သူ့ကို သမ္မတ ဖြစ်မလာနိုင်အောင် တားဆီးထားသည့် စစ်တပ်က ရေးဆွဲထားသော အခြေခံဥပဒေကို မပြင်ဆင်ရသေးပါက ကျင်းပတော့မည့် သမိုင်းဝင်ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းက ရွေးချယ်စရာတခုဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
Reuters သတင်းဌာနနှင့် ဧပြီလ ၃ရက်နေ့က ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တိုင်းပြည်အုပ်ချုပ်ရန် အသင့်ဖြစ်နေခဲ့သော်လည်း သမ္မတ ဦးသိန်းစိန် ဘက်က ပြုပြင် ပြောင်းလဲရေး အပေါ်ရိုးသားခြင်း မရှိဘဲ ရွေးကောက်ပွဲကိုလည်း ရွှေ့ဆိုင်းလိုက်နိုင်သည်ဟု ပြောခဲ့သည်။
နှစ် ၅၀ ခန့်ကြာမြင့်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် အာဏာရရှိလာခဲ့သော မြန်မာနိုင်ငံမှ အရပ်သားတပိုင်း အစိုးရအပေါ် အမေရိကန် နိုင်ငံ၏ ချီးမွမ်းမြှောက်ပင့်မှုများကြောင့် ပြုပြင်ပြောင်းလဲရေးကို ကျေနပ်ရောင့်ရဲသွားစေခဲ့သည်ဟုလည်း ဆိုသည်။
ဦးသိန်းစိန်၏ အစိုးရနှင့် ပတ်သက်၍ သဘောထားတင်းမာသည့် အစိုးရဟု ရည်ညွှန်းခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ ခုနှစ် အထိ ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည့် စစ်တပ်နှင့် ပြန်လည်သင့်မြတ်ရန် လိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံ မပြောင်းလဲပါက သူ၏ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိမရှိ မေးမြန်းသည့်အခါ “ရွေးကောက်ပွဲကို သပိတ်မှောက်တာက အကောင်းဆုံး ရွေးချယ်မှုလို့ ကျမတို့ မထင်ပါဘူး။ ဒါပေမယ့် ကျမတို့က ဒါကို ထည့်သွင်း စဉ်းစားရ မယ့်အထဲက လုံး၀ ထုတ်ပယ်မှာလည်း မဟုတ်ပါဘူး။ ကျမတို့ ရွေးချယ်စရာတွေအတွက် တံခါးဖွင့်ထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
သို့သော်လည်း နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၏ အရေးပါမှုကို သူက လက်ခံကြောင်း ပြောကြားပြီး “ကျမတို့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ရှိမရှိကို မှန်ကန်စွာ ပြသမယ့် စမ်းသပ်ချက်ဖြစ်ပါတယ်” ဟု ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံတွင် နောက်ဆုံးကျင်းပနိုင်ခဲ့သည့် စစ်မှန်သော ရွေးကောက်ပွဲဖြစ်သော ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီက မဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်တပ်က ရလဒ်ကို ပယ်ဖျက်ပစ်ခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်း တယောက်ဖြစ်သလို ယခင် စစ်အစိုးရလက် ထက်က အရေးပါသူတဦးလည်း ဖြစ်ခဲ့သူ ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရကို ပေါ်ပေါက်စေခဲ့ပြီး မသမာမှုများစွာရှိသည်ဟု အများစုက သဘောထားသည့် ၂၀၁၀ ခုနှစ် ရွေး ကောက်ပွဲကို NLD ပါတီက သပိတ်မှောက်ခဲ့ပါသည်။
ဦးသိန်းစိန် အစိုးရက နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှု များကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ သို့သော်လည်း ယခုအခါ တွင် ပြုပြင်ပြောင်းလဲရေးက ရပ်တန့်နေသည်ဟု ပြည်သူအများအပြားက ခံစားနေကြရပြီး အင်အားကြီးမားသော စစ်တပ် ကလည်း မဲဆန္ဒပေးခြင်း အပေါ် လွှမ်းမိုးနိုင်ရန် ထပ်မံ လုပ်ဆောင်လာသည်။
၂၀၁၁ ခုနှစ်တွင် ပထမဆုံးတွေဆုံခဲ့စဉ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဦးသိန်းစိန် ရိုးသားမှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။ သို့သော် ယခုအချိန်မှာ မဟုတ်တော့ပါ။
“တကယ်လို့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ရိုးသားခဲ့ရင် ကျမတို့ အခုထက်ပိုပြီး ရှေ့ကို အများကြီး ရောက်နေလောက်ပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ရွေးကောက်ပွဲကို အချိန်ဆွဲနိုင်ရန် အတွက် ဦးသိန်းစိန်က အသုံးချသွားမည်ကို စိုးရိမ်ကြောင်းလည်း သူကပြောသည်။
မြန်မာ့ မျှော်လင့်ချက်
လာမည့် ဇွန်လ တွင် အသက် ၇၀ ပြည့်မည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ယခုနှစ်သည် အရေးပါသည့် နှစ် တနှစ် ဖြစ်ပါသည်။
သူနှင့် NLD ပါတီဝင် ၄၂ ဦးတို့ ၂၀၁၂ တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲမှ တဆင့် လွှတ်တော်တွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ ထိုအချိန်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်ဘက်က အစိုးရအပေါ်လိုက်လျောမှုများ ပေးခဲ့သော်လည်း အနည်းငယ်သာ ပြန်လည်ရရှိခဲ့သည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
သို့သော်လည်း ဆင်းရဲနွမ်းပါးပြီး တိုင်းရင်းသားလူမျိုးစုံလင်များပြာသည့် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ကို အကောင်းဆုံးမျှော်လင့်ချက် အဖြစ်သတ်မှတ်ထားသူက ပိုမိုများပြားစွာ ရှိနေသေးသည်။ ပြုပြင်ပြောင်းလဲရေးများက ၅၃ သန်းသော ပြည်သူများ၏ မျှော်လင့်ချက်များကို မြင့်တက်စေခဲ့သော်လည်း ပြည်သူအများစု၏ ဘဝများက တိုးတက်လာ ခြင်းမရှိသေးပါ။
ယခင်စစ်အစိုးရက ရေးဆွဲပေးခဲ့သော အခြေခံဥပဒေအရ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းကို စစ်တပ်မှ ကိုယ်စားလှယ်များက ရယူထားပြီး အခြေခံဥပဒေ ပြင်ဆင်ရေးမှန်သမျှကို ပယ်ချနိုင်သည့် အနေအထားတွင်ရှိနေသည်။
နိုင်ငံခြားသား ဇနီး၊ ခင်ပွန်း သို့မဟုတ် သားသမီးများ ရှိနေသူကိုလည်း သမ္မတလောင်း ဖြစ်ခွင့်မှ တားမြစ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်းနှင့် သား ၂ ယောက်မှာ အင်္ဂလန် နိုင်ငံသားများဖြစ်သည်။
သမ္မတရာထူးသည် သူ့အတွက် လက်လှမ်းမီနိုင်သေးသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ “ဘာကြောင့် မဖြစ် နိုင်ရမှာလဲ။ အခြေခံဥပဒေဆိုတာ အသေ မဟုတ်ဘူးလေ” ဟု သူက ဆိုသည်။
သို့သော်လည်း ပြင်ဆင်ရေးမှာ အစိုးရပေါ်တွင် မူတည်သည်ဟု သူက ဝန်ခံခဲ့သည်။ ယခုအင်တာဗျူးတွင် သဘောထား တင်းမာသည့် အစိုးရဟု အကြိမ်ကြိမ် ရည်ညွှန်းခဲ့ပါသည်။
“သူတို့က ဆွေးနွေးညှိနှိုင်းရေး ဒါမှမဟုတ် အခြေခံဥပဒေပြင်ဆင်ရေး ဒါမှမဟုတ် ပြည်သူတွေရဲ့ ဆန္ဒကို အလေးအနက် ပြောဆိုရေး တွေကို စိတ်မဝင်စားကြဘူး။ အလယ်အလတ် သဘောထားရှိသူတွေလို့ ပြောဖို့တောင် ခက်ပါတယ်” ဟုလည်း သူက ဆိုသည်။
အခြားသောပြုပြင်ပြောင်းလဲရေးများ အတွက် အင်အားဖြစ်စေရန် မျှော်လင့်ပြီး အမေရိကန်၏ ချီးမွမ်းမှုများကိုလည်း သူက မေးခွန်းထုတ်ခဲ့သည်။
“သူတို့က ပြုပြင်ပြောင်းလဲရေး ပိုလုပ်လာအောင် အမှန်တကယ် အားပေးတာလား ဒါမှမဟုတ် ပိုပြီး ကျေနပ်ရောင့်ရဲ လာအောင် လုပ်နေတာ လားလို့ ကျမ မေးရပါလိမ့်မယ် ” ဟု သူကပြောသည်။
“အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ယေဘုယျအားဖြင့် အရမ်း အကောင်းမြင်ကြတယ်။ မှန်ကန်တဲ့ သံသယ အနည်းငယ် ထားခြင်းက လူတိုင်းအတွက် အဆင်ပြေဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။”
အမေရိကန် သမ္မတ အိုဘားမားမြန်မာနိုင်ငံသို့ ဒုတိယမြောက် ခရီးစဉ်မသွားရောက်မီ နိုဝင်ဘာလအတွင်းတွင် အမေရိကန် တာဝန်ရှိသူတဦးက မြန်မာနိုင်ငံ၏ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အမေရိကန် အစိုးရက ဖိအားမပေးရန် ဆုံးဖြတ်ထား သည်ဟု ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။ အစိုးရနှင့် ဆက်ဆံရေး အဆင်ပြေမှုကို ဆက်လက်ထိန်းသိမ်းလို၍ ဖြစ်ပါသည်။
သို့သော်လည်း အမေရိကန်ပြည်ထောင်စုက စွန့်လွှတ်ထားလိုက်ပြီဟု မခံစားရကြောင်း အမေရိကန်တွင် မိတ်ဆွေ ကောင်း များ ရှိကြောင်းပြောသည်။
စစ်တပ် ဆင်ထားတဲ့ ဂွင်
လုံး၀ လိုအပ်သည့် အချက်မှာ စစ်တပ်နှင့် ဆက်ဆံရေးကို ကောင်းမွန်အောင်ပြန်လည် တည်ဆောက်ရန် ဖြစ်သည်။ “တပ် မတော်နဲ့ ကျန်တဲ့ ပြည်သူတွေကြားမှာ ကွဲပြားနေတဲ့ နိုင်ငံတခု မဖြစ်သင့်ပါဘူး”ဟု သူကပြောသည်။
၂၀၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အပေါ်ပျော့ပြောင်းသည့် သဘောထားရှိကြောင်း ပြောကြားခဲ့သည့် အတွက် သူ့ကို ထောက်ခံသူများ စိတ်ပျက်ခဲ့ရသည်။ မြန်မာ့တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် မြန်မာ့ လွတ် လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းက ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နောက်က နံရံ ပေါ် တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို ချိတ်ဆွဲထားသည်။
သူ့ကို မြန်မာစစ်ဗိုလ်ချုပ်များက ပရိယာယ်ဖြင့် အနိုင်ယူနေသည်ဟု ဝေဖန်မှုများကိုလည်း သူက ငြင်းပယ်ခဲ့သည်။
“သူတို့ရဲ့ အခွင့်အရေးတွေကို လွယ်လွယ်နဲ့ မစွန့်လွှတ်ဘူးဆိုတာကို ကျမတို့ အမြဲတမ်းသိခဲ့ပါတယ်။ ကျမတို့က ကျမတို့ရဲ့ စည်းမျဉ်းအတွက် ရပ်တည်ရမယ့် အချိန်ရှိပါတယ်။ စည်းမျဉ်းတွေထဲက တခုဟာ အတိတ်ကို ပြန်လည် တူးဆွမယ့်အစား အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်သင့်တဲ့အချိန်လည်း ရှိပါတယ်။”
ရိုဟင်ဂျာများနှင့် ပတ်သက်၍ ပြောဆိုရန် ပျက်ကွက်ခဲ့သည်ဆိုသည့် စွပ်စွဲမှုများကိုလည်း သူက ပယ်ချခဲ့သည်။
“ကျမက တရားဥပဒေစိုးမိုးရေး အကြောင်းပြောတဲ့အခါ၊ အကြမ်းဖက်မှုမှန်သမျှကို ကျမတို့ ရှုတ်ချကြောင်းပြောတဲ့အခါ ဘယ်သူမှ စိတ်မဝင်စားကြဘူး။ ဒါက သတင်းမဟုတ်ဘူးလေ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
(Andrew R.C. Marshall နှင့် Simon Webb တို့၏ Suu Kyi says boycott of Myanmar election an option ကို ဘာသာပြန်သည်)