သတင်း

ရန်ကုန် ကျိုက်က္ကဆံကွင်းကို စီပွားရေးစီမံကိန်း ချမှတ်မှု ပယ်ဖျက်ရေးအဆို လွှတ်တော်ပယ်ချ

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ရှိ သမိုင်းဝင် လူထုစည်းဝေးရာ ကျိုက်က္ကဆံကွင်းကို စီးပွားရေး ဗဟိုဧရိယာအဖြစ် စီမံကိန်းချမှတ်ထားမှုအား ပယ်ဖျက် ပေးရန် အဆိုကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ တင်သွင်းရာတွင် ဧပြီ ၃ ရက်က ပယ်ချလိုက်ကြောင်း သိရသည်။

သမိုင်းဝင် လူထုစည်းဝေးရာ ကျိုက်က္ကဆံကွင်းအား စီးပွားရေး ဗဟိုဧရိယာအဖြစ် စီမံကိန်းချမှတ် စီစဉ်မှုသည် ဖွဲ့စည်းပုံ ဥပဒေ၊ တည်ဆဲ ဥပဒေ၊ အမိန့်၊ ညွန်ကြားချက်များနှင့်မညီညွတ်သဖြင့် ပယ်ဖျက်ပေးရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ တိုက်တွန်း ကြောင်း အဆိုကို ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက တင်သွင်းခြင်း ဖြစ် သည်။

“ဒီစီမံကိန်းဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ တင်ဒါမူဝါဒတွေနဲ့အညီ စနစ်တကျ တင်ဒါခေါ်ယူခဲ့တာလည်း မဟုတ်ပါဘူး။ အား ကစား သိပ္ပံကို အဆင့်မြင့်ပေးမယ်လို့ ဗန်းပြပြီး ကျန်တဲ့ စီပွားရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ လူတစုက သီးသန့် အဆိုပြုလွှာတင်ပြီး ဆောင်ရွက်ခဲ့တာ ထင်ထင်ရှားရှား တွေ့ရတယ်။ အာကစားနှင့် ကာယသိပ္ပံဝန်ကြီး ဌာနနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ဘာကြောင့် မကန့်ကွက်တာလဲ’’ဟုလည်း ဒေါက်တာ ညိုညိုသင်းက လွှတ်တော်တွင် မေးခွန်း ထုတ်ခဲ့သည်။

ဒေါက်တာ ညိုညိုသင်း တင်သွင်းသည့် အဆိုနှင့်ပတ်သက်ပြီး ရန်ကနု်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးသန်းမြင့်က ကျိုက်က္ကဆံကွင်းသည် ပြည်ထောင်စုဝန်ကြီး ဌာနတခုဖြစ်သော အားကစားဝန်ကြီး ဌာနကသာ စီမံခန့်ခွဲသည့် မြေ နေရာ အဆောက်အအုံဖြစ်ပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် စီမံခန့်ခွဲခြင်း မရှိကြောင်းနှင့် စီမံကိန်းတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တစုံတရာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

ထို့ကြောင့် စီးပွားရေး ဗဟိုဧရိယာအဖြစ် စီမံကိန်းချမှတ် ဆောင်ရွက်မှုသည် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိဟုဆိုကာ ဧပြီ ၃ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ပယ်ချခံခဲ့ရသည်။

အဆိုပါကွင်းသည် အင်္ဂလိပ် လက်ထက်တွင် မြင်းပြိုင်ကွင်းအဖြစ် ပြုလုပ်ခဲ့ရာ နေရာလည်း ဖြစ်သည်။ ထို့နောက် မြင်းပြိုင်ကွင်း အဖြစ်မှ ပယ်ဖျက်၍ ပြည်ထောင်စုနေ့ အခမ်းအနားများ ကျင်းပရာနေရာနှင့် ပြည်သူများ၏ အထိမ်းအမှတ်နေရာ ဖြစ်ခဲ့ပြီး ၁၉၆၃ ခုနှစ် မှ ၁၉၈၈ ခုနှစ်အထိ လူထုစည်းဝေးကွင်းအဖြစ် သတ်မှတ်ခဲ့ကာ နိုင်ငံတော် အထိမ်းအမှတ်ပွဲများ ကျင်းပသည့် လူထုစည်းဝေးကွင်း အဖြစ် သတ်မှတ်ခံခဲ့ရသည့် သမိုင်းဝင်နေရာ တခုဖြစ်ခဲ့သည်။

ကျိုက်က္ကဆံကွင်းသည် ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ် တခုဖြစ်ပြီး ဧက ၁၀၀ကျော် ကျယ်ဝန်းသည့် စိမ်းလန်းမြေကွင်းကြီး ဖြစ် သလို ၁၉၇၄ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့်၏ ရုပ်ကလပ်အား အမေရိကန်မှ ပြန်လည် သယ်ဆောင်ခဲ့ပြီးနောက် ထားရှိခဲ့သည့် သမိုင်းဝင်နေရာလည်း ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီ ၃၀ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကျိုက်က္ကဆံကွင်းတွင် နိုင်ငံတကာ အဆင့်မြင့် စီမံကိန်း ဆောင်ရွက် ရန် ပတ်ဝန်းကျင်း ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းနှင့် Kyaik Ka San Land (Pte) Limited ဥက္ကဋ္ဌ ဖြစ် သူ Takashi Tanaka ဦးဆောင်သည့် အဖွဲ့တို့ ဝန်ကြီးဌာနတွင် တွေ့ဆုံခဲ့ပြီးနောက် ကျိုက်က္ကဆံကွင်းရှိ အားကစားနှင့် ကာယသိပ္ပံ အဆောက်အအုံကို နိုင်ငံတကာ အဆင့်မြှင့်တင်ရန်နှင့် Central Business Distrate (CBD ) မြို့ တည်ထောင်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိခဲ့သည့်အပေါ် ဒေါက်တာ ညိုညိုသင်းက ထိုစီမံကိန်း ပယ်ဖျက်ပေးရန် အဆိုတင်သွင်းခဲ့ခြင်း ဖြစ် သည်။

ကျိုက်က္ကဆံကွင်းကြီးအား စီးပွားရေး ဗဟိုဧရိယာ အဖြစ် စီမံကိန်းချမှတ်စီစဉ်မှုနှင့် ပတ်သက်၍ ဝါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး၊ မြို့ပြပညာရှင် ဒေါက်တာကျော်လတ်၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် ရေး ကော်မရှင် ဦးသန်းမောင်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ၈၈ ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလှု့အဖွဲ့အစည်းများက ကန့်ကွက်ကြသည့် ပေးစာများကို ဒေါက်တာ ညိုညိုသင်းက ရန်ကုန်တိုင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

ကျိုက်က္ကဆံကွင်းအား စီးပွားရေး ဗဟိုဧရိယာအဖြစ် စီမံကိန်း ချမှတ်စီစဉ်မှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ပါဝင်ပတ်သက်ခြင်း မသိရှိကြောင်း လွှတ်တော်တွင် ပြောဆိုခဲ့သော်လည်း ဖေဖော်ဝါရီလ ၂ ရက်ထုတ် Weekly Eleven ဂျာနယ်ပါ Kyaik Ka San Land(Pte) Limited ဒုဥက္ကဋ္ဌ နှင့် မေးမြန်းချက်တွင် ထိုစီမံကိန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီပွားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့သည်ဟု ဖြေကြား ခဲ့သည်များကို ဖော်ပြထားသည်။

Loading