သင်္ကြန်ဆိုရင် ကဲရမယ်၊လန်းရမယ်၊မြူးရမယ်ဆိုတာ လူငယ်၊လူရွယ်တွေကြားမှာ ပြောစရာမလိုအောင် အလိုလို ကြို ရောက် နှင့်နေတဲ့ အတွေးတခုဆိုရင်မမှားပါဘူး။ကဲဖို့ လန်းဖို့ မြူးဖိုဆိုတာတွေနဲ့ အတူ တွဲတွဲ ပါလာတာက အရက်၊ဘီယာနဲ့ မူးယစ်ဆေးတွေပါပဲ။အရင်က အရက်၊ဘီယာ လောက်ကိုသာ သုံးစွဲမှုများပြီး သင်္ကြန်ကို ဆင်နွှဲကြပေမယ့် အခုနောက် ပိုင်းနှစ် တွေမှာတော့ မြူးတဲ့ လန်းတဲ့ စိတ်ကြွ ဆေးတွေကို သုံးစွဲရင်း ဆင်နွှဲလာကြပါတယ်။
အခုဆိုရင် စိတ်ကြွဆေးတွေဟာ ရန်ကုန်မှာ ပိုပိုပေါလာပြီး ဝယ်ယူရတဲ့ ဈေးနှုန်းကလည်း အရမ်းသက်သာ လာတယ်လို့ သုံးစွဲသူ အချို့ဆီက သိရပါတယ်။ ရန်ကုန်မြို့တွင်း ရပ်ကွက်တခုက သုံးစွဲသူတဦးက “အခု အသီး (WY) ကပိုပေါ လာ တယ်။ အလွယ်တကူ လည်း ရနေပြီ။ ပြီးခဲ့တဲ့နှစ်အထိ ၁လုံးကို ၅ထောင်၊ အခုက ၃ထောင်ပဲ ရှိတော့တယ်။ အဲဒီထက် မပိုတော့ဘူး” လို့ ပြောပါတယ်။
သူတို့လောကအခါ် အသီး WY(Amphetamines) စိတ်ကြွဆေးတွေကို ရန်ကုန်မှာ အရည်အသွေး အမျိုးမျိုး၊ ဈေးနှုန်း အမျိုးမျိုး နဲ့ ဝယ်ယူသုံးစွဲနေကြပြီး ယိုးဒယားနယ်စပ်၊ အိန္ဒိယနယ်စပ်နဲ့ ရှမ်းပြည်နယ် တွေကနေ ဝင်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ အသီးကို ယိုးဒယားသီး၊တမူးသီး၊ ရှမ်းသီးဆိုပြီး ခွဲခြားခေါ်ကြတာတွေရှိသလို အရည် အသွေးအလိုက် 88 ၊ WY အတည့် ၊ WY အစောင်း လို့ ခေါ်ယူ သုံးစွဲနေကြ တာတွေလည်း ရှိပါတယ်။ 88 အသီးကတော့ ဈေးအကြီးဆုံးလို့ ဆိုပါ တယ်။
ကလပ်တွေမှာ မြူးဖို့ သုံးစွဲကြသလို သင်္ကြန်မှာလည်း မြူးဖို့ သုံးစွဲကြတာတွေနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ အသီး သုံးစွဲနေသူတွေဟာ သူတို့ မတက်ကြွဘဲ နေရတဲ့ အခြေအနေကို မကြိုက်ကြ တော့ဘူးလို့ ဆိုကြပါတယ်။
သုံးစွဲနေသူတဦးက “အသီးချတော့ တက်ကြွနေတယ်။ မချရင် မတက်ကြွတော့ဘူး။ မတက်ကြွဘဲ ဖြစ်နေတာကြီးကို မုန်း တယ်။ လူက အမြဲတမ်းတက်ကြွနေချင်တယ်။အဲ့တော့ ပြန်ချတယ်” ဟု ပြောသည်။
အခြား စိတ်ကြွဆေးအခြားအမျိုးနွယ်တခုဖြစ်တဲ့ (Methamphetamine) သူတို့လောကအခေါ် Ice ဟာလည်း ရန်ကုန်မှာ သုံးစွဲမှု တွင်ကျယ်ပါတယ်။သူကတော့ ဂရမ်နဲ့ ရောင်းတာဖြစ်ပြီး အခုချိန်မှာ ၁ဂရမ်ကို ၁သိန်းနီးပါး ရှိတယ်လို့ သုံးစွဲသူတွေ ဈေးကွက်က သိရပါတယ်။ဒါပေမယ့် ဈေးနှုန်းမြင့်မား တာကြောင့် အသီးကိုသာ အများစု ပိုမိုသုံးစွဲတယ်လို့ သိရပါတယ်။
အခုလိုဆေးသုံးစွဲမှုတွေနဲ့ ပတ်သတ်ပြီး လေ့လာသုံးသပ်ထားတဲ့ ဒေါက်တာတင့်ဆွေက လူငယ် လူရွယ်တွေ စိတ်ကြွဆေး သုံးစွဲမှုနဲ့ ပတ်သတ်ပြီး သုံးစွဲမှု လွန်ကျူးသွားရင် ဒုက္ခရောက်စေမှုများတဲ့ အကြောင်း ပြောပါတယ်။
WY အသီး Amphetamines စိတ်ကြွဆေးနဲ့ပတ်သတ်ပြီး ဒေါက်တာတင့်ဆွေက “လက္ခဏာတွေကတော့ Psychosis စိတ်မူမမှန်တာ၊ Hallucination သူများမမြင်တာတွေ မြင်နေ၊ သူများမထိတွေ့တာကို ထိတွေ့နေတယ်လို့ထင်တာ၊ Anxiety စိုးရိမ်စိတ်များတာတွေ ဖြစ်မယ်။ ဆေးကြောင့် Hyperthermia အပူချိန်လွန်ကဲတာ၊ Heart arrhythmia နှလုံးခုန်မမှန်တာ နဲ့ Stroke (စထုပ်ခ်) တွေကနေ သေဆုံးနိုင်တယ်။ ရေရှည်မှာ ဘာတွေဆက်ဖြစ်လာသလဲ။ နှလုံးအပေါ် ဒဏ်များလာမယ်။ သွေးဖိအားတက်မယ်။ နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ ပိုပြီးရလမ်းများစေတယ်” လို့ ဆိုပါတယ်။
Ice လို့ခေါ်တဲ့ Methamphetamine စိတ်ကြွဆေးနဲ့ ပတ်သတ်ပြီးတော့ ၎င်းက“ ဒါနဲ့ ပတ်သက်တဲ့ စိတ်ပိုင်း သက်ရောက်မှု တွေကတော့ ကောင်းတာတွေကို ထင်မြင်နေမယ်။ အစပိုင်းလေးမှာ လိင်စိတ်များစေမယ်။ အာရုံစိုက်မှုများမယ်။ ကိုယ့် ကိုယ် ကို အထင်ကြီးနေမယ်။ လူထဲ အတင်း လိုက်ရောမယ်။ စိတ်တိုမယ်။ ကြမ်းတမ်းမယ်။ ဆံပင်ကို ဆွဲနေမယ်။ အရေ ပြား ဆိတ်နေမယ်။ သူများ မမြင်၊ မကြားတာတွေကို မြင်ကြားနေမယ်။ သူ့မှာ ပါဝါတွေ ရှိနေတယ်လို့ ထင်နေမယ်။ ရုပ်ပိုင်း ပြောင်းလဲလာတာတွေကတော့ အစာမစားချင်၊ တက်ကြွနေမယ်၊ အရေပြားနဲ့ မျက်နှာနီရဲ နေမယ်၊ ချွေးထွက် များမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ ရင်တုန်မယ်၊ နှလုံးခုန် မြန်မယ်-နှေးမယ်၊ နှလုံးခုန် မမှန် ဖြစ် မယ်၊ အသက်ရှူမြန်မယ်၊ သွေးဖိအား တက်မယ်-ကျမယ်၊ ဝမ်းပျက်မယ်၊ လက်တုန်မယ်၊ အရေပြားယားမယ်၊ ဝက်ခြံ ထွက်မယ်၊ ဖြူဖတ်ဖြူရော်နေမယ်၊ တက်မယ်၊ နှလုံး (အတက်) ရမယ်၊ သေမယ်” လို့ ဆိုပါတယ်။
စိတ်ကြွဆေးတွေရဲ့ အန္တရာယ်နဲ့အတူ သင်္ကြန်မှာ အရက်သုံးစွဲသူတွေအတွက်လည်း သတိထားရမယ့် အန္တရာယ်က အပူ ဒဏ် ပါ။ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းအဆင့် ၁၀ ကျော်နေပြီဖြစ်ပြီး မနှစ်ကအမြင့်ဆုံးရောက်ခဲ့တဲ့ ညွှန်းကိန်း အဆင့် ၁၅ နဲ့ ၁၆ ကိုကျော်သွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က မကြာသေးခင်ကမှ သတိပေး ထားပါတယ်။
ဒီနှစ်သင်္ကြန်က အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အန္တရာယ်များလွန်းလှပါတယ်။ အရက်သောက်သုံး သူတွေ အနေနဲ့ လည်း နေပူပူ၊ရေစိုစိုမှာခရမ်းလွန်ရောင်ခြည် အန္တရာယ်တွေကို အထူးဂရုပြုရမှာပါ။ ဒီလို မူးယစ်၊အရက် သုံးစွဲမှု တွေနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ရမ်းကားမှုတွေ မဖြစ်ဖို့ နဲ့ ထိန်းသိမ်းဖို့ သက်ဆိုင်ရာက သတိပေး ညွှန်ကြား ချက် ရှိတယ်လို့ သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်ရတဲ့သူတွေက ပြော ပါ တယ်။
Project X ရေကစား မဏ္ဍပ်တာဝန်ခံ မဆုပြည့်အောင်က “မဏ္ဍပ်တွေမှာ စဆောက် ဆောက် ကတည်းက အပေါ်မှာ ဘား တွေ ဘာတွေ မထားဖို့ စည်းကမ်းသတ်မှတ်တယ်။ လုံခြုံရေးက ဂိတ်ဝတွေမှာ တာဝန်ရှိရဲတွေအပြင် အပေါ်အောက် လုံခြုံ ရေး ကင်မရာတွေ အကုန်ဆင် ထားတယ်ပေါ့။တနေ့တာ ပြီးတိုင်း ကျမတို့ ကင်မရာတွေနဲ့ရိုက်ထားတဲ့ အခွေကို မြို့တော် ခန်းမ ကိုသွားပေးရပါတယ်။ မဏ္ဍပ်ပိတ်တာနဲ့ပေါ့။ လုံခြုံရေးနဲပတ်သတ်ပြီးတော့ သူတို့ကလည်း နေ့တိုင်းလာစစ် ကြ တယ်။ မဏ္ဍပ်ပေါ်တက်ပြီးစစ်တာပေါ့။ အခွေကိုကြည့်ပြီး မသင်္ကာတာတို့ ဘာတို့ရှိရင် သူတို့ ပြန်လာစစ်တယ်” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ သင်္ကြန်ကာလမှာ မူးယစ်ဆေးဝါးသုံးစွဲမှု မလုပ်ဖို့ အသိပညာပေး ဟောပြောပွဲတွေ လုပ်နေတာရှိပေမယ့် ဒီဟောပြောပွဲတွေက လူငယ်တွေရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေကို တားဆီးနိုင် မယ့်အခြေအနေတော့မရှိပါဘူး။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ညိုညိုသင်းက “နိုင်ငံတော် အနေနဲ့လည်း မူးယစ်ဆေးဝါး ကာကွယ် တားဆီးမှု လုပ်ငန်းတွေကို မဖြစ်မနေ သင်္ကြန်အတွင်းမှာ ဆောင်ရွက်သင့်တယ်ပေါ့။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ကတော့ ဒါနဲ့ပတ်သတ်ပြီး ဘာတွေ ဆောင်ရွက်ထားလည်း အန်တီမသိဘူးပေါ့။အန်တီတို့ လွှတ်တော်ကိုယ်စား လှယ် တွေကိုလည်း ပြောဆိုထားတာမရှိဘူး” လို့ ဆိုပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် သင်္ကြန်တွင်းမှာ အစဉ်အလာတခုလိုဖြစ်လာတဲ့ အရက်၊ဘီယာနဲ့ မူးယစ်ဆေးသုံးစွဲမှုတွေဟာ ရှိနေဦး မှာပါပဲ။ ဒါတွေနဲ့အတူ နောက်ဆက်တွဲ ရမ်းကားမှုတွေ၊ပြသနာတွေကလည်း ရှိလာနေဦးမှာပါပဲ။သင်္ကြန်ဟာ မူးယစ် ရမ်းကားမှု တွေကြောင့် ရုပ်ပျက်လာရတာနဲ့ပတ်သက်ပြီး သင်္ကြန်ကို စိတ်ကုန်လာကြတဲ့ လူငယ်တွေတောင် ရှိကုန်ပါပြီ။
နိုင်ငံခြားသင်္ဘောလိုင်း ကုမ္ပဏီတခုမှာ အလုပ်လုပ်နေတဲ့ အသက် ၁၈နှစ်သာရှိသေးတဲ့ မတင်ထက်ပိုင်က သင်္ကြန်ကို အခုလို ပြောလိုက်ပါတယ်။
သူက “အခုနောက်ပိုင်း သင်္ကြန်မှာ ပျော်ကြတဲ့ တချို့အပျော်တွေက စည်းလွတ်ဝါးလွတ်တွေ ဖြစ်ကုန်တတ်ကြတယ်။ လုပ်ချင်တာ လုပ်ဖို့ အခွင့်အရေးကြီးတခု ရထားသလိုပဲ။ မဏ္ဍပ်တွေကလည်း ရေစိုနေတဲ့ ကလပ်တွေပဲ။ ဘာမှမထူး တော့ဘူး။ လူငယ်တယောက်အနေနဲ့ ပျော်ချင်တာ သဘာဝပါ။ ဒါပေမယ့် ပျော်ပါးတာ ထက်ကျော် ပြီး အနှစ်သာရမရှိ ရမ်းကား တာတွေ စည်းကမ်းမရှိတာတွေ တွေ့ရရင် သင်္ကြန်ရေ မစိုဘူးပဲပြောပြော ကိုယ့်ဘာသာ အိမ်ထဲမှာပဲ နေနေ တာကမှ ပိုစိတ်ချမ်းသာ တယ်လို့ စဉ်းစားမိတယ်” လို့ ပြောပါတယ်။