(၅) မဲဆန္ဒရှင်တွေ အနေနဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ရစေဖို့ဆိုရင် မလိုလားအပ်တဲ့ ပြင်ပဖိအားတွေ ကျရောက် မလာအောင် ကာကွယ်ပေးထားရပါမယ်။ အသပြာနဲ့ အာဏာက ရွေးကောက်ပွဲ ရွေးချယ်မှုတွေကို အဆုံးအဖြတ် ပေးနေမယ်ဆိုရင် အခြေခံဥပဒေထဲမှာ အကာအကွယ်ပေးထားတဲ့ ဒီမိုကရေစီနည်းကျ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုက “လိပ်စာရှင်ဆီ ရောက်မသွားတဲ့စာ” (dead letter) လို အဓိပ္ပါယ် ကင်းမဲ့သွားပါလိမ့်မယ်။ တကယ်လုပ်ဆောင်တဲ့ အကြမ်းဖက် ရက်စက်မှုတွေနဲ့ ခြိမ်းခြောက်ထားတဲ့ အကြမ်းဖက် ရက်စက်မှုတွေကြောင့် မဲဆန္ဒရှင်တွေက သူတို့ ရွေးချယ်ခွင့်ကို လွတ်လွတ်လပ်လပ် မကျင့်သုံးနိုင်တာလည်း ဖြစ်ကြပါတယ်။ (အဲဒီထက် ပိုနူးညံ့တဲ့ နည်းလမ်း တွေကိုလည်း သုံးနိုင်ပါသေးတယ်)။
ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ မီဒီယာအဖွဲ့အစည်းတွေကို စနစ်တကျ အကြမ်းဖက် နှိပ်ကွပ်လာရင် (၂၀၀၀ ပြည့်နှစ်တုန်းက ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ လုပ်ဆောင်ခဲ့သလိုမျိုး) အာဏာပိုင်စနစ် ကျင့်သုံးသူတွေရဲ့ ရည်မှန်းချက်တွေ အောင်မြင်ရင်လည်း အောင်မြင်သွားနိုင်ပါတယ်။ အောင်မြင်မှလည်း အောင်မြင်နိုင်မှာပါ။ ဒါပေမယ့် ဒီမိုကရေစီနည်းကျ နိုင်ငံရေးစည်း အပြင်ဘက်ကို အာဏာပိုင်စနစ် ကျင့်သုံးသူတွေ ကျော်နိုင်ဖို့ ကြိုးစားထားကြတယ် ဆိုတာတော့ ရှင်းပါတယ်။
ဆင်းရဲသား မဲဆန္ဒရှင်တွေကို “ပေးကမ်းထောက်ပံ့ပြီး ထိန်းချုပ်” တာ လုပ်လေမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေက လူနေမှုစနစ် မညီမျှတဲ့ အနေအထားတွေမှာ ရွေးကောက်ပွဲ ကျင်းပပေးရင် ပေါ်ထွက်လာတတ်ပါတယ်။ ဒါကြောင့်ပါပဲ၊ ဒီမိုကရေစီ နိုင်ငံသစ််တွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ မက္ကဆီကိုတို့မှာ ဆင်းရဲသားတွေဆီက မဲကို အကျင့်ပျက်ခြစားတဲ့ လုပ်ငန်းရှင် နိုင်ငံရေးသမားတွေက ဝယ်လေမလားဆိုပြီး ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက စိုးရိမ်ပူပန်ကြပါတယ်။
(၆) ရွေးကောက်ပွဲမတိုင်ခင် အခြေအနေတွေက လွတ်လပ်ပြီး တရားမျှတတဲ့ အနေအထားမျိုး ရောက်အောင် ဖန်တီး ပေးထားတာတွေလည်း ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးတွေ ရှိတာတောင်မှ ပြန်လည်ခွဲဝေပေးတဲ့ အကျင့်အကြံတွေ (မဲလိမ်မဲခိုးခြင်း) နဲ့ ကိုယ်စားပြု စည်းမျဉ်းစည်းကမ်းတွေ (အင်စတီကျူးရှင်းတွေက ဘက်လိုက်ခြင်း) တွေကို အသုံးချပြီး ပြည်သူတွေရဲ့ နိုင်ငံရေးစိတ်ဆန္ဒကို အားနည်းသွားအောင် ဒါမှမဟုတ် လုံး၀ ပျက်ယွင်းသွားအောင် လက်ရှိ အာဏာပိုင်စနစ် ကျင့်သုံးသူတွေက ကြိုးစားကောင်း ကြိုးစားနိုင်ပါသေးတယ်။
ရွေးကောက်ပွဲ မဲလိမ်မဲခိုးတယ်ဆိုရာမှာ ရွေးကောက်ပွဲကျင်းပရေး လုပ်ငန်းထဲကို အကျင့်ပျက်ခြစားတဲ့ အကျင့်အကြံတွေ သွတ်သွင်းတာလည်း ပါဝင်ပါတယ်။ အဲဒီလို ဖြစ်ရပ်မျိုးတွေက ရွေးကောက်ပွဲဖြစ်စဉ် အဆင့်ဆင့်တိုင်းမှာ ရှိနိုင်ပါတယ်။ မဲစာရင်း မှတ်ပုံတင်ခြင်းကနေ နောက်ဆုံး မဲရေတွက်ခြင်း အထိပါပဲ။ မဲပေးသူ မှတ်ပုံတင် ကတ်ပြားအတုလုပ်တာ၊ မဲလက်မှတ်တွေကို မီးရှို့တာ၊ အနိုင်ရစေချင်တဲ့ ပါတီနဲ့ ကိုယ်စားလှယ်တွေရဲ့ မဲတွေထဲကို ထပ်ပေါင်း ထည့်ပေးတာတွေလည်း လုပ်ကြပါသေးတယ်။ ဒီမိုကရေစီနည်းကျ တန်းတူအခွင့်အရေးဆိုတဲ့ အခြေခံမူကြီးကို ချိုးဖောက်တာတော့ အသေအချာပါပဲ။ အဲဒီလို လုပ်ရပ်တွေကြောင့် တချို့နိုင်ငံသားတွေရဲ့ မဲပေးခွင့်တွေ ဆုံးရှုံးသွားပြီး တချို့တွေရဲ့ အခွင့်အရေးကတော့ မတန်တဆ များသွားပါတယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ ဆန္ဒတွေက ပုံသဏ္ဍန် ပျက်ယွင်းသွားရတယ်လို့ ပြောနိုင်ပါတယ်။
အဲဒီတော့ အာဏာပိုင်စနစ် လက်ရှိကျင့်သုံးသူတွေက အသွင်ကူးပြောင်း ရွေးကောက်ပွဲတွေမှာ မသေချာ မရေရာမှုတွေကို ကြုံတွေ့နေရပေမယ့် ရွေးကောက်ပွဲတန်ခိုးနဲ့ပဲ ရာထူးမှာ ဆက်မြဲနေပါတော့တယ်။ ဟေတီနိုင်ငံကနေ ပီရူးနိုင်ငံ၊ ယူဂိုဆလားဗီးယား နိုင်ငံကနေ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကီနာဖာဆိုကနေ ဇင်ဘာဘွေအထိ နိုင်ငံတွေမှာ အာဏာရ ပါတီတွေက ရွေးကောက်ပွဲတွေကို လိမ်ညာလှည့်ဖျားဖို့ ကြိုးစားခဲ့၊ လိမ်ညာလှည့်ဖျားခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေ အတွင်း ကမ္ဘာတဝှမ်းလုံးမှာ မှတ်ပုံတင်ထားတဲ့ ရွေးကောက်ပွဲတွေထဲက ၈၁ ခုမှာ ကန့်ကွက် ဆန္ဒပြမှုတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။ အဲဒီ ၈၁ ခုထဲက တဝက်လောက်မှာ အတိုက်အခံပါတီတွေက လိမ်ညာခံရလို့ အာဏာမရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုယ့်ဘက်ကို ကိုယ်ပြန်ယက်တဲ့ ကိုယ်စားပြု စည်းမျဉ်းစည်းကမ်းတွေကိုလည်း အာဏာပိုင်စနစ် ကျင့်သုံး အုပ်ချုပ်သူတွေ ချမှတ်နိုင်ပါသေးတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်းတွေကြောင့် မဲတွေကို လွှတ်တော် အမတ်နေရာတွေ အဖြစ် ပြောင်းလဲလိုက်တဲ့အခါ ပြတ်ပြတ်သားသား အသာစီး ရသွားပါတယ်။ ရွေးကောက်ပွဲမှာ ဘက်လိုက်မှု အနည်းဆုံးဖြစ်အောင် ဥပဒေမူဘောင်တွေကို ချမှတ်ပေးရမှာပါ။ အဲဒီအစား သိသိသာသာ မျက်နှာလိုက်တဲ့ ပြန်လည် ခွဲဝေရေး စည်းမျဉ်းစည်းကမ်းတွေ (Redistributive rules) ကို အာဏာပိုင်စနစ် ကျင့်သုံးသူတွေ ချမှတ်ပါတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်းတွေကြောင့် မဲတွေ ရှုံးသွားပေမယ့် အာဏာ မဆုံးသွားရအောင် ကာကွယ်နိုင်လိုက်ပါတယ်။
Institutional Revolutionary Party (PRI) လက်ထက် မက္ကဆီကိုနိုင်ငံ၊ မူဂါဘီလက်ထက် ဇင်ဘာဘွေနိုင်ငံ၊ ဖရန်ဂျိုတူဂျ်မန် လက်ထက် ခရိုအေးရှားနိုင်ငံတွေမှာ လူများစု ဦးစားပေး (Majoritarian) ရွေးကောက်ပွဲ ဥပဒေတွေကြောင့် အတိုက်အခံ ပါတီတွေရဲ့ လွှတ်တော်တွင်း သြဇာအာဏာကို အနည်းဆုံးဖြစ်အောင် လျှော့ချလိုက်နိုင်ပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မက္ကဆီကိုနိုင်ငံမှာ အာဏာကို ရက်ရက်ရောရော ပေးထားတဲ့ “အုပ်ချုပ်နိုင်ခွင့်” (Governability clause) ဆိုတဲ့ ဥပဒေအပိုဒ်ငယ် ရှိခဲ့ပါတယ်။ အဲဒီအပိုဒ်ငယ်ကြောင့် စုစုပေါင်းမဲတွေရဲ့ ၃ ပုံ ၁ ပုံ ကျော်လေးလောက် ရတာနဲ့တင် လက်ရှိ အာဏာရပါတီက ပါလီမန်တွင်းမှာ Majority လူများစု အနေအထားကို ထိန်းထားနိုင်တာ တွေ့ရပါတယ်။ ကင်ညာ၊ ဂမ်ဘီယာနဲ့ မလေးရှား နိုင်ငံတွေမှာတော့ မဲရလဒ်မှာ ရှုံးနေပေမယ့် ရွေးကောက်ပွဲ နိုင်အောင် မဲဆန္ဒနယ်မြေကို စိတ်ကြိုက် ရေးဆွဲပြုပြင်တာနဲ့ မတရားသဖြင့် ခွဲဝေပေးတဲ့ နည်းစနစ်တွေကို ကျင့်သုံးတာ တွေ့ရပါတယ်။
(၇) ဒီမိုကရေစီနည်းကျ ရွေးချယ်မှု ကွင်းဆက်မှာ နောက်ဆုံးကွင်းကတော့ နောက်ကြောင်း ပြန်မလှည့််စေတဲ့ အလေ့အထပါ။ မဲဆန္ဒရှင်တွေက ရွေးကောက်တင်မြှောက်ခံရသူ ကိုယ်စားလှယ်တွေကို တကယ်စစ်မှန်တဲ့ အာဏာ ပေးလိုက်မှသာ ရွေးကောက်ပွဲတွေဆိုတာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုကို အဓိပ္ပါယ်ရှိရှိ ကျင့်သုံးဖော်ဆောင်စေနိုင်မှာ ဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက် ခံလိုက်ရတဲ့ ကိုယ်စားလှယ်တွေက အခြေခံဥပဒေလာ အာဏာတွေကို အပြည့်အ၀ ကျင့်သုံးခွင့်ရလို့ ရွေးကောက်ပွဲတွေက အနာဂတ်အတွက် အဆုံးအဖြတ် ပေးနိုင်ရင်တောင် အတိတ်က ဖြစ်ရပ်တွေအတွက် အဆုံးအဖြတ် မပေးနိုင်တာကိုလည်း တွေ့ကြုံရနိုင်ပါတယ်။ ရွေးကောက်ပွဲကနေ တက်လာတာ မဟုတ်တဲ့ လူပုဂ္ဂိုလ်တွေက ရွေးကောက် တင်မြှောက်ခံရသူတွေကို ထိန်းကျောင်းနေတာ ဒါမှမဟုတ် ရာထူးနေရာတွေကနေ ဖယ်ရှားပစ်နိုင်တယ်ဆိုရင် ရွေးကောက်ပွဲတွေက အလေးထားလောက်စရာ ဖြစ်လာမယ်မဟုတ်ပါ။
ဒီမိုကရေစီ နိုင်ငံရေးကနေ ပေးအပ်လာတဲ့ လုပ်ပိုင်ခွင့်ကို ချေဖျက်တိုက်စားနေတဲ့ ဦးဆောင်လမ်းညွှန် အာဏာ (Tutelary powers) တွေ ဘယ်လောက် အန္တရာယ်ကြီးတယ် ဆိုတာကို ဒီမိုကရေစီ နိုင်ငံသစ်တွေအကြောင်း လေ့လာနေသူတွေ သတိပြုမိထားတာ ကြာပါပြီ။ အာဏာပိုင်စနစ် ကျင့်သုံးနေသူတွေရဲ့ လမ်းညွှန် ထိန်းကျောင်းမှုအောက်မှာ ရွေးကောက်ခံ လွှတ်တော်အမတ်တွေက အခြေခံဥပဒေလာ လုပ်ပိုင်ခွင့်တွေကို စာရွက်တွေပေါ်မှာပဲ ရကြပါတယ်။ သူတို့က အရှင်သခင်တွေရဲ့ စိတ်အလိုကျအတိုင်း လုပ်ဆောင်နေကြရပြီး အဲဒီ အရှင်သခင်တွေက ဘယ်သူ့ကိုမှ တာဝန်ခံထားစရာ မလိုပါ။ ၁၉၇၄ ခုနှစ် ကာနေးရှင်းတော်လှန်ရေး ပြီးနောက် ပေါ်တူဂီနိုင်ငံ နဲ့ ပီနိုရှေး ပြုတ်ကျသွားပြီးနောက် ချီလီနိုင်ငံတို့မှာ အဲဒီလိုမျိုး စစ်တပ်ဦးဆောင်တဲ့ နိုင်ငံရေးတွေကို ဥပမာအဖြစ်နဲ့ တွေ့ရပါတယ်။
ဦးဆောင်လမ်းညွှန် အာဏာတွေထက်ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ထင်ရာစိုင်း လုပ်ဆောင်တာကတော့ အာဏာသိမ်းမှုတွေပါပဲ။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ရဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်ခွင့် မရအောင် ဒါမှမဟုတ် အခြေခံဥပဒေမှာ ခွင့်ပြုထားတဲ့ သက်တမ်း မကုန်ဆုံးခင် ထွက်ခွာသွားရအောင် လုပ်ပြီး ရွေးကောက်ပွဲရလဒ်တွေ ပျက်ပြယ်သွားအောင် ဒီမိုကရေစီနည်းမကျတဲ့ ပုဂ္ဂိုလ်တွေက လုပ်ဆောင်နေတာပါ။ ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းပြန်လှန်ပစ်ပြီး ရွေးကောက်ပွဲကို ပျက်ပြယ်သွားအောင် လုပ်ဆောင်တာက ရွေးကောက်ပွဲဟန်ပြ အာဏာပိုင်စနစ်ဆီကို ဦးတည်သွားမယ် မဟုတ်ပါ။ ရွေးကောက်ပဲွဲမရှိတဲ့ အာဏာပိုင်စနစ်ဆီကိုသာ ရောက်သွားမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စာရင်းချရေးကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်တွေလည်း ပေါ်ထွက်လာပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးချယ်မှုကို ကွင်းဆက်တခုနဲ့ တင်စားပြီးပြောခဲ့ပါတယ်။ ဓလေ့ထုံးစံတွေကို ကွင်းဆက် အနေအထားနဲ့ပါ ဆက်ပြောရရင်တော့ ရွေးကောက်ပွဲတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ မဟာဗျူဟာတိုင်းက အကျိုးသက်ရောက်ပုံချင်း အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ယူဆတာကရော ဘယ်လောက် အတိုင်းအတာအထိ မှန်ကန်လဲဆိုတာကို ဆက်ပြီး မေးခွန်းထုတ်ရပါဦးမယ်။ ပြိုင်ဘက်တွေကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ပိတ်ပင် တားမြစ်တာက ပြိုင်ဘက်တွေရဲ့ မဲကို ငွေပေးဝယ်တာနဲ့ တူပါသလား။ ပြည်သူပိုင် မီဒီယာကို လိုသလို စိတ်ကြိုက် အသုံးချတာက ရွေးကောက်ပွဲရလဒ်ကို လိမ်ညာတာနဲ့ တူပါသလား။
ရွေးချယ်မှု ကွင်းဆက် အလိုအရ ဆိုရင်တော့ အာဏာပိုင်စနစ် ကျင့်သုံးသူတွေရဲ့ ကျူးလွန်ချိုးဖောက်မှုတွေက လက်တွေ့ အနေအထားမှာ အကျိုးသက်ရောက်တာ တူပါတယ်။ အဲဒီလိုသာ တူမယ်ဆိုရင် သူတို့က လေမှုတ်အော်ဂင်တခုရဲ့ ပိုက်တွေလို အလုပ်လုပ်မယ်လို့ ယူဆရပါတယ်။ တချို့ပိုက်တွေကို ပိတ်ထားမယ်ဆိုရင် တချို့ကိုတော့ ဖွင့််ထားဖို့ လိုပါတယ်။ ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး ရွေးကောက်ပွဲတွေကို လိုသလို ပြင်ဆင်ပြောင်းလဲနိုင်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ နည်းလမ်းတွေ အများကြီးထဲကနေ အဆင်ပြေ သင့်တော်မယ့်ဟာကို ဘယ်လို အခြေအနေတွေမှာ ဘယ်လောက် အတိုင်းအတာအထိ အာဏာပိုင်စနစ် ကျင့်သုံးသူတွေက ရွေးချယ်နိုင်ခွင့်ရှိလည်း ဆိုတာကို ဆက်ပြီးမေးရမှာပါ။ ဘယ်လို နည်းလမ်းတွေကိုတော့ ပေါင်းစပ်လို့ ဖြစ်နိုင်မလဲ အောင်မြင်နိုင်မလဲ၊ ဒီမိုကရေစီ မဆန်တဲ့ မဟာဗျူဟာတွေရဲ့ အကျိုးဆက်တွေကရော လက်တွေ့ဖြစ်နိုင်မလား အောင်မြင်နိုင်မလား ဆိုတာကိုလည်း မေးရမှာပါ။
ဘယ်လို အခြေအနေမျိုးမှာတော့ဖြင့် ဘယ်လို မဟာဗျူဟာတွေကို အာဏာပိုင်စနစ် ကျင့်သုံးသူတွေ ချမှတ် အကောင်အထည် ဖော်နေကြလဲ၊ ဘယ်လို အခြေအနေမျိုးတွေမှာတေ့ာဖြင့် ရပ်လိုက်လဲ၊ မဟာဗျူဟာတွေ တခုတည်းကိုလား ဒါမှမဟုတ် အများကြီးကို ချမှတ် အကောင်အထည် ဖော်နေတာလား ဆိုတဲ့မေးခွန်းတွေကို နိုင်ငံရေးအခြေအနေချင်း နှိုင်းယှဉ်လေ့လာသူ ပညာရှင်တွေ မဖြေနိုင်တာကတော့ အားလုံးအတွက် ကံမကောင်းတာပါပဲ။
PRI ပါတီ တခုတည်း ကြီးစိုးခဲ့တဲ့ မက္ကဆီကိုနိုင်ငံ အကြောင်းကတော့ လေ့လာရာမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန်တုန်းက တိုင်းပြည်အပေါ် အာဏာရပါတီ ဖြန့်ကျက်လွှမ်းခြုံထားတဲ့ ထိန်းချုပ်ရေး ကွန်ရက်ကြီးမှာ အရပ်ဘက် လွတ်လပ်မှုတွေကို ကန့်သတ်တာကနေ ပြိုင်ဘက်နိုင်ငံရေး အုပ်စုတွေကို ဖယ်ထုတ်တဲ့ ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းတွေအထိ ပါဝင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေ အစောပိုင်းမှာတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ခွင့်ပြုဖို့ PRI ပါတီ ဖိအားပေးခံရပါတယ်။ ဖိအားတွေကို ပထမဆုံး တုံ့ပြန်ဆောင်ရွက်တာကတော့ အတိုက်အခံပါတီတွေကို အောင်မြင်မှုမရအောင် လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲ မဲလိမ်မဲညာမှုတွေကို ရပ်တန့်ပေးလို်က်တာပါ။ ရွေးကောက်ပွဲ သန့်ရှင်းအောင်လုပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်ရသွားတော့ ရွေးကောက်ပွဲတွေကို တခြားနည်းတွေနဲ့ ထိန်းချုပ်ဖို့ PRI ရဲ့ မဟာဗျူဟာတွေလည်း ပြောင်းလဲသွားပါတယ်။
အဲဒါတွေကတော့ နိုင်ငံတော်ပိုင် အရင်းအမြစ်တွေနဲ့ မီဒီယာကို အာဏာရပါတီကပဲ မောင်ပိုင်စီး အသုံးချလာတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ မီဒီယာတွေ ပိုမိုပွင့်လင်းလာပြီး အတိုက်အခံတွေရဲ့ သတင်းစကားတွေကို ပိုမိုနေရာပေး ဖော်ပြလာ ရွေးကောက်ပွဲကွင်းပြင်က ပိုပြီးညီညာ ပြန့်ပျူးလာတော့ ဒေသခံ PRI ခေါင်းဆောင်တွေက သူတို့ရဲ့ နောက်ဆုံးဖဲချပ်ကို ထုတ်သုံးလာပါတော့တယ်။ အဲဒါကတော့ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက် အကျပ်ကိုင်တာတွေ၊ မဲဝယ်တာတွေပါ။ အများစုကတော့ ထိရောက်မှု မရှိဘူးလို့တော့ ပြောနိုင်ပါတယ်။ အဲဒီလို ထိရောက်မှုမရှိတာက သိပ်ပြီးတော့လည်း အံ့သြစရာတော့ မဟုတ်သလိုပါပဲ။ ဒါပေမယ့် အဲဒီလို ထိရောက်မှုမရှိတာက ယေဘုယျကျသလား၊ ဒါမှမဟုတ် မက္ကဆီကို တနိုင်ငံတည်းမှာပဲ ကွက်ပြီး ဖြစ်နေတာလား ဆိုတာတော့ ကျနော်တို့ ပညာရှင်တွေ မသိသေးပါ။
(ဆက်လက်ဖော်ပြပါမည်)
အင်ဒရီးစ် ရှယ်ဒလာ (Andreas Schedler) သည် မက္ကဆီကိုမြို့၊ Facultad Latinoamericana de Ciencias Sociales (FLACSO) မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ တယောက်ဖြစ်ပြီး Committee on Concepts and Methods of the International Political Science Association တွင်လည်း ဥက္ကဋ္ဌဖြစ်သည်။ ဤစာတမ်းကို ဘာသာပြန်သော Educational Initiatives (ပညာရှေ့ဆောင်) အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)