ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၃ ရက်က ကျင်းပသည့် ဒီမိုကရေစီ ပညာရေး ကျောင်းသား သပိတ် အား အကြမ်းဖက် ဖြိုခွင်းမှု ရှုတ်ချခြင်းအခမ်းအနားသို့ တက်ရောက်ဟောပြောသော နိုင်ငံရေးပါတီတချို့ကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ဧပြီလ ၆ ရက်နေ့တွင် သတိပေးကြောင်း သတင်း ရရှိသည်။
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့(HRDP)က ပုသိမ်မြို့ မြောင်းမြကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် ယင်းအ ခမ်းအနား သို့ တက်ရောက် ဟောပြောမှုဖြင့် သတိပေးခံရသည့် ပါတီများမှာ ဧရာဝတီတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD)၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ၊ ကရင်ပြည်သူ့ ပါတီနှင့် ဒီမိုကရက်တစ် ပါတီ (မြန်မာ)တို့ ဖြစ်ကြောင်း တိုင်းဒေသကြီး ကော်မရှင်၏ ပါတီများသို့ ဆင့်ခေါ်စာအရ သိရသည်။
ဧရာဝတီတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့်က“တိုင်းရဲတပ်ဖွဲ့က ပေးပို့တဲ့ အစီရင်ခံစာထဲမှာ တက်ရောက်ခဲ့တဲ့ ပါတီတွေက စည်းရုံးဟောပြော လှုံ့ဆော်တယ်လို့ ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တိုင်းကော်မရှင်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီ အစီ ရင် ခံခဲ့တယ်။ ပြည်ထောင်စုကော်မရှင် ညွှန်ကြားချက်အရ ပါတီတွေအနေနဲ့ ဆူပူအောင် လှုံ့ဆော်တယ်ဆိုရင် ပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ ထိခိုက်သွားနိုင်တဲ့အတွက် ခေါ်ယူသတိပေးတာလို့ တိုင်းကော်မရှင်က ပြောတယ်”ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီများသည် ဥပဒေနှင့်မညီသော စည်းရုံးလှုံ့ဆော်ခြင်း၊ ဟောပြောခြင်းများ လုပ်ဆောင်ပါက ပါတီရပ်ဆိုင်းသည်အထိ အရေးယူခံရနိုင်ကြောင်း သိရသည်။
သို့သော် ရွေးကောက်ပွဲကော်မရှင်က စွပ်စွဲသကဲ့သို့ နိုင်ငံရေးပါတီများ အနေဖြင့် စည်းရုံးဟောပြောလှုံ့ဆော်သည့် ပုံစံ မလုပ်ဆောင် ခဲ့ကြောင်း ပါတီများဘက်က ပြောဆိုသည်။
ဒီမိုကရက်တစ် ပါတီ(မြန်မာ)သည် အခမ်းအနား တက်ရောက်ခြင်းမရှိဘဲ သတိပေးခံရသည့် ပါတီ စာရင်းတွင် ပါဝင်ခဲ့သလို ကရင်ပြည်သူ့ပါတီမှ အခမ်းအနား တက်ရောက်သူ နာမည်သည်လည်း မှားယွင်းနေကြောင်း၊ ထိုသို့ မှားယွင်းနေသည့် တိုင်း ရဲ တပ်ဖွဲ့၏ အစီရင်ခံစာကို အကြောင်းပြု၍ မိမိတို့ နိုင်ငံရေး ပါတီများကို ခေါ်ယူသတိပေးခြင်းသည် မဖြစ်သင့်ကြောင်း ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်က ပြောသည်။
ဦးဇော်ဝင်းအောင်က“ကျနော်တို့ ပါတီအနေနဲ့လည်း တိုင်းရဲတပ်ဖွဲ့စာထဲမှာ ပါသလို ဆူပူအောင် သွေးထိုးလှုံ့ဆော်တာ ဆိုတဲ့ စကားရပ်တွေ ဟောပြောခဲ့ခြင်း မရှိပါဘူး။ ကျနော်တို့ကို ဖိတ်ကြားလို့ ခင်မင်ရင်းနှီးမှုအရ သွားတက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ တိုင်းကော်မရှင်အနေနဲ့ ကိုယ်ရတဲ့သတင်း မှန်ကန်မှုရှိ၊ မရှိ အတည်ပြုပြီးမှ ဆောင်ရွက်သင့်ပါတယ်”ဟုလည်း ပြောဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတဦးဖြစ်သူ ဦးစိုးဝင်းကမူ“ဒီပါတီက လူတွေကိုခေါ်ပြီး စကားပြော တာပါ။ အခုလည်း လိုအပ်တဲ့ သက်သေအထောက်အထားတွေ ရအောင် စုနေတယ်။ ရလာတဲ့အခါ ကျရင်လည်း တမျိုးတမည် ဖြစ်သွားနိုင်တယ်။ လက်ရှိကတော့ ခေါ်သတိပေးတာ မဟုတ်ပါဘူး။ စကားပြော ဆွေးနွေးတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ပုသိမ်မြို့ မြောင်းမြကျောင်းတိုက်ရှိ ဘဝအလင်းရောင် စာကြည့်တိုက်တွင် ပြုလုပ်သည့် ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွင်း မှု ရှုတ်ချခြင်းနှင့် ဖမ်းဆီးခံရသူများ အကြွင်းမဲ့ ပြန်လွှတ်ရေး တောင်းဆိုပွဲ အခမ်းအနားသို့ ပုသိမ်မြို့ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လူမှုကွန်ရက်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ စာရေးဆရာနှင့် ကဗျာဆရာများ တက်ရောက်ခဲ့ကြပြီး ကျောင်းသားများအား အကြမ်းဖက်မှုအပေါ် သဘောထားအမြင် အသီးသီး ထုတ်ဖော်ပြောဆိုခဲ့ကြသည်။