်းစိန် ပို့လိုက်တယ်” လို့ ဧရာဝတီကို ပြောပါတယ်။

Amar Qasim Yahy ဟာ နှစ်နိုင်ငံနယ်စပ် တရားဝင် ဖွင့်လှစ်ထားတဲ့ မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားက ဖြတ်လာတာ မဟုတ်သလို နယ်စပ် ကူးတို့ဂိတ်တွေက ကူးဖြတ်လာတဲ့ပုံလည်း မဟုတ်ဘဲ သောင်းရင်းမြစ်ကို ရေးကူးပြီး ဖြတ်ကျော်လာပုံရတယ်လို့ စစ်ဆေးချက်တွေကို ကိုးကားပြီး မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး တင်ထွဋ်က ဧရာဝတီကို ပြောပါတယ်။

ဝင်လာတဲ့အချိန်မှာ တွေ့မြင်လိုက်ရခြင်း မရှိပေမယ့် မြဝတီမြို့ပေါ်က ရွှေအိမ်စံ ဟိုတယ်မှာ ငှားရမ်းနေထိုင်ချိန်မှာတော့ သူ့ရဲ့ နိုင်ငံကူး လက်မှတ်ထဲမှာ မြန်မာနိုင်ငံထဲကို တရားဝင် ဝင်ရောက်ခွင့် အထောက်အထား မတွေ့ရတဲ့အတွက်ကြောင့် ဟိုတယ်က ရဲစခန်းကို ဆက်သွယ် အကြောင်းကြားရာမှ သိရှိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

Amar Qasim Yahy ကိုယ်တိုင်က မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း ဝန်ခံခဲ့ပြီး ပြစ်မှုထင်ရှားတဲ့ အတွက် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာဖြစ်ကြောင်း၊ တခြားသံသယ ဖြစ်ဖွယ်ရာတွေကိုလည်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

“ကျနော်တို့ စစ်ဆေးမှုတွေအရတော့ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ၊ ဘာတွေ ပါလာတာ မတွေ့ရဘူး၊ တခြား ဥပဒေနဲ့ ဆန့်ကျင်တဲ့ ပစ္စည်းတွေဘာတွေလည်း ပါလာတာ မရှိပါဘူး” လို့ မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး တင်ထွဋ်က ပြောပါတယ်။

Amar Qasim Yahy ဟာ အီရတ် ပတ်စပို့ ကိုင်ဆောင်ထားသလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးထားတဲ့ ဒုက္ခသည်အဖြစ် မလေးရှားနိုင်ငံ UNHCR ရုံးက ယာယီ အသိအမှတ်ပြု ကတ်ပြားကိုလည်း တွေ့ရှိရကြောင်း မြဝတီ ရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက) က မလေးရှားနိုင်ငံ UNHCR ရုံးကို ဆက်သွယ် မေးမြန်းပြီး အတည်ပြုချက် ရယူရာမှာတော့ Amar Qasim Yahy ဟာ ဒုက္ခသည်အဖြစ် စာရင်းသွင်း လျှောက်ထားဆဲသာ ဖြစ်ပြီး တရားဝင် အသိအမှတ်ပြုထားတဲ့အဆင့် မဟုတ်သေးဘူးလို့ သိရပါတယ်။

“သူမြဝတီကို ဝင်လာတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး သူကျခဲ့တဲ့ မလေးရှားဒုက္ခသည် စခန်းမှာက အဆင်မပြေဘူးတဲ့။ အဲဒီအခါကျတော့ မြန်မာ ဒုက္ခသည်စခန်းတွေကို လာတာပါလို့ သူက အဲဒီလို အကြောင်းပြချက်ပေးတယ်” လို့ မြို့နယ် ရဲတပ်ဖွဲ့မှူး တင်ထွဋ်က ပြောပါတယ်။

Loading