ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ ကျောင်းသားသပိတ် ဖြိုခွင်းမှု၌ ဖမ်းဆီးခံထားရသည့် ကျောင်းသား၊ ကျောင်းသူနှင့် ဝန်းရံ ပြည် သူ များသည် အမှုပေါင်း ၅၀ ခန့်ဖြင့် တရားစွဲခံရနိုင်ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံထားရသူ စုစုပေါင်း ၇၀ နှင့် အာမခံရရှိထားသူ ၁၁ ဦး စုစုပေါင်း ၈၁ ဦးကို ယနေ့နံနက် ၁၀ နာရီက လက်ပံတန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ အဖမ်းခံနေရသူများ၏ ရှေ့နေအဖြစ် လိုက်လံကူညီပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီသို့ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က “ဒီကနေ့ တရားရုံးက ကျောင်းသားတွေကို ဘာမှမေးတာတော့ မရှိပါဘူး။ သူတို့ ပြောတာကတော့ သပိတ် လမ်းကြောင်းဖြတ်သန်းခဲ့တဲ့ အခြားမြို့နယ်က ပုဒ်မတွေနဲ့ စွပ်စွဲချက်တွေကို စောင့်နေတယ်။ အဲဒီ တော့ ကျောင်းသားတွေက အမှုပေါင်း ၅၀ လောက် စွပ်စွဲခံရမယ့် အနေအထားတော့ ရှိတယ်”ဟု ပြောဆိုသည်။
ကျောင်းသားများ ဖြတ်သန်းခဲ့သည့် မြို့နယ်တိုင်းက အမှုဖွင့်ရန် စီစဉ်လျက်ရှိသဖြင့် မြို့နယ် တခုချင်းစီ၏ တရားရုံးတိုင်းသို့ သွားရောက် တရားရင်ဆိုင်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး ပို၍ စိုးရိမ်ဖွယ် ကောင်းလာကြောင်း ဦးရောဘတ်စန်းအောင်က ပြော သည်။
ထို့အပြင် တတိယအကြိမ်မြောက် ရုံးချိန်းကို လာမည့်ဧပြီ ၉ ရက်တွင် ထပ်မံ ချိန်းဆိုလိုက်သည်ဟုလည်း ဆိုသည်။
ယနေ့ ရုံးချိန်းသို့ ရောက်ရှိလာသည့် ကျောင်းသားမိဘများအပြင် မီဒီယာများကိုပါ အချိန် ၁၀ မိနစ်ခန့် ဖမ်းဆီးခံထားရ သူများနှင့် တွေ့ဆုံ မေးမြန်းခွင့်ပြုခဲ့ရာ လက်ပံတန်း ကျောင်းသားသပိတ်တွင် ရိုက်နှက်ခံရသည့် ကျောင်းသား ကျောင်းသူများက အစိုးရကို ပြန် လည်တရားစွဲဆိုရန် စီစဉ်နေကြောင်း ဖမ်းဆီးခံထားရသည့် ကျောင်းသားသပိတ် ခေါင်းဆောင် တဦးဖြစ်သူ မဖြိုးဖြိုးအောင်က ဧရာဝတီသို့ ပြောသည်။
မဖြိုးဖြိုးအောင်က“ကျမတို့ဘက်က လူကိုယ်တိုင် ထိခိုက်နစ်နာမှုတွေ ရှိတယ်။ အဲဒီအတွက် တရားစွဲဖို့ ရှိတယ်။ ဒီလုပ်ရပ်က ကျမ တို့ တိုင်းပြည် ဒီမိုကရေစီကို သွားနေလား မသွားဘူးလားဆိုတာကို သက်သေပြနေမှာပါ”ဟု ပြောဆိုသည်။
ယနေ့ ရုံးထုတ်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား၊ ကျောင်းသူများကို ၂ ယောက်တတွဲ လက်ထိပ်ခတ်ထားခြင်းနှင့် မိဘ၂ ပါးစလုံး ဝင်ခွင့်မပြုသည့်အပေါ် ကျောင်းသားမိဘများက မကျေနပ်ကြောင်း ဝေဖန်ပြောဆိုပြီး လက်ထိပ်ဖြုတ်ပေးရန် တောင်းဆိုကြ သဖြင့် အချုပ်ကား ပြန်လည်ထွက်ခါနီးအချိန်တွင် အာဏာပိုင်များက လက်ထိပ်များကို ဖြုတ်ပေးခဲ့သည်။
ဖမ်းဆီးခံထားရသည့် ကျောင်းသား ကိုသီဟဝင်းတင်၏ မိခင် အထက်တန်းပြ ကျောင်းဆရာမ ဒေါ်လီလီထွေးက “ပွင့်လင်း မြင်သာ မှု မရှိတဲ့ တရားရုံး၊ တရားသူကြီးနဲ့ အစိုးရ၊ ဦးသိန်းစိန် အစိုးရက ပြောလိုက်ရင်တော့ ပျားသကာလို ချိုနေတာပဲ၊ ကျောင်းသားတွေက အပ်တိုတချောင်းတောင်မရှိ ဘာမှအန္တရာယ်မပြုနိုင်တာကို လက်ထိပ်ခတ် ခေါ်လာတာ လုံးဝ မကျေနပ်ဘူး”ဟု ပြောသည်။
ရုံးချိန်းသိ့ု ရောက်လာသည့် ကျောင်းသား မိဘများနှင့် ဝန်းရံပြည်သူများက “အကြမ်းဖက်မှုရပ်”စာတန်းပါ လက်ပတ် အနက်ရောင် များနှင့် “အကြမ်းဖက်မှု အလိုမရှိ”စာတန်းပါ ဦးထုပ်များ ဝတ်ဆင်ပြီး လက်ပံတန်း တရားရုံးရှေ့တွင် အကြမ်းဖက်များ ရပ်တန့်ရန် ကြွေးကြော်ခဲ့ခြင်းနှင့် ပါဖောမင့် များ ပြုလုပ်ခဲ့ကြသည်။
ဖမ်းဆီးခံရသော ကျောင်းသား ကျောင်းသူ ၇၀ ကို ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေး ပြီး နောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းကို နာကျင် စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲထားပြီး ဖြစ်သည်။
ထို့အပြင် အာမခံရရှိထားသူ ၁၁ ဦးကိုလည်း ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့် ပေးပြီး နောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇ တို့ဖြင့် တရားစွဲဆိုထားသည်။