ဖက်ရှင်ရှိုးပွဲ တခု၏ စင်မြင့်နောက်တွင် အမျိုးသမီး ငယ်လေးများ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ မော်ဒယ်လ်များက အဝတ်လဲခန်း အတွင်းမှ မှန်ထဲကို ကြည့်ရင်း သူတို့၏ မျက်နှာများကို စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင် ခြယ်သနေကြ သည်။
မြန်မာနိုင်ငံမှ ထိပ်တန်း ဒီဇိုင်နာများ ချုပ်လုပ် ပေးထားသည့် ဂါဝန်များကို ဝတ်ဆင်ပြီး လျှောက်လမ်းပေါ်သို့ မတက်မီ နောက်ဆုံး ပြင်ဆင်မှု ပြုလုပ်နေ ကြခြင်း ဖြစ်သည်။ ပြည်တွင်း ဒီဇိုင်နာများ စုပေါင်းပြုလုပ်သည့် ယခုရှိုးပွဲတွင် တကြိမ် လျှောက်လျှင် သူတို့ ကျပ် ၁ သိန်းခန့် ရပါသည်။ ပျမ်းမျှ တလ လုပ်အားခ ကျပ် ၁ သိန်းခွဲကျော်ခန့်သာ ရရှိသည့် နိုင်ငံတနိုင်ငံတွင် နည်းပါးသည့် ပမာဏတော့ မဟုတ်ပါ။ သို့သော်လည်း သူတို့က ငွေကြေး အတွက် သက်သက် လုပ်နေကြခြင်း မဟုတ်ပါ။ သူတို့ကို လူသိများစေဖို့ လုပ်နေကြခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးများ နိုးထလာသည့် အချိန်တွင် ဖက်ရှင်သည် လည်း စီးပွားရေးတခု အဖြစ် ဖွံ့ဖြိုး လာခဲ့သည်။ နှစ်ပေါင်းများစွာ စီးပွားရေး တံခါးပိတ်ထားခဲ့ ပြီးနောက် အစိုးရက လုပ်ငန်း အများအပြားကို လွတ်လပ်ခွင့် ပေးခဲ့သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက် လာရေးကို အင်အားဖြစ်စေရန် အတွက် ပြင်ပကမ္ဘာ နိုင်ငံများနှင့်လည်း ဆက်ဆံရေးကို ပုံမှန်ဖြစ်လာ အောင် ပြုလုပ်ခဲ့သည်။ လျင်မြန်သော ပြောင်းလဲမှုက ထင်ရှားသူများကို သာမက စီးပွားရေး လုပ်နည်း လုပ်ဟန်ကိုပါ သက်ရောက်စေခဲ့သည်။
ယနေ့အချိန်တွင် လူငယ်လူရွယ်များ အနေဖြင့် ကမ္ဘာကျော်အမှတ် တံဆိပ်တပ် အဝတ်အထည်များ၊ အလှကုန်ပစ္စည်း များကို မြင်တွေ့နေကြရပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ဖြစ်သော ရန်ကုန်မြို့မှ ဒီဇိုင်နာများကလည်း ဒေသတွင်းတွင် အများတန်းတူ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်လာကြသည်။ ထို့ပြင် ငယ်ရွယ်သော မိန်းကလေးများ ကလည်း ယခင်က ထက်ပို၍ ကြော်ငြာလှုပ်ရှားမှုများ၊ ဖက်ရှင်ရှိုးပွဲများ၊ အလှမယ် ပြိုင်ပွဲများတွင် ပါဝင်ခြင်း အားဖြင့် မော်ဒယ်လ်လောကထဲသို့ ဝင်ရောက်လာကြသည်။ သို့သော်လည်း သူတို့အများစု အတွက် ကုန်ကျစရိတ် တခု ရှိနေသည်။
ဆယ်ကျော်သက် အရွယ်သာ ရှိသေးသည့် မေမြတ်နိုးက မြန်မာနိုင်ငံတွင် လူသိအများဆုံး မော်ဒယ်လ်များထဲမှ တယောက်ဖြစ်ပါသည်။ ထို့ပြင် ဒီလောကအတွင်းမှာ ရှိလေ့ရှိထရှိသည့် စော်ကားမှုနှင့် ခေါင်းပုံဖြတ်မှုတို့မှ လွတ်မြောက်လာခဲ့သူ တယောက်အနေနှင့် လူသိများထားသူလည်း ဖြစ်ပါသည်။
ကိုယ်ခန္ဓာ ခွဲစိတ်ပြုပြင်ခြင်းမှသည် လိင်အလုပ် စေခိုင်းခြင်း အထိ မေမြတ်နိုး ရင်ဆိုင်ခဲ့ရသည့် အဖြစ်အပျက်များက ဒီနေ့ခေတ် ရေစီးကြောင်းထဲမှ နိုင်ငံတကာနှင့် ဆက်စပ်နေရသည့် လုပ်ငန်းများတွင် ပါဝင်နေကြသော မိန်းကလေး များ၏ စိတ်ကူးအိပ်မက်များ အတွက် အတားအဆီးများ ရှိနေသည်ကို ဖော်ပြနေသည်။ စိတ်အားထက်သန်နေသည့် အလှမယ်များ အတွက် သူတို့၏ မိခင်နိုင်ငံတွင် အောင်မြင်မှုရရန် ကြိုးစားနေသည့် အစောပိုင်း ကာလများတွင်ပင်လျှင် အဆိုပါ ဖိအားများကို စတင် ခံစားကြရသည်။
မြန်မာနိုင်ငံက အဆင့်မြင့် ဖက်ရှင်နှင့် ပတ်သက်၍ ကိုယ်ပိုင် အမှတ်တံဆိပ်ကို ထူထောင်နိုင်ရန် စတင်ကြိုးစား နေသည့် အချိန်တွင် အမျိုးသမီးငယ် အချို့ကလည်း ကျော်ကြားမှု (သို့မဟုတ်) ပိုမို အရေးကြီးသည့် ခိုင်မာသော ဝင်ငွေကို ရှာဖွေနေကြသည်။ သို့သော်လည်း ကျော်ကြားမှုကို ရှာဖွေသည့် လမ်းတွင် အားနည်းချို့ယွင်းချက်များ ရှိနေသည်။ ရေပန်းစားမှု တိုးလာသည့်တိုင် စနစ်တကျ မရှိသေးသည့် လုပ်ငန်း ကဏ္ဍတွင် စွန့်စားရမှုများကို အားလုံးနီးပါး တွေ့ကြုံ ကြရသည်။
“ကျမ မယ်မြန်မာ တယောက်ဖြစ်ချင်တယ်” ဟု အသက် ၁၆ အရွယ် မေမြတ်နိုးမြတ်အိန္ဒြေက ပြောသည်။ သူက ပြည်တွင်းတွင် ပြုလုပ်နေသော မယ်ပြိုင်ပွဲများထဲမှ တခုခုတွင် သရဖူရချင်သည်။ Talents and Models ရှိ ရည်မှန်းချက်ကြီးသော မော်ဒယ်လ်များထဲမှ တယောက်ဖြစ်သည့် မြတ်အိန္ဒြေက အားလုံးကို ယှဉ်ပြိုင်ဖို့ စိတ်ပိုင်း ဖြတ်ထားသည့် အသွင် ရှိသည်။
လက်ရှိ အချိန်တွင် ရန်ကုန်အခြေစိုက် မော်ဒယ်လ် အေဂျင်စီ အမြောက်အမြားက မြန်မာနိုင်ငံတွင် စတင်ထွန်းကား လာနေသည့် အလှမယ်နှင့် မော်ဒယ်လ်လောကသို့ ဝင်ရောက်ရန် နည်းလမ်း ရှာဖွေနေသူများ အတွက် ဝန်ဆောင်မှု ပေးနေကြသည်။ အဆိုပါ လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရှိနေခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ပြီးခဲ့သည့် နှစ် အနည်းငယ် အတွင်းတွင် ၎င်းတို့၏ ဝန်ဆောင်မှုများ အတွက် တောင်းဆိုမှုများ သိသိသာသာ မြင့်တက် လာခဲ့သည်။
မော်ဒယ်လ် သင်တန်းများက ကိုယ်ဟန်ပြနည်းများ၊ အလှအပရေးရာ သိမှတ်စရာများနှင့် နိုင်ငံတကာ ကျင့်ဝတ် ထုံးတမ်းများကို ပင်လျှင် သင်ကြား ပြသပေးနေသည်။ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပါဝင်နိုင်ရေးက တကယ့် ရည်မှန်းချက် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အလှမယ် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် သူများနှင့် ဖက်ရှင်ရှိုးပွဲများတွင် ပါဝင်သည့် အမျိုးသမီးများက အတူတူပင်ဖြစ်သည်။
နာမည်ကြီး မော်ဒယ်လ်များက ဖက်ရှင်ရှိုးပွဲတွင် လမ်းလျှောက်ပြခြင်းဖြင့် ဒေါ်လာ ၅၀ မှ ၁၀ဝ အတွင်း ရရှိနိုင်သည်။ ထိပ်တန်း နိုင်ငံတကာ မယ်ပြိုင်ပွဲများတွင် အနိုင်ရရှိသူများ အတွက်မူ အိမ်အပြန်တွင် ဒေါ်လာထောင် နှင့်ချီ၍ ယူဆောင်လာနိုင်မည် ဖြစ်သည်။ ပြည်တွင်း ဖက်ရှင်ရှိုးပွဲများ စီစဉ်ပြုလုပ်လေ့ရှိပြီး နိုင်ငံတကာ ပြိုင်ပွဲများနှင့် အဆက်အသွယ်ရှိသော မော်ဒယ်လ် အေဂျင်စီများက ထိုလောကကို ဝင်ရောက်ခွင့်ပေး နိုင်သည့် တံခါးစောင့်များ ဖြစ်သည်။
သို့သော်လည်း အဆိုပါအေဂျင်စီများက အမျိုးသမီးငယ်များကို ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိအောင် သင်ပြပေးနိုင် သလို လုပ်ငန်း၏ စံနှုန်းနှင့် မဆီလျော်သည့် လုပ်ရပ်အချို့ ပြုလုပ်ရာတွင်လည်း အကူအညီ ပေးနိုင်ကြသည်။ ကိုယ်စားလှယ်များက ခွဲစိတ်ပြုပြင်မှု ခံယူရန် ကူညီပေးကြပြီး တခါတရံ နိုင်ငံခြားမှ ခွဲစိတ် ပြုပြင်ပေးသည့် ကုမ္ပဏီ များထံမှ ပွဲခရရှိလေ့ရှိ သည်ဟု Talents and Models ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်တင်မိုးလွင်က ပြောသည်။
“မိန်းကလေးတွေကို ခွဲစိတ်ပြုပြင်ဖို့ တွန်းအားပေးနေတဲ့ ထိုင်းနဲ့ တောင်ကိုရီးယား နိုင်ငံများက ကုမ္ပဏီတွေက များသည်ထက် များလာတယ်” ဟု သူက ပြောသည်။ ကုမ္ပဏီများက အမျိုးသမီးငယ်များကို သူတို့၏ မန်နေဂျာ များမှ တဆင့် ချဉ်းကပ်ကြသည် ဟုလည်း ရှင်းပြသည်။
မြန်မာနိုင်ငံတွင် မော်ဒယ်လ်အဖြစ် လုပ်ကိုင်နေသူ မိန်းကလေးများ၏ ၃ ပုံ ၂ ပုံ ခန့်က ခွဲစိတ်ပြုပြင်မှု တမျိုးမျိုးကို ပြုလုပ်ထား ကြသူများ ဖြစ်သည်ဟု ဒေါ်တင်မိုးလွင်က ခန့်မှန်းခဲ့သည်။ ယခုဆောင်းပါး အတွက်တွေ့ဆုံ မေးမြန်း ခဲ့သော ရန်ကုန်မြို့ရှိ ခွဲစိတ် ဆေးခန်းတခုမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတဦးက မော်ဒယ်လ်များထဲတွင် ရေပန်းစား သော ပြုပြင်မှုမှာ နှာခေါင်းနှင့် မျက်ခွံခွဲစိတ်ပြုပြင်ခြင်း ဖြစ်သည်ဟု ပြောသည်။ ဥရောပတိုက်သူတို့ နှင့် ပိုတူလာစေရန် ဖန်တီးခြင်း ဖြစ်သည်။
မော်ဒယ်လ်လောက အတွင်းမှ အမျိုးသမီးငယ်များသည် သူတို့၏ အဝတ်အစားနှင့် မိတ်ကပ် အတွက် ကိုယ်ပိုင်ငွေဖြင့် ဝယ်ယူကြရပြီး ဓာတ်ပုံရိုက်ရန် အတွက်ပင် မိမိပိုက်ဆံဖြင့် စီစဉ်ကြရသည်။
ငွေကြေး မပြည့်စုံသည့် မိသားစုမှ မိန်းကလေးများသည် တခြားနည်းလမ်းဖြင့် ငွေကြေး ရှာဖွေရန် မျှော်လင့်ကြရသည်။ မော်ဒယ်လ်ဟောင်း တယောက် ဖြစ်ပြီး ယခုအခါ စီးပွားရေး လုပ်ငန်း စီမံခန့်ခွဲသူတဦး အဖြစ်လုပ်ကိုင်နေသည့် အသက် ၂၃ နှစ် အရွယ် Jessica chae က ကျင့်ဝတ်သိက္ခာ မရှိသည့် ကိုယ်စားလှယ်များသည် ပြည့်တန်ဆာ ခေါင်းထက် အနည်းငယ်မျှသာ သာပြီး သူတို့၏ မော်ဒယ်လ် မိန်းကလေးများကို ငွေကြေး ချမ်းသာသည့် ယောက်ျားများနှင့် ဟိုတယ်များတွင် ဆုံတွေ့နိုင်အောင် စီစဉ်ပေးကြသည် ဟု ပြောသည်။
ဤသို့ အပေးအယူ လုပ်ရခြင်းမျိုးကို ရှောင်လွှဲရန် မဖြစ်နိုင်ဟုလည်း Jessica Chae က ပြောသည်။ သို့သော်လည်း ဒေါ်တင်မိုးလွင်ကမူ သူ၏ ကျောင်းသူများကို ကြည့်ရှု စောင့်ရှောက်ကြောင်းနှင့် ထိုသို့သော အချိန်းအချက် ပြုလုပ်ခြင်း များ၏ အန္တရယ်ကို သတိပေးထားကြောင်း ပြောသည်။
“ဘာကြောင့်လဲ ဆိုတော့ အခြေအနေကအရမ်းကို အသစ်ဖြစ် နေတယ်။ ဒီစနစ်က ဘယ်လို အလုပ် လုပ်တယ်၊ အမှန်တကယ် လုပ်ရမှာက ဘာတွေဖြစ်တယ် ဆိုတာကို လူတွေက အတွေ့အကြုံသိပ်ပြီး မရှိကြသေးဘူး” ဟု နိုင်ငံတကာ အဆင့်အတန်းနှင့် ပိုမိုကိုက်ညီသည့် မော်ဒယ်လ် စီးပွားရေးလုပ်ငန်း ဖြစ်လာရေးကို ရည်ညွှန်း၍ ဒေါ်တင်မိုးလွင်က ပြောသည်။
“ဒီနေ့ခေတ်မှာ မိန်းကလေး အမြောက်အမြားက ကျော်ကြားချင်ကြ တယ်။ လူတွေက သူတို့ကို ဖြတ်လမ်း နည်းတွေ ပေးတယ်။ ဒါပေမယ့် ဖြတ်လမ်းနည်းတွေက သိပ်ကို အန္တရာယ်ကြီး နိုင်ပါတယ်” ဟု သူက ဆိုသည်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့လယ်ရှိ Strand ဟိုတယ်၏ ခန်းမဆောင်၌ ကျင်းပသည့် Miss Myanmar World ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်တွင် အမျိုးသမီးငယ် ၁၉ ဦး ဝင်ရောက် ယှဉ်ပြိုင်နေကြသည်။ ရုပ်မြင်သံကြားမှလည်း ပြသနေသည့် အဆိုပါပြိုင်ပွဲတွင် အနိုင်ရရှိ သူက မယ်မြန်မာသရဖူကို ရရှိမည် ဖြစ်ပြီး မယ်ကမ္ဘာ (Miss World) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ပါသည်။
တချိန်တည်းတွင် ရန်ကုန်မြို့တွင်းမှ များစွာ မဝေးသည့် နေရာများရှိ အရက်ဆိုင်များတွင်လည်း ဆွဲဆောင်မှုရှိသည့် ရှိုးပွဲများ ပြုလုပ်လျက်ရှိသည်။ အရက်ဘားများတွင် အမျိုးသမီးငယ်လေးများက ဧည့်သည်များရှေ့တွင် တန်းစီ လမ်းလျှောက် ပြရသည့် မော်ဒယ်လ်ရှိုးပွဲများ ပြုလုပ်ပေးနေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
ဂုဏ်သိက္ခာရှိသော မော်ဒယ်လ်အေဂျင်စီများနှင့် အဆက်အသွယ် မရှိသည့် မိန်းကလေးများ အတွက် အဆိုပါပွဲများ တွင် ပါဝင်ခွင့်ရရှိခြင်းသည် သူတို့ အတွက် လမ်းစတခု ဖြစ်စေရန် မျှော်လင့်ချက် ဖြစ်သည်။
အရက်ဘားများက တညလျှင် မိန်းကလေးအဖွဲ့ အမြောက်အမြားကို လက်ခံပေးနိုင်သည်။ ထို မိန်းကလေးများက ပြည်တွင်းမှ ပေါ့ပ်သီချင်းများ၊ သို့မဟုတ် အနောက်တိုင်း သီချင်းဟောင်းများကို သီဆိုပြခြင်း၊ အမြင် မတင့်တယ်သည့် ကကွက်များ ကပြခြင်းအားဖြင့် ပရိသတ်များကို ဖျော်ဖြေကြရသည်။
ဖျော်ဖြေမှု၏ တစိတ်တပိုင်း အနေဖြင့် ဖောက်သည်များက မော်ဒယ်လ်များကို ပန်းကုံးများ ပေးနိုင်သည်။ စားပွဲထိုး များမှ တဆင့် ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ မိမိရွေးချယ်သည့် မိန်းကလေး၏ လည်ပင်းတွင် ဆွဲပေးလေ့ ရှိသည်။ ပန်းကုံး၏ တန်ဖိုးမှာ ကျပ် ၅ ထောင်ခန့်ရှိပြီး ငွေကို အရက်ဆိုင်နှင့် မော်ဒယ်လ်တို့ ခွဲဝေယူကြရသည်။ သူတို့ ရွေးချယ်ထားသည့် မိန်းကလေးများနှင့် ဧည့်သည်များ မိနစ်အနည်းငယ်မျှ စကားပြောနိုင်ရန်လည်း ငွေပေးရသည်။ ထိုသို့ ပြောဆိုခြင်းသည် ဧည့်သည်က သူနှင့် ကြာကြာနေပေးရန် စည်းရုံးခြင်းနှင့် သီးသန့်တွေ့ဆုံရန် ချိန်းဆိုခြင်း များအတွက် ဖြစ်လေ့ ရှိပါသည်။ တခါတရံ ဧည့်သည်များက မိန်းကလေးများကို ကြည့်ရန် ညစဉ် ရောက်လာတတ် ကြပြီး တရားမဝင် ဖောက်သည်တမျိုး ဖြစ်လာကြသည်။
ဖျော်ဖြေရေးအဖွဲ့ တခုနှင့် ဆက်သွယ်လာသော မိန်းကလေး အချို့က တရားဝင် မော်ဒယ်လ် အဖြစ် လုပ်ကိုင်နိုင်ရေး ဆိုသည့် ရည်မှန်းချက်ဖြင့် ငွေကြေး တတ်နိုင်သော ဖောက်သည်များက ဓာတ်ပုံရိုက်ရာတွင် ငွေကြေးထုတ်ပေးရန်၊ တရားဝင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ရေး အတွက် ပွဲစားနှင့် ဆက်သွယ်ပေးရန် မျှော်လင့်ကြ သော်လည်း မမိုးအေး ကဲ့သို့သော မိန်းကလေးများကတော့ မိသားစုကို ထောက်ပံ့ ပေးနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
အနက်ရောင် စကပ် တိုတိုကျပ်ကျပ်နှင့် အဝါရောင် တီရှပ် ဝတ်ဆင်ထားသော မမိုးအေးက အသက် ၂၀ ရှိပြီ ဟု ပြောသော်လည်း ဒီထက်အများကြီး ပိုငယ် နေပုံရသည်။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်း ပြည်နယ်မှ နေ၍ မိသားစုကို ခွဲခွာပြီး ရန်ကုန်မြို့ကို သူရောက်လာခဲ့သည်။ သူရှာဖွေ၍ ရရှိသည့် ငွေ အများစုကို မိသားစုထံသို့ မမိုးအေးပြန် ပို့ပေးပါသည်။ ကုန်တင်ကား မောင်းသူတဦး ဖြစ်သော သူ့ဖခင်ထက် သူက ပိုက်ဆံပိုရသည်ဟု ဆူညံနေသည့် ဂီတသံများ ကြားတွင် မမိုးအေးက ပြောပြသည်။
“ပန်းကုံး တခုတည်းနဲ့ ကျမ တလကို ကျပ် ၂ သိန်းလောက် ရှာနိုင်တယ်” ဟု သူက ဆိုသည်။
မေမြတ်နိုး မြတ်အိန္ဒြေက Miss Asia Pacific World ဘွဲ့ကို စွန့် လွှတ်ခဲ့ရသူ မေမြတ်နိုးကတော့ ဖက်ရှင်ရှိုးပွဲ တခုတွင် ပရိသတ်အတွင်းမှသာ ကြည့်နေခဲ့သည်။ ရေရှည်တွင် ပွဲကြည့်ပရိသတ် တယောက်အဖြစ် ဆက်သွားမည် မဟုတ်ပါ။ ရုပ်ရှင်မင်းသမီး တယောက် အဖြစ် သူ့နည်းသူ့ဟန်ဖြင့် ဆက်လက်လှုပ်ရှားသွား နိုင်ရန် မျှော်လင့်ထားသည်။
“ကျမ ဆိုးရွားတဲ့ အတွေ့အကြုံတွေ တွေ့ခဲ့ပြီးပြီ။ ကျမရဲ့ လုပ်နိုင်စွမ်းကိုလည်း သိပါတယ်”ဟု သူက ပြောသည်။ ယခုအချိန်မှ စ၍ သူ့မိခင်က သူ၏ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်မည် ဟုလည်း ရှင်းပြသည်။
သို့သော်လည်း စွန့်စားရမှာတွေ ကတော့ ကျန်သေးသည်။ မော်ဒယ်လ်နှင့် အလှမယ် လုပ်ငန်း လောက၏ အဆင့်အတန်းကို အားပေးမြှင့်တင်ရမည့် အစားနိုင်ငံတကာ ပြိုင်ပွဲများက ငယ်ရွယ်သော မိန်းကလေးများကို ခေါင်းပုံဖြတ် အမြတ်ထုတ်မည့် အလားအလာတွေ မြင့်တက်လာသည်။
ထို့ကြောင့်လည်း မေမြတ်နိုးက အဆီအငေါ် မတည့်သော အလေ့အထများကို ခွင့်ပြုပေးခဲ့သော အဖွဲ့အစည်းများနှင့် ကိုယ်စားလှယ်များကို မမှီခိုတော့ခြင်း ဖြစ်သည်။
မေမြတ်နိုးက နာမည်တခုကို ကိုယ်တိုင် ထူထောင်နိုင်ခဲ့ပြီ ဖြစ်သည်။ မော်ဒယ်လ်နှင့် အလှမယ် လောက အတွင်းမှ မကောင်းသည့် အင်အားများကို ခုခံနိုင်မည့် ရှားရှားပါးပါး နေရာတခုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ထပ် ထွက်ပေါ်လာနေသည့် အလှမယ် အများစုမှာတော့ သူ့လို အခွင့်အရေးမျိုး ရှိ၊ မရှိ မသေချာလှပါ။
(၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က Foreign Policy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် Fiona Macgregor ၏ I want to be a Miss Myanmar ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)