သတင်း

ပြည်မြို့၌ ရှေ့နေတဦးနှင့် နိုင်ငံရေး လှုပ်ရှားသူတဦး ပုဒ်မ ၁၈ ဖြင့် ထောင်ချခံရ

This article has been converted from Zawgyi One to Unicode

ပဲခူးတိုင်း ပြည်မြို့တွင် ရှေ့နေတဦးနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတဦးတို့ကို ပြည်မြို့နယ် တရားရုံးက ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၄ လစီ ဧပြီ ၂ ရက်ကချမှတ်လိုက်ကြောင်းသိရသည်။

ပြစ်ဒဏ်ချမှတ်ခံရသူ နှစ်ဦး ဖြစ်သော တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးနှင့် နိုင်ငံရေး လှုပ်ရှားသည့် ကိုမျိုးသူထွဋ် တို့သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်တွင် ကျရောက်သည့် ဦးသန့်အရေးအခင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန် တက္ကသိုလ် ကျောင်းဝန်းအတွင်း ကျောင်းသားသမဂ္ဂ အဆောက်အုံ ပြန်လည် တည်ဆောက်ပေးရန် တောင်းဆိုချက် ဗီနိုင်း ဆိုင်းဘုတ်များကိုင်ပြီး လမ်းလျှောက် ဆန္ဒပြခြင်း ဖြစ်သည်။

ယင်းသို့ ရှေ့နေဦးမြင့်အေးနေအိမ်မှ ပြည်မြို့နယ်အားကစားကွင်းအနီးရှိ လွတ်လပ်ရေးကျောက်တိုင်အထိ လမ်းလျှောက်ဆန္ဒပြခြင်း ကို ခွင့်ပြုချက်မယူဘဲ ပြုလုပ်သည့်အတွက် ပြည်မြို့ အမှတ်(၁) ရဲစခန်းမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါဆန္ဒပြသူ ၂ ဦးသည် စတင်၍ ရုံးတင် စစ်ဆေးသည့်နေ့တွင်ပင် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံကြသဖြင့် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှေ့နေ ဦးမြင့်အေးက“အထက်အမိန့်အရ ချတာလို့ ယူဆတယ်။ ဥပဒေအရ ဒဏ်ငွေ တသောင်းလဲ ရှိတယ်။ နှစ်သောင်းလဲ ရှိတယ်၊ ဒါပေမယ့် တရားသူကြီးက ထောင်ချတယ်။ ဘာဖြစ်လိုလဲဆိုတော့ သူတို့အထက်မှာ အမိန့်ရှိနေတယ်။ မြန်မာတနိုင်ငံလုံးမှာ ဥပဒေ မရှိဘူးဆိုတာ ပြောလိုက်မယ်”ဟု အမိန့်ချမှတ်ပြီးချိန်တွင် ပြောဆိုသည်။

ပြည်မြို့ရှိ ရှေ့နေများက ယခုကဲ့သို့ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရသည့်အမှုတွဲကို ပထမဆုံး ရုံးတင်စစ်ဆေးသည့် နေ့တွင်ပင် စီရင်ချက် အမိန့် ချမှတ်လိုက်ခြင်းအပေါ် မကြုံတွေ့ဘူးကြောင်း ပြောဆိုကြသည်။

ယခု ပြစ်ဒဏ်ချမှတ်ခံရသူ နှစ်ဦးသည် အလွတ် သတင်းထောက် ကိုပါကြီး အသတ်ခံရမှု၊ လက်ပံတောင်း ဒေသခံ ဒေါ်ခင်ဝင်း သေ ဆုံး မှု၊ လက်ပံတန်းတွင် ကျောင်းသားသပိတ် ဖြိုခွင်းခံရမှုများအပေါ် မကျေနပ်၍ ပြည်မြို့ပေါ်တွင် ခွင့်ပြုချက်မယူဘဲ ဆန္ဒပြခဲ့ကြ သည့်အတွက် ပုဒ်မ ၁၈ ဖြင့် အမှုပေါင်း ၃ ခု တရား ရင်ဆိုင်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

“ကျနော်တို့က လက်ပံတန်း အကြမ်းဖက် ဖြိုခွင်းခံရတုန်းက လွတ်လာတယ်၊ ကျောင်းသားတွေကို လိုက်ပါကူညီ ဆောင်ရွက်ပေး တဲ့ အတွက် အခုလို ရှာကြံ အမှုဖွင့်တယ်၊ ထောင်ချတယ်လို့ မြင်ပါတယ်”ဟု ကိုမျိုးသူထွဋ်က ပြောဆိုသည်။

Loading