မြန်မာနိုင်ငံမှ အစိုးရနှင့် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိများက စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ပူးပေါင်းကာ လူနည်းစု တိုင်းရင်းသား ကျေးလက်ပြည်သူများထံမှ မြေဧက သိန်းနှင့် ချီ၍ သိမ်းယူခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ အစည်း တခုဖြစ်သော Global Witness က စွပ်စွဲလိုက်သည်။
မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သော သေနတ်များ၊ ခရိုနီများနှင့် ကောက်ပဲသီးနှံများ (Guns, Cronies and Crops) အမည်ရှိ အစီရင်ခံစာတွင် တပ်မတော်က တနိုင်ငံလုံး အတိုင်း အတာဖြင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်ဆိုသည့် ခေါင်းစဉ်အောက်တွင် မြေအမြောက်အမြားကို သိမ်းယူခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ အစီအစဉ်ကို ၂၀၁၁ ခုနှစ် အရပ်သားအမည်ခံအစိုးရသစ်ပေါ်ပေါက်လာသည့် အချိန်တွင် အကျိုးအမြတ် ရရှိ နိုင်မည့် နိုင်ငံပိုင်လုပ်ငန်းများနှင့် သဘာ၀ အရင်းအမြစ်များကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“၂၀၁၃ ခုနှစ်အထိ မြေဧက ၅.၃ သန်း (ရန်ကုန်မြို့၏ ၃၅ ဆခန့်) ကို စီးပွားဖြစ်စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံသူတွေကို ချထားပေးခဲ့ပါတယ်။ အများစုက မူလပိုင်ဆိုင်သူတွေရဲ့ ခွင့်ပြုချက် မရယူခဲ့ပါ” ဟု အစီ ရင်ခံစာက ဆိုသည်။
အစီရင်ခံစာအတွက် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုများအရ မြေသိမ်းယူမှုများ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြေသိမ်းယူမှု၏ နောက်ဆက်တွဲရလဒ်များကို ခံစားခဲ့ရသည့် လူနည်းစု တိုင်းရင်းသားလူမျိုးစု အနည်းဆုံး ၃ ခုရှိသည် ဟု သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်ရှိ ကချင်နှင့် ရှမ်း တိုင်းရင်းသား ၅၄၅၀ သည် မြေဧက ၃၄၀၀ ကျော်သိမ်းယူခြင်းခံခဲ့ ရ သဖြင့် ဒုက္ခရောက်ခဲ့ကြသည်။ မြေအများစုမှာ ၂၀၀၆ ခုနှစ်ကထဲက သိမ်းယူခံခဲ့ရခြင်း ဖြစ်သည်။ ၀ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသ အတွင်းမှ ရှမ်းနှင့် ပလောင် ကျေးရွာသား ၃၇၇ ဦးမှာလည်း ၂၀၀၆ ခုနှစ်တွင် မြေသိမ်းခံခဲ့ရသည်။
“စစ်အုပ်ချုပ်ရေးအောက်မှာ နှစ် ၅၀ နီးပါးကြာမြင့်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးက တပ်မတော်ရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်လာပြီလို့ ထင်ခဲ့ရပါတယ်။ ဒါပေမယ့် ကိစ္စတော်တော်များများမှာတော့ ယူနီဖောင်းကို အရပ်ဝတ် ပြောင်းလိုက်ရုံလောက်ပါပဲ။ စစ်ဖက်အရာရှိတွေနဲ့ သူတို့ရဲ့ ခရိုနီတွေရဲ့ ကုမ္ပဏီတွေက တိုင်းပြည်ရဲ့ မြေယာ ကဏ္ဍကို ထိန်းချုပ်ထားပါတယ်” ဟု အစီရင်ခံစာနှင့် အတူ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစောင်တွင် Global Witness ၏ မြေယာဆိုင်ရာတက်ကြွလှုပ်ရှားသူ Josie Cohen ကပြောသည်။
အစီရင်ခံစာအရ လွှတ်တော်က ကျောထောက်နောက်ခံပေးထားသည့် လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်ထံသို့ တပ်မတော်က ၂၀၁၂ ခုနှစ် ဇူလိုင်လမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်း လယ်ယာမြေ ၂၄၇၀၇၇ ဧက သိမ်းယူခဲ့သည်ဟု စွပ်စွဲထားသည့် တိုင်ကြားစာ ၅၆၅ စောင်ရောက်ရှိခဲ့သည် ဟု သိရသည်။
Global Witness က အဓိက အကျိုးအမြတ် ရရှိသူများအဖြစ် စွပ်စွဲခြင်း ခံခဲ့ရသူများမှာ လက်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်လှိုင်၊ မန်ပိုင် ပြည်သူစစ်အဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦး ရှောက်ချန်း၊ ဦးကျင်ဝေါင်နှင့် ကုမ္ပဏီတခုဖြစ်သော စိန်ဝတ်မှုန် အုပ်စုတို့ ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရာဘာပင်များ စိုက်ပျိုးရန် စိန်ဝတ်မှုန် ကုမ္ပဏီက မြေ ၄၆၀၈ ဧကကို ထိန်းချုပ်နိုင်ရေးအတွက် အာဏာပိုင်များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သောကြောင့် ထိခိုက်နစ်နာခဲ့ရသော ကျေးလက်ပြည်သူများကို Global Witness မှ တွေ့ဆုံမေးမြန်းမှု ၁၄၀ ကျော်ပြုလုပ်ခဲ့ပြီး အချက်အလက်များ စုဆောင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီသည်လည်း ၂၀၁၀ ခုနှစ် ဇူလိုင်လ အတွင်းက နိုင်ငံပိုင်မြေ ဧက ၁၃၀၀ ကို တရားမဝင်ရရှိခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက အခိုင်အမာပြောဆိုခဲ့ကြသည်။