ရုရှားအရှေ့ပိုင်း ကမ်းလွန်ပင်လယ်ပြင်အတွင်း နစ်မြုပ်သွားသော သဘောၤပေါ်တွင် ပါရှိသည့် မြန်မာနိုင်ငံသား ၄၂ ဦး အခြေအနေနှင့် ပတ်သက်၍ ရုရှားနိုင်ငံဘက်မှ မြန်မာနိုင်ငံအစိုးရထံ ယနေ့ ဧပြီလ ၃ ရက်နေ့ မွန်လွဲချိန်အထိ တစုံတရာ အကြောင်းကြားခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
“ကျနော်တို့ ဌာနအနေနဲ့ သူတို့နိုင်ငံမှာရှိတဲ့ သံရုံးကိုတော့ တိုက်ရိုက် စာရေးလို့ မရဘူးပေါ့။ ကျနော်တို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ကောင်စစ်ရေးရာ ဦးစီးဌာနဆိုတာ ရှိပါတယ်။ အဲဒီ သင်္ဘောမှောက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ အဲဒီ ကောင်စစ်ရေးရာကို စာပို့ပြီး အကူအညီ တောင်းထားပါတယ်။ အဲဒီကနေတဆင့် သူတို့ ရုရှားသံရုံးကို ဆက်မေးပေးပါလိမ့်မယ်။ ရုရှားသံရုံးကလည်း အဲဒီဖြစ်တဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားသံရုံးကို ပို့မှာပါ။ အဲဒီသတင်းလေးတွေတော့ အခုချိန်ထိ မရသေးပါဘူး” ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ သင်္ဘောသားဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ဧရာဝတီသို့ ပြောသည်။
သူက ဆက်လက်၍ “ကျနော်တို့ သိချင်တာက အဲဒီမှာပါတဲ့ သဘောၤသားလို့ ပြောတဲ့သူတွေရဲ့ ပတ်စ်ပို့ အမျိုးအစားနဲ့ စီဗီစီ နံပါတ်တွေသိရင် ကျနော်တို့ဒီမှာ မြန်မာသင်္ဘောသား နာမည်တွေ ဖော်ထုတ်နိုင်မှာပါ။ အဲဒီအချက်အလက်တွေကိုလည်း ကျနော်တို့ မေးမြန်းထားပါတယ်” ဟု ဆိုသည်။
ဧပြီလ ၂ ရက်နေ့က ရုရှားအရှေ့ပိုင်း ကမ်းလွန်ပင်လယ်ပြင်အတွင်းတွင် ရုရှားငါးဖမ်း သင်္ဘောတစင်း နစ်မြုပ်သွားခဲ့ရာ သင်္ဘောသား အနည်းဆုံး ၅၄ ဦးခန့် သေဆုံးခဲ့သည်ဟု ကယ်ဆယ်ရေး လုပ်သားများက ပြောကြသည်။ ရေခဲပမာ အေးစက်နေသည့် ပင်လယ်ပြင်တွင်းသို့ ၁၅ မိနစ်အတွင်း နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။
နိုင်ငံတကာမှ သင်္ဘောသား ၁၃၂ ဦးပါဝင်သည့် ငါးဖမ်းသင်္ဘောကြီး တစီးဖြစ်သည့် Dalny Vostok သည် ဒေသစံတော်ချိန် နံနက် ၄ နာရီ အချိန်ခန့်တွင် Kamchatka ကျွန်းဆွယ်အနီး Okhotsk ပင်လယ်တွင်းသို့ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။ မနစ်မြုပ်မီတွင် အရေးပေါ်အခြေအနေ အချက်ပြ သတင်းပေးပို့ခြင်း မရှိခဲ့ဟု ရုရှားသတင်း ဌာနတခု ဖြစ်သည့် Interfax က ဆိုသည်။
သင်္ဘောသား ၁၃၂ ဦးထဲတွင် ၇၈ ဦးမှာ ရုရှားနိုင်ငံသားများဖြစ်ပြီး ၄၂ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်သည်ဟု သိရသည်။ ကျန်သည့်သူများမှာ လတ်ဗီးယား၊ ယူကရိန်းနှင့် ဗာနဝါတူ နိုင်ငံများမှ ဖြစ်ကြသည်။ Kamchatka အရေးပေါ်ဌာနမှ ကယ် ဆယ်ရေးလုပ်ငန်း အကြီးအကဲက သင်္ဘောသား ၆၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်သည့် ၁၅ ဦး၏ ကံကြမ္မာကို မသိသေး ကြောင်းပြောသည်။
အဆိုပါနေရာ အနီးတဝိုက် တွင်ရှိနေသော ငါးဖမ်းသင်္ဘော ၂၆ စီးက ကယ်ဆယ်ရေးလုပ်ငန်းတွင် ကူညီပေးခဲ့ကြသည်ဟု အရေးပေါ်ဌာန၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ဖော်ပြထားသည်။ သေဆုံးသူ ၅၄ ဦး၏ အလောင်းများကို အဆိုပါ ငါးဖမ်းသင်္ဘောများက ဆယ်ယူပေးခဲ့ခြင်း ဖြစ်သည်။
နစ်မြုပ်ရခြင်း အကြောင်းနှင့်ပတ်သက်၍ ယခုအချိန်အထိ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း သင်္ဘောသည် ၁၅ မိနစ် အတွင်း နစ်မြုပ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးရေးကော်မတီ၏ ထုတ်ပြန်ချက်တခုတွင် ၎င်းတို့ အနေဖြင့် ဖြစ်နိုင်သမျှ သီအိုရီအားလုံးကို ထည့်သွင်း စဉ်းစားနေကြောင်း ဖော်ပြထားသည်။
ရုရှားနိုင်ငံ အရေးပေါ် အခြေအနေများဆိုင်ရာ ဝန်ကြီးဌာနက လွတ်မြောက်လာသည့် သင်္ဘောသားများကို ဆေးဝါး ကုသပေးရန်နှင့် Magadan မြို့ရှိ ဆေးရုံများသို့ ပို့ပေးနိုင်ရန် Mi-8 ရဟတ်ယာဉ် တစီးနှင့် ကယ်ဆယ်ရေးလုပ်သားများ၊ ဆရာဝန်များကို စေလွှတ်ပေးခဲ့သည်ဟု ၎င်းဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ ကယ်ဆယ်ရေး လုပ်ငန်းတွင် လူပေါင်း ၁၃၀၀ ခန့်ပါဝင်ဆောင်ရွက်နေသည်ဟုလည်း သိရသည်။
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန လက်အောက်တွင် မှတ်ပုံတင်ထားပြီး သင်္ဘောသားတရားဝင် ပို့ဆောင်နေသည့် ကုမ္ပဏီ စုစုပေါင်း ၁၆၁ ခု ရှိကြောင်း၊ လက်ရှိအချိန်ထိ ယင်းလုပ်ငန်းများဘက်မှ ယခု ရုရှား သင်္ဘောနစ်မြုပ်သည့် ထူးခြားဖြစ်စဉ်နှင့် ပတ်သက်၍ တစုံတရာ ဆက်သွယ်မေးမြန်းခြင်း မရှိသေးကြောင်း၊ သင်္ဘောသား ဌာနခွဲ၏ တရားဝင် ထွက်ခွာခွင့်နှင့် လုပ်ကိုင်နေသည့် သင်္ဘောသားပေါင်း ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ်လအထိ ၂၇၀၀၀ ခန့် ရှိကြောင်း စုံစမ်းသိရသည်။
Ref: AP
(ဧရာဝတီသတင်းထောက် သူဇာ ပူးပေါင်းရေးသားသည်။)