ရုရှားအရှေ့ဖျားဒေသ Okhotsh Sea ဒေသအတွင်း နစ်မြုပ်သွားသည့် ရုရှားငါးဖမ်းသင်္ဘော Dalny Vostok တွင် ပါရှိသွားသော မြန်မာနိုင်ငံသား ၄၂ ဦးအနက် နောက်ဆုံးရရှိသည့် သတင်းများအရ ၁၃ ဦး အသက်ရှင်လျက် ရှိကြောင်း ရုရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးမှ သတင်းထုတ်ပြန်ထားသည်။
ဧပြီလ ၂ ရက်နေ့ ညပိုင်းတွင် လူပေါင်း ၁၃၂ ဦး လိုက်ပါသည့် ငါးဖမ်းသင်္ဘော နစ်မြုပ်သွားမှုတွင် ရေယာဉ်ဝန်ထမ်း ၃၂ ဦး၊ ငါးဖမ်းလုပ်သား ၁၀၀ ဦး ဖြစ်ကြောင်း သေဆုံးသူ ၅၆ ဦး၊ အသက်ရှင်လျက် ၆၃ ဦး၊ ပျောက်ဆုံး ၁၃ ဦး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းထုတ်ပြန်ချက်တွင် ရုရှားငါးဖမ်းသင်္ဘောတွင် လိုက်ပါသွားသည့် မြန်မာနိုင်ငံသား ၄၂ ဦး၏ အမည်စာရင်းများ (http://www.myanmarembassy.ru/images/Myanmarfishermans/MyanmarFishermans.pdf) ကိုလည်း ဖော်ပြထားပြီး ယင်းစာရင်းများအရ မြန်မာနိုင်ငံဘက်မှလည်း မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနလက်အောက်မှ တရားဝင်ထွက်ခွာသည့် သင်္ဘောသား စာရင်းများ ဟုတ်၊ မဟုတ် ဆိုသည်ကို စိစစ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သင်္ဘောသားဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ပြောသည်။
“ကျနော်တို့ လက်အောက်က တရားဝင် လုပ်ကိုင်နေတဲ့ ကုမဏီက ထွက်သွားတဲ့သူတွေလည်း ရှိပါတယ်။ အခု အသေးစိတ်ကို စိစစ်နေပါပြီ။ အတိအကျ သိရပြီဆို ကုမ္ပဏီတွေကို ဆက်သွယ်အကြောင်းကြားမယ်။ နောက်ပိုင်း လျော်ကြေးနဲ့ တခြားကိစ္စတွေ အားလုံးကို လုပ်ထုံးလုပ်နည်းတွေအတိုင်း ကုမဏီက ဆက်လက်ဆောင်ရွက်သွားရပါမယ်” ဟု ဦးတိုးမြင့်က ဆိုသည်။
သင်္ဘောသား ၁၃၂ ဦးထဲတွင် ၇၈ ဦးမှာ ရုရှားနိုင်ငံသားများဖြစ်ပြီး ၄၂ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်သည်ဟု သိရသည်။ ကျန်သည့်သူများမှာ လတ်ဗီးယား၊ ယူကရိန်းနှင့် ဗာနဝါတူ နိုင်ငံများမှ ဖြစ်ကြသည်။
ဆက်စပ်သတင်း
နစ်မြုပ် ရုရှား သင်္ဘောပါ မြန်မာ ၄၂ ဦးအခြေအနေ မသိရသေး