သတင်း

သင်္ကြန်ကာလ မှုခင်းလျော့ကျရေး အထူးကြပ်မတ် ဆောင်ရွက်မည်

This article has been converted from Zawgyi One to Unicode

၂၀၁၅ ခုနှစ် သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်ပွားမှုများ လျှော့ချနိုင်ရန် လုံခြုံရေး ကိစ္စရပ်များကို အထူးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သင်္ကြန်ကာလအတွင်း အများပြည်သူ လုံခြုံရေးအတွက် လုံခြုံရေး ဗဟိုကွပ်ကဲမှု ဌာနချုပ်ရုံးအပြင် ပြည်လမ်းရှိ International Business Center ၊ ကန်တော်ကြီး ပတ်လမ်းရှိ သိမ်ဖြူ အားကစားကွင်းနှင့် မြကျွန်းသာပန်းခြံ အနီးတို့တွင် ယာယီရုံး တရုံးစီဖြင့် စုစုပေါင်း ကွပ်ကဲမှုရုံး ၄ ရုံး ထားရှိကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရှိရသည်။

သက်ဆိုင်ရာ ကွပ်ကဲရုံးများတွင် ရဲဒေသမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဌာန အဖွဲ့အစည်းများ ထားရှိ၍ လုံခြုံရေးကွပ်ကဲမှုများ စီမံဆောင်ရွက်သွားမည် ဖြစ်ပြီး သင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှုများကို ချက်ချင်း ရုံးတင်   စစ်ဆေးနိုင်ရန် မြို့နယ်များတွင် တရားရုံးများ ဖွင့်လှစ်ထားမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက “ဒီနှစ် သင်္ကြန်မှာ လုံခြုံရေးဆိုင်ရာ   သဘောတရားအရ အင်အား ဘယ်လောက်သုံးမယ်ဆိုတာ ပြောလို့မရဘူး။ လုံခြုံရေးကိုတော့ အထူးကြပ်မတ် ဆောင်ရွက်ပေးထားပါတယ်”ဟု ပြောသည်။

သင်္ကြန်အတွင်း မိုင်းအန္တရာယ် ကင်းရှင်းစေရန် သက်ဆိုင်ရာ မိုင်းရှင်းလင်းရေးအဖွဲ့များ ထားရှိကာ မဏ္ဍပ်များအား မနက်တကြိမ်၊ ညနေတကြိမ် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် မဏ္ဍပ်များ လုံခြုံမှုရှိစေရန် မဏ္ဍပ် အရွယ်အစားအလိုက် လုံခြုံရေး ကင်မရာများ တပ်ဆင်ထားမည် ဖြစ်ပြီး ခိုက်ရန် ဖြစ်ပွားမှုများ ထိန်းသိမ်းရန်အတွက် မဏ္ဍပ်တာဝန်ခံများ အနေဖြင့် လုံခြုံရေးများ ငှားရမ်း ဆောင်ရွက်ရန်လည်း တိုင်းအစိုးရက ညွန်ကြားထားကြောင်း သိရသည်။

သင်္ကြန်ကာလတွင် အင်လျားကန်နှင့် ကန်တော်ကြီးအတွင်း အပျော်လွန်သူများ အသက်အန္တရာယ် မရှိစေရန် Speed Boat များနှင့် ကယ်ဆယ်ရေး အဖွဲ့များ ထားရှိပေးထားမည် ဟုဆိုသည်။

အထူးလုံခြုံရေး ဆောင်ရွက်ချက်အနေဖြင့် ဘူတာရုံများ၊ အဝေးပြေး ကားဂိတ်များ၊ မြို့ဝင် မြို့ထွက်ဂိတ်များအား အထူး ကြပ်မတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် မဟာသင်္ကြန်အတွင်း မှုခင်းဖြစ်ပွားမှုများကို ချက်ချင်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး ခါးပိုက်နှိုက်မှုများကို ကြိုတင် ကာကွယ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရရှိသည့် မှုခင်းဖြစ်ပွားမှု အချက်အလက်များအရ ၂၀၁၂ ခုနှစ် မဟာသင်္ကြန် ကာလအတွင်း ပြစ်မှုပေါင်း ၁၄ မျိုးတွင် ကျူးလွန်မှု ၁၅၀ ဖြစ်ပွားခဲ့ပြီး၊ ၂၁၀၃ တွင် ၁၆၉ မှုနှင့် ၂၀၁၄ တွင် ၁၅၉ မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီနှစ် သင်္ကြန်မှာ ခါးပိုက်နှိုက်တာကို ထိထိရောက်ရောက် နှိမ်နှင်းမယ်။ ခိုက်ရန် ဖြစ်ပွားဆိုရင်လည်း ချက်ချင်းကို ထိန်းသိမ်းမယ်။ ပြန်မလွှတ်ဘူး။ သင်္ကြန်ပြီးမှ ပြန်လွှတ်မယ်” ဟု ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ်၊ ရေကစားမဏ္ဍပ်များတွင် ခါးပိုက်နှိုက်မှု ဖမ်းဆီးရရှိမှုမှာ Air Bagan မဏ္ဍပ်တွင် ၄၀ မှု၊ အင်းယားကန်ဘောင်မဏ္ဍပ်တွင် ၂ မှု၊ ပိတောက်ချစ်သူနှင့် ဆီဒိုးနားဟိုတယ်ရှေ့ မဏ္ဍပ်တွင် ၃ မှု၊ ကန်ပတ်လမ်း၊ နွေဦးပိတောက်၊ Channel 5 ၊ နွေဦးသင်္ကြန် ၊ Four Element နှင့် Roar မဏ္ဍပ်များတွင် ၁ မှုစီနှင့် H2O မဏ္ဍပ်တွင် ၂ မှု ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Loading