ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ တရုတ်-မြန်မာနယ်စပ် နယ်မြေ အငြင်းပွားမှုဖြစ်နေသည့် နေရာတွင် တရုတ်နိုင်ငံမှ တံတား ဆောက်လုပ်ရန် နေရာသတ်မှတ်သော အလံများ ယမန်နေ့က စိုက်ထူနေကြောင်း သိရသည်။
အဆိုပါ နေရာသည် နမ့်ခမ်းဒေသခံများ ပိုင်ဆိုင်သည့်လယ်မြေ ၁၅၀ကျော်ဧက ရှိပြီး တရုတ်နိုင်ငံမှ လယ်ယာမြေများ သိမ်းမည်ကို စိုးရိမ်နေကြကြောင်း၊ ထိုနယ်မြေအငြင်းပွားမှုသည် ယမန်နှစ်တွင်ဖြစ်ပွားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နှင့် ပြည်နယ်လွှတ်တော် သို့လည်း တင်ပြထားကြောင်း နမ့်ခမ်းမြို့မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦး က ဧရာဝတီသို့ ပြောသည်။
“ဒီပြဿနာက ဖြစ်နေတာကြာပါပြီ။ အရင်ကတည်းကဖြစ်နေတာ။ အခုက တရုတ်ပြည်က ခေါင်းဆောင်တချို့နဲ့ လက်နက်ကိုင်တဲ့ သူတွေရောလာတယ်။ သူတို့အလံကို လာစိုက်သွားတာ။ တံတားဆောက်ဖို့ ဆိုပြီးပြောသွားတယ်။ အခု သူတို့ဆောက်မယ့် နေရာ က နမ့်ခမ်းဒေသခံတွေ လယ်ယာစိုက်ပျိုးတဲ့နေရာပါ”ဟုလည်း ဦးစိုင်းတင်ဦးက ဆိုသည်။
ရွှေလီမြစ်အနီး မြန်မာပိုင်နယ်မြေအတွင်း၌ တရုတ်အလံလာရောက်စိုက်ထူခြင်းကို ဒေသခံများက ကန့်ကွတ်ကြကြောင်း၊ ထိုနေရာ သည် ဒေသခံများ၏ ဘိုးဘွာပိုင်လယ်မြေဖြစ်ပြီး လက်ရှိတွင် လယ်ယာ စိုက်ပျိုးမှုများ ပြုလုပ်နေကြောင်း၊ မြန်မာ အစိုးရ အနေဖြင့် ထိရောက်စွာ ဆောင်ရွက်သင့်ကြောင့် နမ့်ခမ်းမြို့မှ ဒေသခံ အမျိုးသားတဦးကလည်း ဧရာဝတီသို့ ပြောသည်။
“မြန်မာပိုင် နယ်မြေဘက်ကို တရုတ်နိုင်ငံက သူတို့အလံလာစိုက်တယ်ဆိုတာ မဖြစ်သင့်ဘူး။ ကျနော်တို့ အစိုးရအနေနဲ့ ဒီ အရေး ကို သေချာလုပ်သင့်ပါတယ်။ မဟုတ်ရင် တရုတ်ပိုင်နယ်မြေဖြစ်သွားမယ်။ ကျနော်တို့ လူမျိုးတွေပိုင်တဲ့လယ်ယာတွေ ဆုံးရှုံးသွားမယ်”ဟုလည်း သူက ပြောဆိုသည်။
ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ် နယ်ခြားမှတ်တိုင်သစ်များကို ပြီးခဲ့သည့် မေလတွင် နှစ်နိုင်ငံ အစိုးရ အာဏာပိုင်များက ကွင်း ဆင်း စစ်ဆေး တိုင်းတာစိုက်ထူခဲ့ပြီး ယင်းမှတ်တိုင်သစ်များသည် နမ့်ခမ်းမြို့နယ်အတွင်းရှိ ကုန်းဆာ၊ ဘန့်နောင်၊ ဆေးခွန်၊ ဟတ်ကင်း စသည့် ကျေးရွာများတွင် စိုက်ထားခဲ့ခြင်း ဖြစ်သည်။
ယမန်နှစ် တိုင်းတာမှုများအပြီးတွင် မြန်မာဘက်က ဒေသခံများ၏လယ်မြေဧက ၁၅၀ခန့်ကို တရုတ်ဘက်ပိုင်အဖြစ် သတ်မှတ်မှုများရှိခဲ့သဖြင့် တရုတ်ဘက်မှ စိုက်ထူခဲ့သည့် နယ်ခြားမှတ်တိုင်များကို ဒေသခံများက ဖျက်ဆီးမှုပြုလုပ်ခဲ့ပြီး ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သည်။
ယင်းအငြင်းပွားမှု ဖြစ်ပွားနေသည့် နေရာကိုလည်း ယမန်နှစ် ဇွန်လတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်ကလည်း ကွင်း ဆင်း လေ့လာမှုများ ပြုလုပ်ခဲ့သည်။
ဘိုးဘွားအစဉ်အဆက် စိုက်ပျိုးလာသော လယ်မြေဧက ၁၅၀ ကျော်ကို တစုံတရာအကြောင်းကြားခြင်းမရှိဘဲ တရုတ်နိုင်ငံပိုင်အဖြစ် ပါသွားသည့်အတွက် ကန့်ကွက်ကြောင်းစာလွှာကိုလည်း မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ် ဒေသခံများက သမ္မတ ဦးသိန်းစိန်ထံ ယမန်နှစ် ဇွန်လအတွင်းက ပေးပို့ခဲ့ကြောင်း သိရသည်။
မြန်မာ- တရုတ် နယ်နိမိတ်သတ်မှတ်မှုနှင့် ပတ်သက်၍ ယခင်အစိုးရအဆက်ဆက်က နှစ်နိုင်ငံ ချုပ်ဆိုခဲ့သည့် စာချုပ်များနှင့်အညီ နယ်နိမိတ်သတ်မှတ်မှုအား ဆောင်ရွက်ရန်အဆိုကို မူဆယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖုန်းအောင်က ယမန်နှစ် ဇွန် လ အတွင်းတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။
အဆိုပါကျေးရွာများသည် ရွှေလီမြစ်ဝှမ်းတွင် တည်ရှိနေသည်မှာ နှစ်ပေါင်းရာနှင့်ချီခဲ့ကြောင်း သိရပြီး ယမန်နှစ် နှစ်နိုင်ငံ ပူးတွဲမြေ တိုင်း အဖွဲ့များ လာရောက်တိုင်းတာသည့် အချိန်မှစ၍ မြေယာ အငြင်းပွားမှုများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။